backup og meta

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 7 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

    မြန်မာနိုင်ငံလိုပူနွေးစိုစွတ်တဲ့ နိုင်ငံမျိုးမှာ လူတိုင်း ဝမ်းပျက်ဝမ်းလျှောဖြစ်ဖူးကြမှာပါ။ ဝမ်းပျက်ဝမ်းလျှောဖြစ်တာဟာ အသေးအဖွဲ ကျန်းမာရေး ပြဿနာတစ်ခုလို့ထင်ရပေမဲ့ တကယ်ဆို အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ဆိုးရွားပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ အကြောင်းကို ပြောပြပေးချင်ပါတယ်။

    သမိုင်းမှာလည်း ကာလဝမ်း‌ရောဂါကပ်ဘေးကို (၇) ကြိမ်တိုင်တိုင် ခံစားခဲ့ရပြီး တစ်နှစ်မှာလူ‌ပေါင်း (၁၂၀,၀၀၀) ခန့်ဟာ Cholera လို့ခေါ်တဲ့ ကာလဝမ်းရောဂါကြောင့် သေဆုံး နေကြရဆဲပါလို့ ကမ္ဘာကျန်းမာရေး အဖွဲ့အစည်း(WHO) က ကြေညာထားပါတယ်။

    ဝမ်းလျှောတာလေးနဲ့ သေသင့်ရဲ့လားဆိုရင်တော့ ဝမ်းလျှောတဲ့အခါ သတိထားလိုက်နာရမယ့် အချက်တွေကို လွဲမှားစွာ သိရှိပြီး လိုက်လံကျင့်သုံးမိရင် အသက်အန္တရာယ်အထိ ရှိလာနိုင်ပါတယ်။

    ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

    ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ ကို  ဖော်ပြပေးလိုက် ပါတယ်။

    (၁) ဝမ်းပိတ်ဆေး မသောက်ပါနဲ့။

    ဝမ်းလျှောတာရပ်အောင်ဆိုပြီး ဆရာဝန် ညွှန်ကြားချက်မရှိဘဲ ဝမ်းပိတ်ဆေး ဝယ်‌သောက်ခြင်းဟာ အလွန်အန္တရာယ်များပါတယ်။

    ဝမ်းလျှောနေတဲ့အခါ အူလမ်းကြောင်းတစ်လျှောက်မှာ ပိုးမွှားတွေ၊ အကျိအချွဲရည်တွေသာမက ပိုးမွှားတွေက ထုတ်ထားတဲ့ အဆိပ်တွေပါ ရှိနေပါတယ်။ ဒါတွေက ဝမ်းနဲ့အတူ အပြင်ကို  ထွက်သွားရမှာပါ။

    ဝမ်းပိတ်ဆေးသောက်လိုက်မယ်ဆိုရင်တော့ အဲ့ဒီလို ထွက်လို့မရ‌အောင် ဝမ်းပိတ်ဆေးက တားဆီးလိုက်ပါတယ်။ ဒါဆိုရင် အူလမ်းကြောင်းထဲမှာ အဆိပ်ဓာတ်တွေ၊ ပိုးတွေက ပိတ်မိကာ ပိုမိုများလာပြီး ခန္ဓာကိုယ်အနှံ့ပျံ့သွားကာ သွေးဆိပ်တက်ခြင်းကြောင့် အသက်ဆုံးရှုံးရနိုင်ပါတယ်။ ဒါကြောင့် ဝမ်းလျှော‌နေစဉ်အတွင်း ဝမ်းပိတ်ဆေးကို ကိုယ့်သဘောနဲ့ကိုယ် လုံးဝလုံးဝ မသောက်သင့်ပါဘူး။

    (၂) စပ်ဆေး ဝယ်မသောက်ပါနဲ့

    ဝမ်းလျှောလို့ နီးစပ်ရာဆေးဆိုင်ကနေ စပ်ဆေးဝယ်သောက်မိတတ်ကြပါတယ်။ စပ်ဆေးမှာ ဆိုရင်တော့ အထက်မှာ ဖော်ပြထားတဲ့ ဝမ်းပိတ်ဆေး ပါလာနိုင်ပါတယ်။

    ဒါ့အပြင် မလိုအပ်ဘဲ ပိုးသတ်ဆေးတွေ ပါလာနိုင်တဲ့အတွက် ဝမ်းလျှောတာပိုဆိုးနိုင်သလို ရေရှည်မှာ ဆေးယဉ်ပါးတာ၊ ပိုးဆိပ်ပျံ့ပြီး သွေးဆိပ်တက်တဲ့အခါ ဆေးမတိုးတော့တာတွေ ဖြစ်စေနိုင်ပါတယ်။

    (၃) ကော်ဖီ နဲ့ အရက်ကိုရှောင်ပါ။

    ဝမ်းပျက်နေချိန် ကာဖင်းဓာတ်ပါတဲ့ ကော်ဖီအပြင် အရက်ကိုလည်း လုံးဝလုံးဝ မသောက်သုံးမိပါစေနဲ့။ ဒီအရာတွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်စေပြီး ဝမ်းလျှောတာကို ပိုဆိုးစေမှာပါ။

    (၄) ဆီကြော်တွေ မစားမိပါစေနဲ့။

    ဆီကြော်ထားတဲ့ အစားအစာတွေဟာ ဝမ်းလျှောတာအပြင် ‌ရေရှည်အနေနဲ့ဆို ကျန်းမာရေးအတွက်လည်း မ‌ကောင်းပါဘူး။

    (၅) လေထစေတဲ့ အသီးအနှံတွေကို တတ်နိုင်ရင် ရှောင်ပါ။

     ဥပမာ၊ ပဲအမျိုးမျိုး၊ ပြောင်းဖူး၊ ပန်းဂေါ်ဖီစိမ်း စတဲ့ အရာတွေကို မစားမိရင် ပိုကောင်းပါတယ်။ အူလမ်းကြောင်းမှာ လေထစေခြင်းဟာ ဝမ်းပျက်တာကို ပိုဆိုးစေနိုင် ပါတယ်။

    (၆) နို့နဲ့ နို့ထွက်ပစ္စည်းမစားသင့်ပါ။

    အချို့သောလူတွေမှာတော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကိုချေဖျက်ဖို့ အင်ဇိုင်းတစ်မျိုး ချို့တဲ့နေတတ်တာကြောင့် နို့သောက်လိုက်မိတဲ့ အခါတိုင်း ဝမ်းလျှောခြင်းကို ရင်ဆိုင်ကြရပါတယ်။ ဒါကြောင့် မိမိရဲ့ ဝမ်းလျှောမှုဟာ ဘာအကြောင်းကြောင့်ဖြစ်မှန်း မသိရင်တော့ နို့နဲ့ နို့ထွက်ပစ္စည်းကို‌ ရှောင်ထားတာ အကောင်းဆုံးပါ။

    (၇) လေ့ကျင့်ခန်း မလုပ်ပါနဲ့။

    ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်မှာ အရည်ဓာတ်ဆုံးရှုံးမှုပမာဏ များတာကြောင့် ချွေးထွက်များစေမယ့် အပြုအမူမျိုးကို မဖြစ်မနေ ရှောင်ကြဉ်သင့်ပါတယ်။ အရည်ဓာတ်ဆုံးရှုံးမှုများတဲ့ အခါ ရှော့ခ်ရပြီး အသက်သေဆုံးသည်အထိ ဖြစ်သွားနိုင်ပါတယ်။

    ဒါကြောင့် ဝမ်းလျှောပြီဆိုရင် ဖော်ပြပါ အချက်တွေကို မလုပ်မိဖို့ အလွန်အရေးကြီးပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကိုသာ လိုက်နာကျင့်သုံးပါ။

    ရေးသားသူ- ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 7 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement