backup og meta

သင့်ကလေးငယ်မှာ အမှတ်တစ် အမျိုးအစားဆီးချိုရောဂါရှိနေရင် ဘာတွေလုပ်ရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးငယ်မှာ အမှတ်တစ် အမျိုးအစားဆီးချိုရောဂါရှိနေရင် ဘာတွေလုပ်ရမလဲ

    သင့်ကလေးငယ်မှာ အမှတ်တစ် အမျိုးအစားဆီးချိုရောဂါရှိနေရင် ဘာတွေလုပ်ရမလဲ …. သင့်ကလေးငယ်အတွက် အရေးတကြီးလိုအပ်တဲ့ အင်ဆူလင်ဟော်မုန်းကို ခန္ဓါကိုယ်ကနေ ထုတ်လုပ်ခြင်းမရှိတော့ဘူးဆိုရင် သူလေးမှာ အမှတ်တစ် အမျိုးအစားဆီးချိုရောဂါ ရှိနေပါပြီ။ ဆီးချိုဝေဒနာသည်တယောက်အဖို့ ရှင်သန်နေထိုင်ရတာ မလွယ်ကူပါဘူး။ ဒါကြောင့် အောက်ဖော်ပြပါ ရိုးရှင်းတဲ့ အချက်လေးတွေကို သိထားခြင်းအားဖြင့် သင်ရောသင့်ကလေးအတွက်ပါ ပိုမိုကောင်းမွန်သာယာတဲ့ ဘဝလေးတခုကို ရရှိစေပါလိမ့်မယ်။

    သင့်ကလေးငယ်မှာ အမှတ်တစ် အမျိုးအစားဆီးချိုရောဂါရှိနေရင် ဘာတွေလုပ်ရမလဲ

    သင့်ကလေးငယ်မှာ အမှတ်တစ် အမျိုးအစားဆီးချိုရောဂါရှိနေရင် ဘာတွေလုပ်ရမလဲ ဆိုတော့ –

  • အပြစ်ရှိသလို ခံစားမနေပါနဲ့။
  • ဒါ သင့်အပြစ်မဟုတ်ပါဘူး။”မိသားစုထဲက တယောက်ယောက်မှာ ဆီးချိုရှိလို့ ငါ့သားလေး/သမီးလေးမှာ ဆီးချိုရှိရတာ”၊”ငါမတည့်တာတွေ ကျွေးမိလို့ ငါ့ကလေး ဆီးချိုဖြစ်ရတာ” ဒါမှမဟုတ် “ကလေးစားတတ်သောက်တတ်အောင် ငါသေချာမသင်ပေးမိလို့ ဖြစ်ရတာ” စသဖြင့် လျှောက်တွေးမနေပါနဲ့။ မျိုးဗီဇနဲ့ ပတ်ဝန်းကျင်အခြေအနေတွေကလည်း တစိတ်တဒေသတော့ ပါကောင်းပါ ပါလိမ့်မယ်။

    ဒါပေမယ့် အဆိုပါ အချက်တွေက အမှတ်တစ်အမျိုးအစား ဆီးချိုမဖြစ်စေနိုင်ပါဘူး။ ဆရာဝန်အနေနဲ့ ကလေးရဲ့ နေပုံထိုင်ပုံအသေးစိတ်ကို သိချင်မှ သိနိုင်ပါလိမ့်မယ်။ ဘယ်အချက်တွေက သင့်ကလေးက ဆီးချိုဖြစ်စေသလဲ ဒါမှမဟုတ် ဘယ်လိုကာကွယ်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း အတိအကျ သိချင်မှသိပါလိမ့်မယ်။ ဒါကြောင့် သင့်ကလေးကို ဆီးချိုမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကို သင်မသိတာ ဘာမှမထူးဆန်းတဲ့ ကိစ္စပါ။

    • သူလေးမှာ ရောဂါရှိနေကြောင်း အသိပေးပါ။

    သင့်ကလေးမှာ အမှတ်တစ်အမျိုးအစား ဆီးချိုရောဂါရှိနေပြီဆိုရင် သူလေးကို အသိပေးဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှသာ ဆီးချိုရောဂါကို သင်တို့တတွေ အတူတကွ တိုက်ထုတ်နိုင်ကြမှာ ဖြစ်ပါတယ်။ လုပ်ရမှာက လွယ်ပါတယ်။ ဆီးချိုရောဂါ ဖြစ်လာတာဟာ သားသား/မီးမီးလေးရဲ့ အပြစ်မဟုတ်ကြောင်း ရှင်းပြပါ။ ဒါဟာ ရောဂါတမျိုးမျှသာဖြစ်ပြီး လူတိုင်းခံစားနိုင်ရတဲ့အကြောင်းကို သူသိပါစေ။

    သင့်ကလေးအနေနဲ့ တခြားကလေးတွေနည်းတူ ပုံမှန်အတိုင်း နေထိုင်သွားလာလှုပ်ရှားနိုင်တဲ့အကြောင်း ပြောပြပါ။ ဘောလုံး၊ဘက်စကတ်ဘော၊ဘော်လီဘော ဆော့လို့ရတယ်၊ကျောင်းကို ပုံမှန်အတိုင်း တက်လို့ရတယ်၊အသက်ကြီးလာရင်လည်း ဖေကြီး၊မေကြီးတို့လိုပဲ အလုပ်လုပ်လို့ရတယ် စသဖြင့် သေချာစွာ ရှင်းပြရပါမယ်။ ဦးဦးဆရာဝန်၊တီတီဆရာဝန်ကလည်း သားသား/မီးမီးရဲ့ ရောဂါသက်သာသွားအောင် ကူညီပေးမှာ ဖြစ်တဲ့အတွက် ဘာမှမစိုးရိမ်ဖို့ အသိပေးရပါမယ်။

  • သင့်ကလေးကို ဂရုစိုက်ပါ။
  • ဆီးချိုဝေဒနာရှင်ကလေးငယ်ကို ပြုစုရတာဟာ အတော်လေးတော့ ခက်ခဲပါလိမ့်မယ်။ ကလေးရဲ့ သွေးတွင်းသကြားဓါတ်ပမာဏကို ပုံမှန်စစ်ဆေးပေးရမှာဖြစ်ပြီး ယေဘုယျအားဖြင့် တနေ့ကို ဆယ်ကြိမ်လောက် စစ်ဆေးပေးရပါတယ်။ ဒါမှသာ ကလေးရဲ့ အခြေအနေကို သိနိုင်မှာ ဖြစ်ပါတယ်။ အင်ဆူလင်ကို အချိန်မှန်မှန်ထိုးဖို့၊ပမာဏ မှန်မှန်ကန်ကန်ထိုးဖို့ ဂရုစိုက်ပေးရပါမယ်။ သိချင်တာတွေရှိရင် ဆရာဝန်ကို အားမနာတမ်း မေးမြန်းရမှာဖြစ်ပြီး အရေးကြီးတဲ့ အချက်တွေကို ရေးမှတ်ထားရပါမယ်။

    သင့်ကလေးစားတဲ့ အစားအသောက်တွေထဲကို ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအနှံတွေ ပိုထည့်ပေးပြီး သကြား၊သကြားလုံးနဲ့ ကိတ်မုန့်စတာတွေကို လျှော့ကျွေးရပါမယ်။ သင့်ကလေးစားတဲ့ ပမာဏကို မှတ်သားထားရမှာဖြစ်ပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ဖို့လည်း သင်ပေးရပါမယ်။ သင့်ကလေး လေ့ကျင့်ခန်းလုပ်ချင်စိတ်ပိုများလာအောင်၊မမေ့မလျော့လုပ်မိအောင် သင်ကိုယ်တိုင်လည်း ကလေးနဲ့အတူ လေ့ကျင့်ခန်းဝင်လုပ်နိုင်ပါတယ်။

    ဒါတင်မကသေးပါဘူး။ သင့်ကလေးရဲ့ စိတ်ခံစားမှုအခြေအနေတွေကိုလည်း မပြတ်အကဲခတ်နေရပါမယ်။ ဘာလို့လဲဆိုတော့ သင့်ကလေးအနေနဲ့ ဒေါသထွက်တာ၊စိတ်တိုတာ ဒါမှမဟုတ် အမူအကျင့်ပြောင်းလဲတာတွေ ဖြစ်ပေါ်လာနိုင်လို့ပဲ ဖြစ်ပါတယ်။ သူဟာ တခြားကလေးတွေနဲ့ မတူကွဲပြားခြားနားတယ်လို့ ကလေးအနေနဲ့ တွေးကောင်းတွေးမိ၊ခံစားမိနေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုဝေဒနာရှင်ကလေးငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့လေးတွေဆီ သင့်ကလေးကို ခေါ်သွားပြီး ပါဝင်လှုပ်ရှားပါစေ။ ဒါဆို သင့်ကလေးအနေနဲ့ အထီးကျန်ဆန်ခြင်းကို သိပ်ခံစားရတော့မှာ မဟုတ်ပါဘူး။

    • သင့်ကလေးနဲ့ သင်အနီးကပ်ရှိမနေရင်

    သင့်ကလေးနဲ့ သင်အနီးကပ်ရှိမနေရင်လည်း သူလေးကို ဂရုစိုက်ဖို့ အစီအမံတွေကို ကြိုတင်ဆောင်ရွက်ပါ။ ကလေးရဲ့ လက်ရှိအခြေအနေကို ဖော်ပြပေးနိုင်မယ့် လက်ပတ် ဒါမှမဟုတ် လည်ဆွဲလေး ဆင်ပေးထားပါ။ ကလေးကို ပြုစုစောင့်ရှောက်ဖို့ အကူ/ကလေးထိန်းတယောက်လောက် လိုပါလိမ့်မယ်။ အကူ/ကလေးထိန်းအနေနဲ့ သင့်ကလေးမှာ အမှတ်တစ်အမျိုးအစား ဆီးချိုရှိတယ်ဆိုတာ သိထားရမှာ ဖြစ်တဲ့အပြင် ဆီးချိုနဲ့ပတ်သက်တဲ့ အခြေခံဗဟုသုတရှိဖို့လည်း လိုအပ်ပြီး ကလေးမှာ ပြဿနာတွေ ရုတ်တရက်ပေါ်ပေါက်လာပြီဆိုရင် ဆရာဝန်ကို ဘယ်လိုအကြောင်းကြားရမလဲဆိုတာကိုပါ သိထားရပါမယ်။

    • ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်ဖို့လည်း သင့်ကလေးကို သင်ပေးထားပါ။

    ကိုယ့်ဝမ်းနာကိုယ်သာ အသိဆုံးဖြစ်တာမို့ ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်ဖို့လည်း သင့်ကလေးကို သင်ပေးထားပါ။ သွေးတွင်းသကြားဓါတ်ကို ကျောင်းမှာစစ်ဆေးတတ်အောင်လည်း သင်ပေးထားရမှာပါ။ အစားအသောက်ပုံစံတွေကို ဘယ်လိုပြောင်းလဲရမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သင်ပေးရမှာဖြစ်ပါတယ်။ ကလေးငယ်အနေနဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသုံးသင့်ပြီး ခန္ဓါကိုယ်အလေးချိန်ကို သင့်တော်တဲ့ အနေအထားတခုမှာ ထိန်းထားဖို့အတွက် သကြားလျှော့စားရပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement