backup og meta

ဆီးချိုရောဂါရှိသူတွေကို ထမင်းလျှော့စားခိုင်းရတဲ့ အကြောင်းအရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 19/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရောဂါရှိသူတွေကို ထမင်းလျှော့စားခိုင်းရတဲ့ အကြောင်းအရင်း

    ဆီးချိုရောဂါကို ဆင်းရဲသားရောဂါရယ်လို့ ခေါ်ကြတာရှိတယ်နော်။ စားကောင်းခြင်း မစားရဘူးပေါ့။ ဆန်ဆိုလည်း ဆန်ချောမစားရဘူး။ ဖြစ်နိုင်ရင် ထမင်းလျှော့စားပါလို့ ပြောတာမျိုးတောင် ရှိပါတယ်နော်။ ဒီတစ်ခေါက်တော့ ဆီးချိုရောဂါရှိသူတွေကို ထမင်းလျှော့စားခိုင်းရတဲ့ အကြောင်းလေးကို အတူတူဆွေးနွေးကြရအောင်လား။

    ဆီးချိုရောဂါရှိသူတွေကို ထမင်းလျှော့စားခိုင်းရတဲ့ အကြောင်းအရင်း

    အစားအစာ စားသောက်မှုပုံစံက ဆီးချိုရောဂါရှိသူတွေကို ကျန်းမာနေစေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ သာမန်ကျန်းမာတဲ့ လူတစ်ယောက်အတွက်တော့ ဆန်လိုမျိုး ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့ ပါဝင်တဲ့ အစားအစာတွေက ကျန်းမာစေသလို အင်အားပြည့်စေပေမယ့် ဆီးချိုရောဂါခံစားနေရသူတွေမှာတော့ ဒီလိုမဟုတ်ပါဘူး။

    ဆီးချိုရောဂါရှိသူတစ်ဦး ကျန်းမာစေဖို့ ဒီအချက်တွေ ဂရုစိုက်ပေးဖို့လိုပါမယ်

    ဆီးချိုရောဂါရှိသူတွေက ကိုယ်တွင်းထဲမှာ အင်ဆူလင် လုံလောက်စွာမထုတ်နိုင်သလို အင်ဆူလင်ကို ကောင်းကောင်းအသုံးမချနိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အင်ဆူလင်က သွေးတွင်းသကြားဓာတ်ကို ဆဲလ်တွေထဲကိုဝင်ရောက်စေဖို့နဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်ထုတ်လုပ်တဲ့ ကဏ္ဍမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

    ဆီးချိုရောဂါရှိသူအနေနဲ့ ကျန်းမာနေဖို့ဆိုရင် အစားအသောက်ကို သင့်တင့်မျှတအောင်စားသုံးဖို့လိုသလို သင့်တော်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေလုပ်ဆောင်နိုင်ဖို့လည်း လိုအပ်ပါတယ်။

    ဆီးချိုရောဂါရှိသူတွေက ပုံမှန်အားဖြင့်သွေးတွင်းသကြားဓာတ် မြင့်တက်နေနိုင်ပါတယ်။ ဒီအခြေအနေက သေချာမကုသဘဲ ရေရှည်ထားမယ်ဆိုရင် ခန္ဓာကိုယ်က အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဆီးချိုရှိသူတစ်ယောက်အနေနဲ့ ကျန်းမာနေစေဖို့ဆိုရင်

    • ကျန်းမာရေးနဲ့ ညီညွတ်အောင် ရွေးချယ်စားသုံးတတ်ရပါမယ်
    • နေ့စဉ်ကိုယ်လက်လေ့ကျင့်ခန်း လုပ်ရပါမယ်
    • ဆေးသောက်ရပါမယ်
    • လိုအပ်တဲ့ ကုသမှုကို ခံယူရပါမယ်။

    ကာဗိုဟိုက်ဒရိတ်နဲ့ဆီးချို

    ခန္ဓာကိုယ်ကို စွမ်းအင်ထောက်ပံ့ပေးတဲ့ ပင်မအရင်းအမြစ်တစ်ခုပါ။ ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ ချိုတဲ့အစားအစာတွေက ခန္ဓာကိုယ်အတွက် စွမ်းအင်ကိုထောက်ပံ့ပေးတဲ့ ကာဗိုဟိုက်ဒရိတ်အပြည့်အဝ ပါဝင်နေပါတယ်။ ဆန်၊ ဂျုံ၊ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်းတွေနဲ့ အချိုပါတဲ့ စားစရာတွေကနေ ကာဗိုဟိုက်ဒရိတ်ကိုရနိုင်ပါတယ်။

    ကာဗိုဟိုက်ဒရိတ်ကို အစာခြေစနစ်က သကြားဓာတ်အဖြစ် ဖြိုခွဲလိုက်ပါတယ်။ ဒီသကြားဓာတ်က သွေးထဲကိုရောက်ရှိသွားပြီး အင်ဆူလင်လို့ခေါ်တဲ့ ဟော်မုန်းကို လှုံ့ဆော်ပေးပါတယ်။ အင်ဆူလင်က ဆဲလ်တွေထဲကို အချိုဓာတ်ရောက်ရှိအောင် လုပ်ဆောင်ပေးတာပါ။ ဆဲလ်တွေက အချိုဓာတ်ကို စုပ်ယူလိုက်တာနဲ့ တပြိုင်နက်သွေးတွင်းသကြားဓာတ်က ကျဆင်းသွားပါတယ်။

    ဆီးချိုရှိရင် ထမင်းလျှော့စားပါ

    ဆန်ကနေဖြစ်လာတဲ့ ထမင်းက ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေမှာကတော့ ပြောနေဖို့တောင်မလိုပါဘူးနော်။ ဒါဆို ဆီးချိုရှိနေရင် သွေးတွင်းသကြားဓာတ် မြင့်တက်နိုင်တာကြောင့် ထမင်းကို လုံးဝမစားရတော့ဘူးလားဆိုတော့ မဟုတ်ပါဘူး။ အတန်အသင့်စားလို့ရပါတယ်။

    မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံတော်တော်များများရဲ့ အဓိကအစားအစာတွေက ဆန်ကိုအခြေခံထားတာပါ။ ဒါကြောင့် အဓိကစားစရာကိုက ထမင်းပါ။ ထမင်းကြိုက်တတ်သူတွေကို ထမင်းလျှော့စားပါလို့ ပြောရတာ အဆင်မပြေလှပေမယ့် ဆီးချိုရှိပြီး ကျန်းမာဖို့ဆိုရင်တော့ ထမင်းကို တတ်နိုင်သမျှလျှော့စားပြီး ကျန်းမာတဲ့ အဆီ နဲ့ ပရိုတင်းတို့ကို ပိုစားပေးရပါမယ်။ ဒါမှလည်း ကျန်းမာမှာပါ။

    ဆန်အချောအစား ဆန်လုံးညိုကို စားပေးရင်တော့ ပိုသင့်တော်ပါမယ်။ ဒါ့အပြင် ပေါင်းအိုးနဲ့ချက်ထားတဲ့ ထမင်းထက် ငှဲ့ချက်ထားတဲ့ ထမင်းက ပိုအဆင်ပြေပါတယ်။ ဆန်ချောနဲ့ချက်ထားတဲ့ ထမင်းကို စားသုံးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်မြင့်တက်ပြီး ပန်ကရိယက အင်ဆူလင်တွေကို ပိုထုတ်ပေးရပါတယ်။ ဒီလိုကနေ ကာလရှည်ကြာလာတဲ့အခါ ဆီးချိုရှိသူတွေမှာ နောက်ဆက်တွဲကျန်းမာရေးပြဿနာဝင်ရောက်ဖို့ အခွင့်ရသွားမှာဖြစ်ပါတယ်။

    ထမင်းအမျိုးအစားထက်ပိုပြီး အရေးကြီးတာက ထမင်းပမာဏပါ။ ထမင်းဖြူပဲစားစား၊ ဆန်လုံးညိုပဲစားစား ပမာဏကို ချိန်စားပါ။ ဘယ်လောက်ပဲ ဆီးချိုအတက်နည်းတဲ့ ဆန်ပဲဖြစ်ဖြစ် များများစားရင် တက်မှာ သေချာပါတယ်။ ဆီးချိုမတက်ဘူးဆိုပြီး များများစားရင် များများတက်မှာပါ။ ဒါကြောင့် အမျိုးအစားလည်း အရေးကြီးသလို ပမာဏက ပိုအရေးကြီးတယ်ဆိုတာ သတိထားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 19/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement