backup og meta

ဒါတွေက ဗိုက်ပွ စေနိုင်တာ သင်သိရဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 13/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒါတွေက ဗိုက်ပွ စေနိုင်တာ သင်သိရဲ့လား

    ဗိုက်ပွ ၊လေပွတယ်ဆိုတာ ဘယ်လောက်နေရခက်တယ်ဆိုတာ ခံစားဖူးတဲ့သူတွေပဲသိပါတယ်။ အခန့်မသင့်ရင် လေထိုးလေအောင့်တာတွေလည်း ထဖြစ်နိုင်ပါသေးတယ်။ ရေတောင်သိပ်မသောက်ရဲဘဲ အီလည်လည်နဲ့ ဗိုက်ကယ်နေတတ်တာပါ။ ဆိုးဆိုးဝါးဝါးမဟုတ်ပေမယ့် မသိမသာဝေဒနာလေးတွေကနေ နေလို့မကောင်းဖြစ်စေတာလေ။

    ဒီလို ဗိုက်ပွဝေဒနာဖြစ်လွယ်စေတဲ့ အစားအစာတွေကိုတော့ သိထားသင့်တယ်မဟုတ်လား။ အထူးသဖြင့် အစာမကြေဖြစ်လွယ်၊ လေထိုးလေအောင့်လွယ်၊ လေပွလွယ်၊ ရင်ပြည့်ရင်ကယ်ဖြစ်လွယ်တဲ့သူတွေအတွက် အသုံးဝင်မှာပါ။ သူတို့မှာ အရေးပါတဲ့ အာဟာရဓာတ်တွေပါဝင်တာမို့ အပြီးရှောင်ရမှာမဟုတ်ပေမယ့် ကိုယ့်အစာအိမ်အခြေအနေကို ချင့်ချိန်ပြီး ဉာဏ်ရှိသလိုစားသုံးနိုင်ဖို့ပြောပြပေးမှာဖြစ်ပါတယ်။

    ဗိုက်ပွ စေနိုင်တဲ့ အစားအစာ (၈) မျိုး

    (၁) ပန်းသီး

    ပန်းသီးမှာ sorbitol လို့ခေါ်တဲ့ သဘာဝသကြားဓာတ် ပါဝင်ပါတယ်။ တချို့လူတွေရဲ့ ခန္ဓာကိုယ်က ဒီဓာတ်ကို ကောင်းကောင်းမစုပ်ယူနိုင်တဲ့အခါ လေပွတာတွေ ဖြစ်လာနိုင်တယ်။

    (၂) ဘလက်ဘယ်ရီသီး

    ဘလက်ဘယ်ရီသီးကို  ဒီတိုင်းလည်း စားတယ်၊ ဖျော်သောက်တယ်၊ မုန့်ထဲထည့် လုပ်တယ်၊ အသီးခြောက်အနေနဲ့လည်း ပုံစံအမျိုးမျိုးစားကြပါတယ်။ သူ့ရဲ့သဘာဝသကြားဓာတ်က အချိုလျှော့စားချင်သူတွေအတွက် အဆင်ပြေတယ်ဆိုပေမယ့် အူအတွက်တော့ အမြဲတမ်းမကောင်းပါဘူး။ Sorbitol ကို စားသုံးလိုက်တဲ့အခါ ဒီသကြားဓာတ်ကို ချေဖျက်ဖို့ ပြဿနာရှိတဲ့သူတွေမှာ လေပွတာ၊ ဗိုက်အောင့်တာ၊ လေထိုးလေအောင့်ဖြစ်တာ၊ မအီမသာဖြစ်တာတွေ ခံစားရနိုင်ပါတယ်။

    (၃) ဖရဲသီး

    ချိုအေးတဲ့ ဖရဲသီးမှာ fructose ဆိုတဲ့ သကြားဓာတ်ပါဝင်မှု များပါတယ်။ တစ်ခါတလေမှာ ခန္ဓာကိုယ်က ဒီသကြားကို ချေဖျက်ရခက်တဲ့အခါ ရှိနိုင်ပါတယ်။ အဲဒီအချိန် လေပြဿနာဖြစ်လာနိုင်ပါတယ်။  ဒါကြောင့် လူကြီးတွေက ဖရဲသီးကို လေစာလို့ ခေါ်တာပါ။ ဖြစ်ခဲတယ်ဆိုပေမယ့် fructose intolerance လို့ခေါ်တဲ့ သကြားဓာတ်ကို ခန္ဓာကိုယ်က လက်မခံနိုင်တဲ့ပြဿနာက မျိုးဗီဇနဲ့ဆိုင်ပါတယ်။ ဒီပြဿနာရှိတဲ့သူတွေက fructose ကို စားသုံးတဲ့အခါ လေပွ၊ လေအောင့်ဖြစ်စေနိုင်ပါတယ်။

    (၄) ရှီတာကီမှို

    လူကြိုက်များကြတဲ့ ရှီတာကီမှိုကြောင့် လေပြဿနာနည်းနည်း ဖြစ်စေနိုင်ပါတယ်။ သူ့မှာပါတဲ့ သဘာဝသကြားဓာတ် mannitol ကြောင့်ပဲ ဖြစ်ပါတယ်။ နည်းနည်းလောက်စားတာ ဘာမှမဖြစ်ပေမယ့် စားတာများရင် လေပွစေနိုင်ပါတယ်။ ဝမ်းလည်း ပျော့စေနိုင်ပါတယ်။

    (၅) ပဲ

    ပဲကြီးလှော်စားရင် လေလည်မှာကို စိုးရိမ်ကြတယ် မဟုတ်လား။ အူတွင်းဘက်တီးရီးယားတွေကို အာဟာရပေးတဲ့ galacto-oligosaccharides လို့ခေါ်တဲ့သကြားကြောင့် လေပွစေနိုင်တာပါ။ ပဲစားတာများရင် ဗိုက်ပွတာတော့ အမှန်ပါပဲ။

    (၆) ဂေါ်ဖီမျိုးနွယ်

    ဂေါ်ဖီထုပ်မျိုးနွယ်ဝင်တွေက အရသာရှိတယ်၊ အာဟာရဓာတ်စုံလင်တယ်၊ ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ ဒါပေမယ့် တချို့လူတွေမှာ အစာကြေဖို့ ခက်နိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီစတာတွေက တစ်ခါတလေ ဗိုက်ပွစေ၊ ဗိုက်ကယ်စေနိုင်ပါတယ်။

    (၇) မက်မွန်သီး

    မက်မွန်သီးမှာပါတဲ့ သဘာဝသကြားဓာတ် polyols က အူတွင်းဘက်တီးရီးယားတွေအတွက် အဆင်မပြေတဲ့အခါမျိုးမှာ  ပြဿနာရှိနိုင်ပါတယ်။ ဒါ့ကြောင့် သူ့ကိုစားပြီး တစ်ခါတလေမှာ ဗိုက်ပွတာ၊ ဗိုက်အောင့်တာဖြစ်နိုင်ပါတယ်။

    (၈) ပီကေ

    ပီကေဝါးတဲ့အချိန် လေတွေကို မျိုချမိတာကြောင့် ဗိုက်ထဲမှာ လေတွေ ပိတ်မိစေတတ်ပါတယ်။ သကြားမပါတဲ့ Sugar-free ပီကေအမျိုးအစားတွေမှာ  sorbitol နဲ့ xylitol တို့ကို အစားထိုး ထည့်ထားတတ်ကြပါတယ်။ တချို့လူတွေမှာ သူတို့ကြောင့် လေပြဿနာရှိလာနိုင်တယ်။

    ဒီအစားအစာတွေက လူတိုင်းမှာ လေပြဿနာမဖြစ်စေနိုင်ပေမယ့် အစာခြေစနစ်အားနည်းတဲ့သူတွေ၊ သကြားဓာတ်စုပ်ယူနိုင်စွမ်းအားနည်းသူတွေနဲ့ အစာမကြေဖြစ်တတ်သူတွေမှာတော့ ပမာဏဆင်ခြင်စားသုံးသင့်ပါတယ်။ ရောဂါကင်းပြီး ကျန်းမာစေဖို့ ဘယ်အရာမဆိုတော်သင့်ရုံစားပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 13/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement