backup og meta

ဝါတွင်းကာလ ဆီးချိုအာဟာရ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝါတွင်းကာလ ဆီးချိုအာဟာရ

    ဝါတွင်းကာလ ဥပုသ်စောင့်မယ့်သူတွေထဲမှာ ဆီးချိုရောဂါရှိတဲ့ သူတွေလည်း ပါနေမှာပါ။ သာမန်အခြေအနေမှာတောင် ဆီးချိုက တက်လိုက် ကျလိုက် မဖြစ်အောင် မနည်းဂရုစိုက်နေရတာဆိုတော့ ဝါတွင်းကာလဆို ပိုပြီး ထိန်းချုပ်ရခက်မှာပါ။ ဒါကြောင့် ဝါတွင်းကာလမှာရော ဆီးချိုကို ဘယ်လိုထိန်းမလဲ။

    ဆီးချိုသမားတွေမှာ အဓိကပြဿနာက အစားအသောက်ပါပဲ။ အစားအသောက်နဲ့ ဆေးကို သေချာချိန်ညှိမှ ဆီးချိုက ချိန်ခွင်လျှာအလယ်မှာ ငြိမ်နေမှာပါ။ ဆေးကို ဆရာဝန်က ချိန်ညှိပေးနေတာဆိုတော့ အစားအသောက်ထိန်းရမှာ ကိုယ့်တာဝန်ပါ။ ဥပုသ်စောင့်တဲ့အချိန်မှာရော ဘာတွေစားမလဲ။ အာဟာရနဲ့ ဆီးချိုကို ဘယ်လို ချိန်ညှိမလဲဆိုတာ ပြောပြပေးပါ့မယ်။

    ဝါတွင်းကာလ ဥပုသ်စောင့်တဲ့ ဆီးချိုရောဂါရှင်တွေမှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေး အခြေအနေများ

    ဝါတွင်းကာလမှာ ဥပုသ်စောင့်မယ့် ဆီးချိုဝေဒနာရှင်တွေ အနေနဲ့ ပြောင်းလဲလာတဲ့ စားသောက်မှု ပုံစံ၊ စားသောက်တဲ့အချိန်၊ ဇီဝကမ္မဖြစ်စဉ်၊ ဟော်မုန်းတွေကြောင့် အောက်က ပြောတဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

    ဒါတွေ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကတော့

  • ဆီးချိုအမျိုးအစား
  • သောက်သုံးနေတဲ့ဆေး
  • တစ်ဦးချင်းစီရဲ့ ဆီးချိုကျနိုင်တဲ့အန္တရာယ်
  • နောက်ဆက်တွဲရောဂါတွေ ရှိမရှိ
  • တစ်ယောက်ခြင်းစီရဲ့ လူမှုဘဝနဲ့ အလုပ်အကိုင် အခြေအနေ
  • ပြီးခဲ့တဲ့ နှစ်တွေကရော ဥပုသ်စောင့်ဖူးလား။ ဘယ်လိုအခြေအနေ ရှိလဲပေါ် မူတည်ပါတယ်။
  • ဥပုသ်စောင့်စဉ် စားလေ့ရှိတဲ့ အစားအစာများ

    • မနက်စာ (အရုဏ်ဆွမ်း)
    • နေ့လယ်စာ (နေ့ဆွမ်း)
    • အချိုပွဲ
    • ထန်းလျက်၊ ကြံသကာ၊ စတုမဓု
    • အချိုရည်၊ ဖျော်ရည်များ

    ဝါတွင်းကာလ ဥပုသ်စောင့်ချိန်အတွင်း မှီဝဲရမယ့် အစာအာဟာရ

    • စုစုပေါင်း စားသုံးမှု အစာပမာဏ၏

    ၃၀-၄၀% ကို မနက်စာ (အရုဏ်ဆွမ်း)

    ၄၀-၅၀% ကို နေ့လယ်စာ (နေ့ဆွမ်း)

    ၁၀- ၂၀% ကို နံနက် ၉နာရီခန့်တွင် အဆာပြောအဖြစ် ခွဲဝေကာ စားသောက်သင့်ပါတယ်။

    ၄၀-၅၀% ကို ကစီဓာတ်

    ၂၀-၃၀ % ကို အသားဓာတ်

    < ၃၅ % ကို အဆီဓာတ် (အထူးသဖြင့် မပြည့်ဝဆီ) ပါဝင်သော အစားအသောက်များကို စားသုံးပါ။

    • ကစီဓာတ်ညွှန်းကိန်း နည်းသော၊ အမျှင်ဓာတ်များသော အစားအစာများကို နံနက်စာနဲ့ နေ့လယ်စာအဖြစ် စားသုံးပါ။ (ဥပမာ- ဆန်၊ ဂျုံ၊ ခေါက်ဆွဲ၊ ပဲအမျိုးမျိူး၊ ပေါင်မုန့်)
    • ကြေလွယ်သော အစားအစာများ စားပေးပါ။
    • သစ်သီး၊  ဟင်းသီးဟင်းရွက်၊ အရွက်သုပ်များ စားပေးပါ။
    • ထောပတ်၊ ဆီကြော်မုန့် စသဖြင့် ပြည့်ဝဆီများသော အစားအစာများကို လျှော့စားပါ။
    • သကြား၊ ကြံသကာနဲ့ လုပ်ထားတဲ့ မုန့်တွေနဲ့ အချိုတည်းဖြင့်ကို ရှောင်ကြဉ်ပါ။
    • ချက်ပြုတ်သည့်အခါ ဆီအနည်းငယ်သာ သုံးပါ။
    • ကော်ဖီ၊ အချိုရည်များ ရှောင်ကြဉ်ပါ။
    • ရေဓာတ်မခမ်းခြောက်စေရန် ရေများများ သောက်ပါ။

    ဆီးချို အလွန်အမင်း မတက်စေဖို့

    • ညနေဆာမှာစိုးပြီး မနက်ကတည်းက အဝစားတာမျိုး မလုပ်ရပါ။
    • အရင်လိုပဲ ၄ပုံ တစ်ပုံကို ထမင်း၊ ၄ပုံ တစ်ပုံကို အသား သို့မဟုတ် ပဲ၊ ပန်းကန် တစ်ဝက်ကို အသီးအရွက် စားပါ။
    • အဆာခံနိုင်အောင် အသား၊ ပဲ၊ ဥ၊ အသားအရွက် ပိုစားပါ။
    • ရေများများသောက်ပါ။
    • မွန်းလွှဲချိန်မှာ ဆီးချိုကျမှာ စိုးရိမ်ပြီး အချိုရည်တွေသောက်တာ၊ သကြားလုံးတွေ စားတာမျိုး မလုပ်ပါနဲ့။
    • စားဆေး၊ ထိုးဆေးကို ဆရာဝန်အတိုင်း လိုက်နာပါ။

    ဆီးချို ကျလာခဲ့ရင်

    ဥပုသ်စောင့်တဲ့အချိန်မှာ ဆီးချိုကျသွားမလားဆိုပြီး စိုးရိမ်တဲ့သူတွေလည်း ရှိပါတယ်။ အရင်ဆုံး ဆီးချိုကျတဲ့ လက္ခဏာတွေကို ပြောပြပေးပါမယ်။ ဆီးချိုကျပြီဆိုရင်

    • ချွေးထွက်လွန်မယ်
    • အမြင်ဝါးမယ်
    • မူးဝေမယ်
    • ဆာလောင်မယ်
    • နှလုံးခုန်မြန်မယ်
    • ကတုန်ကရင်ဖြစ်မယ်
    • ပင်ပန်းနွမ်းနယ်မယ်

    ဒါဆိုရင်တော့ ဆီးချိုဖောက်ကြည့်ပါ။ ၇၀ မီလီဂရမ်အောက်ဆိုရင် အချိုရည် ၁၅၀စီစီ ဒါမှမဟုတ် ဖန်ခွက်တစ်ဝက်သောက်ပါ။ သကြားလက်ဖက်ရည်ဇွန်း ၃-၄ဇွန်း ဒါမှမဟုတ် ဂလူးကို့စ် ၁၀ ဂရမ် ၂ထုပ်ကို ရေတစ်ဖန်ခွက်နဲ့ ဖျော်သောက်နိုင်ပါတယ်။  ၁၅မိနစ်နေရင် ဆီးချိုထပ်ဖောက်ကြည့်ပါ။

    • ၇၀ အထက်ဆိုရင် ထမင်းစားချိန်ဆို ထမင်းစားပါ။ ထမင်းစားချိန်မဟုတ်ရင် ဘီစကစ်၊ ပေါင်မုန့်၊ သစ်သီး တစ်ခုခု စားပါ။ မွန်းလွဲချိန်ဆို ထန်းလျက်၊ ကြံသကာ၊ သကြားလုံး၊ စတုမဓု စားနိုင်ပါတယ်။
    • ၇၀ အောက်ဆိုရင် ခုနကအတိုင်း တစ်ခေါက်ပြန်သောက်ပြီး ၁၅မိနစ်နေရင် ထပ်စစ်ပါ။ ၇၀အောက်ဆိုရင် နောက်တစ်ကြိမ်ထပ်သောက်ပါ။ ၁၅မိနစ်နေရင် ထပ်စစ်ပါ။ ၃ကြိမ်ဆက်တိုက် သောက်ပြီးတာတောင် တက်မလာဘူးဆိုရင် နီးရာ ဆေးရုံ၊ ဆေးခန်းကို သွားပါ။

    တခြားလိုက်နာစရာတွေ အနေနဲ့

    • ဥပုသ်စောင့်တဲ့ ရက်တွေမှာ တစ်နေ့ကို သုံးကြိမ်ထပ်မနည်း ဆီးချိုစစ်သင့်ပါတယ်။
    • ဥပုသ်စောင့်နေတဲ့အချိန်မှာ ဆေးထိုး၊ ဆေးစား ပုံမှန်လုပ်ပေးပါ။
    • အိပ်ရေးဝဝအိပ်ပါ။
    • ဥပုသ်စောင့်နေတုန်းမှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် စင်္ကြန်လျှောက်လို့ရပါတယ်။ တရားကို ဆက်တိုက်မထိုင်ဘဲ မကြာမကြာတရားဖြုတ်ပြီး စင်္ကြန်လျှောက်ပေးပါ။
    • ဥပုသ်စောင့်ရင်း သွေးချို အလွန်အမင်းကျတာ၊ တက်တာ ဖြစ်လာခဲ့ရင် ဥပုသ်စောင့်တာကို ချက်ချင်းရပ်သင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement