backup og meta

အူပိတ် ရင် ဘာလက္ခဏာတွေ ခံစားရမှာလဲ။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အူပိတ် ရင် ဘာလက္ခဏာတွေ ခံစားရမှာလဲ။

    သင့်ဗိုက်ထဲမှာ ရှိတဲ့ အူအခွေလိုက်ကို ဖြန့်ကြည့်ရင် ၂၅ပေလောက်ရှိပါတယ်။ တစ်နေ့ တစ်နေ့ စားသောက်သမျှ အစားအစာတွေက အူကို ဖြတ်ပြီး နောက်ဆုံး မစင်အနေနဲ့ ထွက်သွားတာပါ။ ဒါပေမယ့် တစ်ခါတစ်လေ ဒီအစာတွေ အပြင်ကို ပြန်မထွက်နိုင်တဲ့အခါမျိုးလည်း ရှိပါတယ်။ ဥပမာ အူပိတ် နေတယ်ဆိုရင်ပေါ့။ ဒီလောက် ရှည်လျားလှတဲ့ အူလမ်းကြောင်း တလျှောက်မှာ ဘယ်နားကနေ ဘယ်လိုများ အူပိတ်မှာလဲ။

    အူပိတ်တဲ့အခါ ပိတ်တဲ့နေရာ ပေါ်လိုက်ပြီး လူနာက ခံစားရတဲ့ လက္ခဏာတွေ မတူပါဘူး။ အူသိမ်ပိုင်းဆို လက္ခဏာက တစ်မျိုး၊ အူမကြီးဆို လက္ခဏာက တစ်မျိုး ခံစားရပါတယ်။

    အူပိတ်တာက ကြောက်စရာကောင်းလားဆိုတော့ အူပိတ်တာကြာလာတာနဲ့အမျှ အူထဲက စားကြွင်းစားကျန်တွေ၊ အညစ်အကြေးတွေက ရှေ့လည်း မတိုး၊ နောက်လည်း မဆုတ်နိုင်ဘဲ တဖြည်းဖြည်းများလာပြီး အူပေါက်တတ်ပါတယ်။ ဒါဆိုရင်တော့ အရေးပေါ်အခြေအနေပါ။ အချိန်မီ မကုသနိုင်ရင် အသက်ဆုံးရှုံးသွားနိုင်ပါတယ်။

    ဒါကြောင့် အူမပေါက်ခင် အူပိတ်ကတည်းက စောစောသိအောင် လက္ခဏာတွေကို သိထားဖို့ လိုပါတယ်။

    အူပိတ် တဲ့အခါ ဘာလက္ခဏာတွေ ခံစားရမှာလဲ။

    အူပိတ်တဲ့အခါ လက္ခဏာတွေကတော့ အမျိုးမျိုးပါပဲ။ အများစုက အူပိတ်မှန်း သိသိသာသာ မခွဲခြားနိုင်ပါဘူး။

    • လေပွမယ်
    • ဗိုက်အောင့်မယ်
    • အစားအသောက်ပျက်မယ်
    • ပျို့မယ်
    • အန်မယ်
    • ဝမ်းချုပ်မယ်
    • လေမလည်နိုင်ဘူး
    • တစ်ခါတစ်လေ ရင်ခေါင်းတောင့်၊ ရင်ခေါင်းအောင့်မယ်။
    • တစ်ခါတစ်လေ ဝမ်းလျှောမယ်
    • ဗိုက်ထဲမှာ ဆွဲညှစ်ထားသလို နာမယ်
    • ဗိုက်မှာ အလုံးစမ်းမိမယ် စတဲ့ လက္ခဏာတွေ ခံစားရမှာပါ။

    လက္ခဏာတွေကို ကြည့်ရင် အူပိတ်တယ်လို့ သိသာစေတဲ့ အချက် မရှိပါဘူး။ ဒါကြောင့် တော်တော်များများက စောစော မသိဘဲ အူပေါက်ခါနီးမှ ဆေးရုံရောက်လာကြတာပါ။ ဒါပေမယ့် ဒီလက္ခဏာတွေ ဖြစ်တာကြာနေပြီဆိုရင်တော့ မပေါ့သင့်ပါဘူး။ ဆေးရုံသွားပြီး စစ်ဆေးကြည့်လိုက်တာ စိတ်ချရပါတယ်။

    ဒီလက္ခဏာတွေထဲမှာမှ ပိတ်တဲ့ အူပေါ်မူတည်ပြီး လက္ခဏာတွေက နည်းနည်းကွာပါတယ်။ အူသိမ်မှာ ပိတ်ရင်တော့ ပါးစပ်နဲ့ နီးတဲ့အတွက် လူနာက အန်တဲ့လက္ခဏာ စပြမှာပါ။ အူမကြီးဆိုရင်တော့ လူနာက ဝမ်းအရင်ချုပ်မှာပါ။

    အူက လုံးဝပိတ်သွားရင်တော့ လေရော ဝမ်းရော ချုပ်သွားမှာပါ။ သိပ်မပိတ်ဘူးဆိုရင်တော့ လေလည်နိုင်မယ်။ ဝမ်းပျော့ပျော့သွားနိုင်ပါမယ်။ ဒါက ယေဘုယျအားဖြင့်တော့ မှန်တဲ့အချက်တွေပါပဲ။

    အူပိတ်တာကို သတိမထားမိရင် နောက်ဆက်တွဲတွေက

    အူပိတ်တာကို မသိလိုက်လို့ အသိနောက်ကျခဲ့ရင်

    • အူပေါက်နိုင်ပါတယ်။

    အူပိတ်နေတဲ့အတွက် အစာတွေက အူနံရံကို ဖိလာပါတယ်။ ကြာလာတာနဲ့အမျှ အူနံရံက ပုပ်ပြီး ပျော့လာတဲ့အတွက် အူပေါက်တတ်ပါတယ်။

    • ပိုးဝင်နိုင်ပါတယ်။

    အူပေါက်ရာက ထွက်လာတဲ့ အညစ်အကြေးတွေ၊ ဘက်တီးရီးယားတွေက ဝမ်းခေါင်းအမြှေးပါးကို ရောင်ရမ်းစေပါတယ်။ ဒါကို peritonitisလို့ ခေါ်ပါတယ်။ ဒီလိုဖြစ်လာပြီ ဆိုရင်တော့ ဗိုက်တစ်ပြင်လုံးက ကျောက်ပြင်ကြီးကို တင်းမာနေပြီး လူနာက သွေးပေါင်တွေ ကျလာပါမယ်။ ဒါဟာ သွေးဆိပ်သင့်တဲ့ လက္ခဏာပါ။ အချိန်မီ မကုဘူးဆိုရင် အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။

    ဘာတွေကြောင့် အူပိတ်နိုင်လဲ။

    ဒါဆို ဘာကြောင့် အူပိတ်လဲဆိုတာ ဆက်ကြည့်ရအောင်။ အူပိတ်တာက ပစ္စည်းတစ်ခုခုနဲ့ ပိတ်တာရှိမယ် ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် အူမလှုပ်တော့လို့ အစာအကြွင်းအကျန်တွေ  အူထဲမှာ စုနေပြီး အူပိတ်သလို ဖြစ်သွားတာမျိုးလည်း ရှိပါတယ်။

    ပစ္စည်းတစ်ခုခုကြောင့် ပိတ်တာ

    ရိုးရိုးလေးပဲ စဥ်းစားကြည့်ရင်တောင်  ဒီလို တစ်ခုခု တစ်ဆို့ပြီး ပိတ်ဖို့က အဝကျယ်တဲ့ အူမကြီးထက်စာရင် အူသိမ်က ပိုဖြစ်နိုင်ပါတယ်။ ပိတ်ရတဲ့ အကြောာင်းတွေကတော့

    • ဝမ်းတွင်းပိုင်းကို ခွဲစိတ်မှု လုပ်ထားတာကြောင့် အမာရွတ်တွေတွယ်ပြီး အူပိတ်တာ
    • အူခေါက်တာ
    • အူကျွံတာ
    • အကျိတ်နဲ့ ပိတ်နေတာ
    • ကလေးတွေမှာဆိုရင် အစေ့တွေ၊ အလုံးတွေ မတော်တဆမျိုချမိတာ
    • အူစွပ်တာ
    • နာတာရှည် အူရောင်ရောဂါ (Crohn’s disease)
    • ရှားရှားပါးပါး သည်းခြေကျောက်က အူမှာ လာပိတ်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

    အူမကြီးမှာတော့ လုံးဝမပိတ်နိုင်တာမျိုး မဟုတ်ပါဘူး။

    • မစင်တုံးတွေ
    • ဝမ်းဗိုက်အောက်ပိုင်းကို ခွဲစိတ်ထားတာကြောင့် အမာရွတ်တွယ်တာတွေ
    • အူမကြီးမှာ အကျိတ်တည်တာ
    • ဘေးက ကင်ဆာကျိတ်က အူမကြီးကို လာဖိတာ (ဥပမာ သားဥအိမ်ကင်ဆာ)
    • အူစွပ်တာ၊ အူခေါက်တာ
    • နာတာရှည်ရောင်ရမ်းမှုကြောင့် အူမကြီးမှာ အမာရွတ်ပြီး ကျဉ်းသွားတာ စတာတွေကြောင့် ပိတ်နိုင်ပါတယ်။

    အူမလှုပ်တော့လို့ ပိတ်သွားတဲ့ အကြောင်းရင်းတွေကတော့

    • ဝမ်းဗိုက်ပိုင်း ခွဲစိတ်မှုလုပ်ထားတာ
    • ပိုးဝင်ရောင်ရမ်းတာ (ဥပမာ အူအတက်ရောင်တာ)
    • ဆေးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်  အူလှုပ်ရှားမှုကို နည်းသွားတာ
    • ခန္ဓာကိုယ်မှာ သတ္တုဓာတ်တွေ မညီမျှတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
    • နောက်ပြီး အူရဲ့ အာရုံကြောကို ထိခိုက်နိုင်တဲ့ ရောဂါတွေ ဖြစ်တဲ့ ပါကင်ဆန်ရောဂါ၊ ဆီးချိုရောဂါနဲ့ သိုင်းရွိုက်ဟော်မုန်း ချို့တဲ့တာကြောင့်လည်း အူလှုပ်ရှားမှုကို ထိခိုက်နိုင်ပါသေးတယ်။

    အူပိတ်စေတဲ့ အကြောင်းရင်းတွေကို ကြည့်ရင်လည်း များသောအားဖြင့် လက္ခဏာမပြတဲ့ ရောဂါတွေ များပါတယ်။ ဒါကြောင့် စောစောမသိကြပါဘူး။ နောက်ပြီး ဝမ်းတွင်းပိုင်းက ရောဂါတွေ ဖြစ်တာကြောင့် ကြိုပြီး ကာကွယ်လို့လဲမရပါဘူး။

    လုပ်နိုင်တာကတော့ အူပိတ်တာရဲ့လက္ခဏာတွေကို သိထားပြီး ဒီလက္ခဏာတွေ ကိုယ့်မှာ နာတာရှည်ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ ပြသဖို့ပါပဲ။ စောစောသိရင် ကုသလို့ရနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement