backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဘာကြောင့် လေပွ နေရတာလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဘာကြောင့် လေပွ နေရတာလဲ။

လေပွ နေတယ်ဆိုပြီး ပြောလိုက်ရင် ရောဂါတစ်ခု၊ အထူးအဆန်းကိစ္စတစ်ခုလို့ ထင်ကြတယ်။ တကယ်တော့ ဗိုက်ထဲမှာ (အစာအိမ်နဲ့ အူလမ်းကြောင်းမှာ) လေဆိုတာက ရှိပြီးသားပါပဲ။ ဒါပေမယ့် ရှိသင့်တာထက် များလာတဲ့အခါ  ဗိုက်ထဲမှာ ခပ်တင်းတင်း ဖြစ်လာမယ်။ လေနာမယ်။ လေချဉ်တက်မယ်။ လေလည်မယ် စသဖြင့် ခန္ဓာကိုယ်က အချက်ပြလာပါတယ်။

လေပွတာက ယာယီပဲ ဖြစ်ပြီး အများအားဖြင့်တော့ အန္တရာယ် မရှိပါဘူး။ လေတက်မယ်၊ လေလည်လိုက်တယ်ဆိုရင် သက်သာသွားတာပါပဲ။ တချို့တွေမှာတော့ ပုံမှန်အတိုင်း လေပမာဏ နည်းနည်းပဲ ရှိနေတာတောင်မှ လေပွတဲ့ ပြဿနာကို ခံစားရတာမျိုးလည်း ရှိပါတယ်။

လေပွ တဲ့အခါ ဘာလက္ခဏာတွေ ခံစားရမှာလဲ။

အူထဲမှာ လေရှိတာက ပုံမှန်ပဲ ဖြစ်ပြီး ဒီလေတွေက အစားအစာတွေကို ဝါးမျိုတဲ့အခါ အတူပါလာပါတယ်။ လေတွေ များလာရင်တော့ အပေါ်ကနေ လေတက်ပြီးပဲ ဖြစ်ဖြစ်၊ အောက်ကနေ လေလည်ပြီးပဲ ဖြစ်ဖြစ် အပြင်ကို စွန့်ထုတ်လိုက်ပါတယ်။

အစာအိမ်ထဲမှာ လေပွတဲ့အခါ ဗိုက်ထဲမှာ ခပ်တင်းတင်း ခံစားရပါတယ်။ တစ်ခါတလေ လေရော၊ စားထားတဲ့ အစားအေသာက်တွေရော ပေါင်းပြီး ပြည့်အင့်တဲ့ ခံစားချက်မျိုး ခံစားရပါတယ်။ တချို့တွေကျတော့ လေပမာဏက ပုံမှန်ပဲ ရှိနေတာတောင် လေပွသလိုမျိုး ခံစားရတတ်ပါတယ်။

တစ်ခါတလေ လေက အောက်ကနေ လေလည်ပြီး ထွက်သွားတတ်ပါတယ်။ ဒီလေက မျိုချမိတဲ့ လေအပြင် အူမကြီးမှာ အစာအိမ်ကက မခြေဖျက်ဘဲ ကျန်နေတဲ့ ကာဘိုဟိုက်ဒရိတ်တွေကို အူမကြီး ဘက်တီးရီးယားက ခြေဖျက်လိုက်တာကြောင့် ထွက်လာတဲ့ လေလည်း ပါပါတယ်။

အူမကြီး ညာဘက် အပေါ်ပိုင်းမှာ လေစုနေရင်တော့ သည်းခြေအိတ်ရောင်သလိုမျိုး လေနာတဲ့ ဝေဒနာ ခံစားရပါတယ်။ ဘယ်ဘက် အပေါ်ပိုင်းဆိုရင်တော့ လေနာတာက ရင်ဘတ်အထိ ပြန့်သွားတာကြောင့် နှလုံးရောဂါနဲ့ မှားတတ်ပါတယ်။

လေပွစေတဲ့ အကြောင်းရင်းများ

ပုံမှန်စားတာသောက်တာကြောင့် ဝင်လာတဲ့ လေက ပမာဏ သိပ်မများလှပါဘူး။ ဒါပေမယ့် ကိုယ်စားတဲ့အစားအစာ၊ စားတဲ့ပုံစံ၊ ရောဂါအခံတွေပေါ် မူတည်ပြီး လေပမာဏ များလာနိုင်ပါတယ်။

လေပွ စေတဲ့ အစားအစာများ

  • ပဲအမျိုးမျိုး
  • သစ်သီး
  • အသီးအရွက်
  • အစေ့အဆန်

ခြုံပြောရရင်တော့ အမျှင်ဓာတ်များတဲ့ အစားအစာတွေပေါ့။ ဒါပေမယ့် အမျှင်ဓာတ်က ဝမ်းမှန်စေပြီး သွေးတွင်းသကြားဓာတ်နဲ့ အဆီဓာတ်ကို ထိန်းချုပ်ပေးတဲ့အတွက် ရှောင်စရာ မလိုပါဘူး။ စားတဲ့ ပမာဏကိုပဲ ချင့်ချိန်ဖို့ လိုပါတယ်။

တခြားစားသောက်မှု ပုံစံများ

  • ကာဗွန်ပါတဲ့ ဖျော်ရည်တွေ (ဥပမာ ဂတ်စ်ပါတဲ့ အချိုရည်၊ ဆိုဒါ၊ ဘီယာ)
  • မြန်မြန်စားတတ်တဲ့ အကျင့်ရှိသူတွေ၊ ပီကေဝါးတဲ့သူတွေ၊ ပိုက်ကနေ စုပ်သောက်တဲ့သူတွေ၊ အစာစားရင်း စကားပြောတတ်တဲ့သူတွေက လေပိုမျိုချမိတတ်ပါတယ်။
  • အမျှင်ဓာတ် ဓာတ်စာဆေးတွေ သောက်သူတွေကလည်း အမျှင်ဓာတ် စားသလိုပဲ လေပွပါတယ်။
  • သကြားအစားထိုး ပစ္စည်းတွေ (ဥပမာ ဆီးချိုသကြားလိုမျိုးတွေက အူမကြီးထဲမှာ လေပွစေတာကြောင့် မကြာခဏ လေလည်စေပါတယ်။)

ရောဂါအခံရှိသူတွေ

  • နာတာရှည် အူရောင်ရမ်းရောဂါရှိသူတွေ
  • အူသိမ်ထဲမှာ ဘက်တီးရီးယား အများအပြားရှိနေတဲ့သူတွေ
  • လက်တို့စ် ဒါမှမဟုတ် ဂလူတန် ဓာတ်မတည့် ပြဿနာ ရှိသူတွေ
  • ဝမ်းချုပ်တတ်တဲ့သူတွေ စတဲ့သူတွေက သူများထက် လေပိုပွနိုင်ပါတယ်။

လေပွ ရောဂါကို ဘယ်လိုစမ်းသပ်စစ်ဆေးပါသလဲ။

များသောအားဖြင့် ထူးထူးခြားခြား စစ်ဆေးစရာ မရှိပါဘူး။ ရောဂါရာဇဝင်ရယ်၊ လူနာရဲ့ စားသောက်ပုံရယ်၊ ဝမ်းဗိုက်ကို စမ်းသပ်တာရယ်လောက်ပါပဲ။ ဒါပေမယ့် လူနာမှာ တခြား လက္ခဏာတွေ (ဥပမာ ပိန်သွားတာ၊ ဝမ်းလျှောတာ၊ ဝမ်းထဲမှာ သွေးပါတာ) ရှိရင်တော့ လိုအပ်တဲ့ ဆေးစစ်မှုတွေ လုပ်ရပါမယ်။

လေပွရောဂါကို ဘယ်လို ကုသနိုင်သလဲ။

တော်တော်များများကတော့ ဆရာဝန်ဆီရောက်လာတဲ့အထိ ဝေဒနာ မဆိုးကြပါဘူး။ လေတက်သွားတယ်၊ လေလည်သွားတယ်ဆိုရင် သက်သာသွားကြပါတယ်။ ရက်တော်တော်ကြာအောင် မသက်သာမှသာ လာပြီး ပြကြတာပါ။ လုပ်ပေးနိုင်တာတွေကတော့

  • စားသောက်မှု ပုံစံပြောင်းလဲတာ

စားတဲ့ အစားအစာရော၊ စားတဲ့ ပုံစံရော ပြောင်းလဲဖို့ အကြံပြုတာပဲ ဖြစ်ပါတယ်။ ဥပမာ ပြောရရင်

-လတ်တလောမှာ လေပွ စေတဲ့ ပဲတွေ၊ အသီးအရွက်စားတာတွေကို ခဏနားထားပြီး သက်သာလာမှ ပြန်စားခိုင်းတာ

-နို့နဲ့ နို့ထွက် ပစ္စည်းတွေ ခဏရှောင်ခိုင်းတာ (အထူးသဖြင့် လက်တို့စ်ပါတဲ့ အရာတွေ)

-သကြားအစားထိုး ပစ္စည်းတွေ ခဏဖြတ်ခိုင်းတာ

-ဆီကြော်တွေ၊ အဆီများတာတွေ ရှောင်ခိုင်းတာ

ကာဗွန်ပါတဲ့ ဖျော်ရည်တွေ (ဥပမာ ဂတ်စ်ပါတဲ့ အချိုရည်၊ ဆိုဒါ၊ ဘီယာ) ရှောင်ခိုင်းတာ

-အမျှင်ဓာတ် ဓာတ်စာဆေးတွေ သောက်နေရင် ခဏရပ်ထားတာ

-ရေများများသောက်ခိုင်းတာ

-အစားကို နည်းနည်းစီ ခွဲစားခိုင်းတာ

-သေချာကြေညက်အောင် ဝါးပြီးမှ မျိုချခိုင်းတာ၊ စားနေတုန်း စကားမပြောဘဲ နေတာ

-လတ်တလောမှာ ပီကေဝါးတာ၊ စုပ်လုံးစားတာ၊ ပိုက်နဲ့ စုပ်သောက်တာ စတာတွေ ခဏရှောင်ခိုင်းတာ

-ဆေးလိပ်ဖြတ်ခိုင်းတာ

-လေ့ကျင့်ခန်းပုံမှန်လုပ်ခိုင်းတာ

-အံကပ်တွေကို စနစ်တကျ တပ်ခိုင်းတာ စတာတွေပဲ ဖြစ်ပါတယ်။

ဆေးဝါးတွေ အနေနဲ့ကတော့

-Simethiconeပါတဲ့ လေဆေးတွေ

-လက်တို့စ်မခြေဖျက်တဲ့သူဆိုရင် Lactase supplementတွေ

-ပဲနဲ့ အသီးအရွက်တွေကို ကောင်းကောင်း ချေဖျက်နိုင်ဖို့ Alpha-galactosidaseတွေ ပေးလေ့ရှိပါတယ်။

Takeaways


လေပွတာက ကြီးကျယ်တဲ့ ပြဿနာမဟုတ်ပေမယ့် ခံစားရတဲ့ ဝေဒနာကတော့ ပြင်းထန်ပါတယ်။ တချို့ဆို သာမန် ဗိုက်ကယ်ရုံတင် မဟုတ်ဘဲ လေထိုးပြီး ဆူးအောင့်နေတာကြောင့် နေ့စဉ် အလုပ်တွေကိုပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်က သူများထက် လေပွလွယ်သူဆိုရင် အပေါ်က ဆောင်ရန် ရှောင်ရန်တွေကို သေချာလိုက်နာသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement