backup og meta

ဆီးချိုဆေး မက်ဖော်မင် သောက်ရင် ကျောက်ကပ်ထိမှာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 19/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုဆေး မက်ဖော်မင် သောက်ရင် ကျောက်ကပ်ထိမှာလား

    ဆီးချိုရောဂါရှင်တိုင်း မက်ဖော်မင် လို့ ပြောလိုက်ရင် မသိသူ မရှိပါဘူး၊၊ တချို့များဆို ဆရာဝန် မညွှန်ဘဲနဲ့တောင် သွေးချိုလေးတက်ပြီဆိုတာနဲ့ မက်ဖော်မင်လေး ဝယ်သောက်ကြတာတောင် ရှိပါတယ်၊၊ မက်ဖော်မင်က အမျိုးအစား ၂ ဆီးချိုရောဂါမှာ ထိပ်တန်းဆေး တစ်လက်ဖြစ်တာကြောင့် စကုပြီဆိုရင် မက်ဖော်မင်နဲ့ စလေ့ရှိပါတယ်၊၊ ဒါပေမယ့် တချို့လူနာတွေက ကိုယ့်ဟာကိုယ်ဆီးချိုရှိနေတာ အကောင်းသား၊ မက်ဖော်မင်လေး ဆွဲသောက်လိုက်တာ ဘယ်လောက်မှ မကြာဘူး၊၊ ကျောက်ကပ်ပျက်ပါရောလားဆိုပြီး ပြောလေ့ရှိပါတယ်၊၊ ဒါက တကယ်ပဲလား၊၊

    မက်ဖော်မင် နဲ့ အမျိုးအစား ၂ ဆီးချိုရောဂါ

    အမျိုးအစား ၂ ဆီးချိုရောဂါမှာ မက်ဖော်မင်က ထိပ်တန်းဆေး ဖြစ်တဲ့အတွက် ဆီးချိုလူနာတော်တော်များများမှာ တခြားသော ခြွင်းချက်မရှိရင် မက်ဖော်မင် စပေးလေ့ရှိပါတယ်၊၊ ဒီကြားထဲမှာလည်း မက်ဖော်မင်နဲ့ ဆီးချိုထိန်းထားနိုင်တယ်ဆိုရင် ဒီဆေးပဲ ဆက်ပေးလေ့ရှိပါတယ်၊၊ ဒီတော့ ဆီးချိုလူနာတွေက မက်ဖော်မင်ကို နှစ်ချီဆွဲသောက်ရလေ့ ရှိပါတယ်၊၊

    မက်ဖော်မင် က ကျောက်ကပ်ထိတတ်သလား၊၊

    မက်ဖော်မင်က ကျောက်ကပ်ကို မထိခိုက်စေပါဘူး၊၊ ဒါပေမယ့် ကျောက်ကပ်ကနေတဆင့် မက်ဖော်မင်ကို ဆီးကနေ စွန့်ထုတ်ပေးပါတယ်၊၊ ဒါကြောင့် ကျောက်ကပ်မကောင်းတဲ့အခါ ခန္ဓာကိုယ်ထဲမှာ မက်ဖော်မင်တွေ ပုံလာပါတယ်၊၊ ဒီကနေမှ ဘေးထွက်ဆိုးကျိုးအနေနဲ့ လက်တစ်အက်စစ်တွေ သွေးထဲမှာ များလာပြီး lactic acidosis လို့ခေါ်တဲ့ နောက်ဆက်တွဲ ပြဿနာကို ဖြစ်စေပါတယ်၊၊ ဒါက အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဒုက္ခဖြစ်စေနိုင်ပါတယ်၊၊

    ဒါဆိုရင် ဘာကြောင့် ကျောက်ကပ်မကောင်းရင် မက်ဖော်မင် ရပ်ရတာလဲ၊၊

    ကျောက်ကပ်မကောင်းတဲ့သူတွေကို မက်ဖော်မင်ပေးလေ့မရှိပါဘူး၊၊ ကျောက်ကပ်မကောင်းတာကြောင့် မက်ဖော်မင်ကို ကောင်းကောင်းမစွန့်ထုတ်နိုင်ခဲ့ရင် အပေါ်မှာ ပြောခဲ့တဲ့ lactic acidosis ဆိုတဲ့ ပြဿနာဖြစ်နိုင်လို့ပါ၊၊

    ဒါကြောင့်လည်း ဆီးချိုလူနာတွေကို ဆေးမပေးခင် ကျောက်ကပ်ဓာတ်စစ်သလို ရက်ချိန်းလာပြရင်လည်း ကျောက်ကပ်ဓာတ်စစ်တာပဲ ဖြစ်ပါတယ်၊၊ ဒါကြောင့် လူနာတွေအနေနဲ့ မိမိကျောက်ကပ် ကောင်းမှန်းမသိ၊ မကောင်းမှန်းမသိ သွေးချိုတက်တိုင်း ကိုယ့်သဘောနဲ့ကိုယ် မက်ဖော်မင် မသောက်ဖို့ လိုပါတယ်၊၊ ရက်ချိန်းမှန်မှန်ပြပြီး ကျောက်ကပ်ဓာတ်စစ်ဖို့လည်း လိုပါတယ်၊၊

    ဒါကြောင့် ခြုံပြောရရင် မက်ဖော်မင်ကြောင့် ကျောက်ကပ်ပျက်တာ မဟုတ်ဘဲ ကျောက်ကပ်မကောင်းတဲ့ လူနာတွေမှာ မက်ဖော်မင် ပေးလို့ မရတာ ဖြစ်ပါတယ်၊၊

    မက်ဖော်မင်သောက်ရင်း ကျောက်ကပ်ပျက်သွားတာ တွေ့ဖူးတယ်၊၊

    ဒီလိုမျိုး ဖြစ်ရတဲ့အကြောင်းတွေကတော့

    • ဆီးချိုရှိတာကို အသိနောက်ကျတယ်၊၊ သိတဲ့အချိန်မှာ ကျောက်ကပ်က ပျက်နေပြီ၊၊ ဒါပေမယ့် ကျောက်ကပ်ကို မစစ်ဘဲ သွေးချိုရှိတာနဲ့ မက်ဖော်မင်ကို ကိုယ့်သဘောနဲ့ကိုယ် သောက်တာ
    • ဆေးခန်းသွားလည်း ဒီဆေးပဲ ပေးတာပဲဆိုပြီး ရက်ချိန်းမှန်မှန်မပြ၊ ကျောက်ကပ်မှန်မှန် မစစ်ဘဲ မက်ဖော်မင်ကို ဆက်သောက်တာ
    • မက်ဖော်မင်ပဲ သောက်ပြီး ဆီးချို သေချာမထိန်းတာကြောင့် ကျောက်ကပ်ပျက်လာတာ စတာတွေကြောင့်ပဲ ဖြစ်ပါတယ်၊၊

    ဒါတွေက မက်ဖော်မင်နဲ့ မဆိုင်ပါဘူး၊၊ နဂိုတည်းက ကျောက်ကပ်ထိနေတာ၊ ဆီးချိုသေချာ မထိန်းတာကြောင့် ဖြစ်လာတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်၊၊ ပြောရမယ်ဆိုရင် ဆီးချိုလူနာတွေမှာ မက်ဖော်မင်လည်း သောက်၊ ဆီးချိုလည်း သေချာထိန်းမယ်ဆိုရင် ကျောက်ကပ်ပျက်မှာကိုတောင် တားနိုင်မှာ ဖြစ်ပါတယ်၊၊

    မက်ဖော်မင်နဲ့ ကျောက်ကပ်ဓာတ်

    ကျောက်ကပ်ဓာတ် Creatinine ကို စစ်ဆေးပြီး ကျောက်ကပ်ရဲ့ အလုပ်လုပ်နိုင်စွမ်းဖြစ်တဲ့ eGFRကို ပြန်တွက်ပါတယ်၊၊ များသောအားဖြင့် eGFR 45 ml/min/1.73m2  တစ်နည်း eGFR 45 အထက်ဆိုရင် ပေးလို့ရပါတယ်၊၊ eGFR 30 ဆိုရင်တော့ မက်ဖော်မင်ကို ရပ်ပါတယ်၊၊  30နဲ့ 45 ကြားဆိုရင်တော့ မက်ဖော်မင် ပမာဏကို လျှော့တာ၊ ကျောက်ကပ်ဓာတ်ကို မကြာခဏစစ်ဆေးတာ၊ လူနာရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်တာ စတာတွေ လုပ်ရပါတယ်၊၊

    ဆီးချိုဆေး မက်ဖော်မင် သောက်ရင် ကျောက်ကပ်ထိမှာလား

    Lactic acidosis ရဲ့ လက္ခဏာများ

    သွေးထဲမှာ lactate ပမာဏတွေ များလာတဲ့အခါ အက်စစ်ဓာတ်ကဲတာတွေ ဖြစ်လာတတ်ပါတယ်၊၊ ဒါက အချိန်မီ မကုသဘူးဆိုရင် အသက်အန္တရာယ်ထိခိုက်နိုင်လို့ သူ့ရဲ့ လက္ခဏာတွေကို သိထားသင့်ပါတယ်၊၊ အထူးသဖြင့် ကျောက်ကပ်ဓာတ် မစစ်ဘဲ ကိုယ့်သဘောနဲ့ ကိုယ် ဆေးသောက်နေတဲ့လူတွေ၊ ရက်ချိန်းမှန်မှန် မပြဘဲ နှစ်ရှည်စွဲသောက်နေတဲ့သူတွေက ပိုသိထားဖို့ လိုပါတယ်၊၊

    သွေးထဲမှာ lactate ဓာတ်တွေများပြီး အက်စစ်ဓာတ်လွန်ကဲတဲ့အခါ

    • သတိမကောင်းတာ
    • အသားနဲ့ မျက်လုံးတွေ ဝါလာတာ
    • အသက်ရှူရခက်လာတာ
    • ရင်တုန်လာတာ
    • ကြွက်သားတွေ နာတာ
    • ဗိုက်အောင့်တာ
    • နုံးပြီး အိပ်ချင်တာ
    • ဝမ်းလျှောတာ
    • ပျို့အန်တာ
    • အစားအသောက်ပျက်တာ
    • ခေါင်းကိုက်တာ စတဲ့ လက္ခဏာတွေကို ခံစားရပါတယ်၊၊ ပိုပြီး သေချာချင်ရင်တော့ သွေးဖောက်ပြီး lactate ဓာတ်ကို စစ်ကြည့်ဖို့ လိုပါတယ်၊၊

    ဆီးချိုရှိတဲ့ လူနာတွေအနေနဲ့ ဒီလိုဝေဒနာတွေ ခံစားနေရပြီဆိုရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို သွားပြီး ကုသမှု ခံယူသင့်ပါတယ်၊၊

    မက်ဖော်မင်နဲ့ ကျောက်ကပ်ထိခိုက်ခြင်း

    မက်ဖော်မင်က ကျောက်ကပ်ထိခိုက်စေတယ်ဆိုတာ မဟုတ်ပါဘူး၊၊ ကျောက်ကပ်ထိနေလို့သာ မက်ဖော်မင် မပေးရတာပဲ ဖြစ်ပါတယ်၊၊
    ဆီးချိုလူနာများအနေနဲ့ ကျောက်ကပ်ဓာတ်ကို မစစ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် မက်ဖော်မင်စမသောက်ဖို့၊ ရက်ချိန်းမှန်မှန်မပြ၊ ကျောက်ကပ်မစစ်ဘဲ မက်ဖော်မင်ကို မသောက်ဖို့ လိုပါတယ်၊၊ မက်ဖော်မင်ပဲ သောက်ပြီး ဆီးချိုမထိန်းဘူးဆိုရင်လည်း ကျောက်ကပ်ထိခိုက်နိုင်တယ်ဆိုတာ သိဖို့ လိုအပ်ပါတယ်၊၊

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 19/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement