ဆီးချိုသွေးချိုအမျိုးအစား (၁) ဆိုတာလည်း အဖြစ်များတာကြောင့် ဆီးချိုသွေးချိုအမျိုးအစား (၁) အကြောင်း ဗဟုသုတ မျှဝေပေးလိုက်ပါတယ်။
ဆီးချိုသွေးချိုအမျိုးအစား (၁) အကြောင်း
ဆီးချိုသွေးချို အမျိုးအစား (၁)က သင့်ရဲ့ကိုယ်ကို အစားအစာတွေဆီက စွမ်းအင်ယူလို့မရအောင် ဟန့်တားတဲ့ နာတာရှည်ရောဂါတစ်မျိုးပါ။ လူရဲ့ ခန္ဓာကိုယ်က အင်ဆူလင် မထုတ်နိုင်တဲ့အခါ ဖြစ်လာပါတယ်။ အင်ဆူလင်က သွေးထဲကရတဲ့ သကြားဓာတ်ကို ထိန်းချုပ်တာကြောင့် မရှိမဖြစ်ကို လိုအပ်ပါတယ်။ ဆီးချိုရှိတဲ့သူတွေက သွေးထဲမှာ သကြားဓာတ်အများအပြားရှိပေမယ့် အင်ဆူလင်မရှိတာကြောင့် ဆဲလ်တွေဆီ အဲဒီသကြားဓာတ်တွေကို အလုံအလောက် မထောက်ပံ့နိုင်ပါဘူး။
ဆီးချိုသွေးချို အမျိုးအစား (၁)က အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေနဲ့ အရွယ်ရောက်ပြီးသူ လူငယ်တွေမှာ အဖြစ်များပါတယ်။ မိန်းမတွေထက် ယောက်ျားတွေမှာ ပိုအဖြစ်များပါတယ်။ အများသောအားဖြင့် အသက် ၁၂ နဲ့ ၁၅ ကြားမှာ စဖြစ်လေ့ရှိပြီး အသက်၃၀ အောက်ကစဖြစ်တာ အများဆုံးဖြစ်ပါတယ်။
ဆီးချိုသွေးချို အမျိုးအစား (၁)ရဲ့ ရောဂါလက္ခဏာတွေကဘာလဲ။
- မကြာမဏ ဆီးသွားခြင်း
- ရေအရမ်းငတ်ခြင်း
- မကြာခဏ ဖျားနာလွယ်ခြင်း
- ကိုယ်အလေးချိန် ကျမြန်ခြင်း
- ပင်ပန်းပြီး အားနည်းသလိုခံစားရခြင်း
ကုသမှုမခံထားတဲ့ ဆီးချိုရဲ့ လက္ခဏာတွေကတော့
- အမြင်မှုန်ဝါးခြင်း၊ မျက်စိကွယ်ခြင်း
- အနာကျက်နှေးခြင်း
- ခြေလက်တွေထုံခြင်း
- ကျောက်ကပ်ပျက်စီးခြင်း
အပေါ်မှာပြထားတဲ့ လက္ခဏာတွေထဲက မပါတာတွေကိုလည်း တွေ့နိုင်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးပါ။
ဘယ်အချိန်လောက် ဆရာဝန်နဲ့တွေ့သင့်လဲ ။
သင့်ကလေးမှာ ဆီးချိုရှိနေပြီလို့ သံသယရှိတယ်ဆိုရင် ဆရာဝန်ဆီကို အမြန်ဆုံးသွားသင့်ပါတယ်။
ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်တဲ့ diabtetic ketoacidosis မှာ ကီတုန်း(ketone)တွေ စုပုံလာပါတယ်။ သွေးထဲမှာ ကီတုန်း (ketone)များခြင်းက သင့်သွေးကို အက်စစ်ဓာတ်ပိုများလာစေပါတယ်။ အဲဒါက ဦးနှောက်အပြင် တခြားအင်္ဂါတွေကိုပါ ထိခိုက်စေနိုင်ပြီး သေဆုံးတဲ့ထိဖြစ်စေပါတယ်။
ဘာတွေက ဆီးချိုသွေးချိုအမျိုးအစား (၁)ကိုဖြစ်စေသလဲ ။
သင့်ဆီမှာ အင်ဆူလင်မရှိခြင်းက အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ Autoimmune ပြဿနာဖြစ်တဲ့အတွက် သင့်ရဲ့ ခုခံအားစနစ်က မုန့်ချိုအိတ်ထဲက ဘီတာဆဲလ်(beta cells )တွေကို ဖျက်ဆီးလိုက်ကြပါတယ်။ ဘာကြောင့် ဒီလိုဖျက်ဆီးတာလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ သေချာမသိရသေးပါ။ ဘာပဲဖြစ်ဖြစ် ဒီလိုဖျက်ဆီးလိုက်တဲ့အတွက် အင်ဆူလင်မထွက်တော့ဘဲ ဆီးချိုရောဂါဖြစ်သွားပါတယ်။
တချို့တွေမှာ အမျိုးအစား ၁ ဆီးချိုဖြစ်စေနိုင်တဲ့ မျိုးဗီဇပါလာပေမယ့် တန်းပြီးတော့ ရောဂါမဖြစ်ကြပါဘူး။ အပြင်ကနေ ဗိုင်းရပ်စ်တစ်ခုခု ကူးစက်ခံရတဲ့အခါ ကိုယ်ခံအားကို လှုံ့ဆော်သလိုဖြစ်ပြီး Autoimmune reactionကြောင့် ဆီးချိုဖြစ်သွားပါတယ်။
ဘာတွေက ဆီးချိုသွေးချို အမျိုးအစား (၁)ကို ပိုဆိုးစေလဲ။
အောက်ပါအချက်တွေလုပ်ရင် သင့်ဆီးချိုက ပိုဆိုးလာမှာပါ။
- အရက်သောက်ခြင်းက သွေးတွင်း သကြားဓာတ်ကို ပိုမြင့်စေပြီး ဆီးချိုကို ပိုဆိုးစေပါတယ်။
- အချိုများတဲ့ အစားအစာတွေကိုစားခြင်း။
- ဆရာဝန်ညွှန်ကြားတဲ့ အင်ဆူလင်ပမာဏထက်ပိုသုံးခြင်းက သကြားဓာတ်ကို အလွန်နည်းသွားစေပြီး ဆိုးကျိုးဖြစ်လာနိုင်ပါတယ်။
- ရေဓာတ်ခမ်းခြောက်ခြင်း
- ရောဂါပိုး ကူးစက်ခံရခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ဘာတွေက ဆီးချိုသွေးချိုအမျိုးအစား (၁) ဖြစ်နိုင်ချေ ပိုများစေလဲ ။
- မိဘ မောင်နှမထဲမှာ ဆီးချိုရှိတဲ့သူပါခြင်း
- ဆီးချိုဖြစ်စေတဲ့ မျိုးရိုးဗီဇပါလာခြင်း
ဆီးချိုသွေးချို အမျိုးအစား (၁)အတွက် စမ်းသပ်မှုတွေက ဘာတွေလဲ။
ဆရာဝန်အနေနဲ့ သင့်ရဲ့ ဆေးကုသမှုမှတ်တမ်းကို တောင်းပြီး ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေအပြင် သွေးထဲကသကြားဓာတ်ကို ပုံစံအမျိုးမျိုးနဲ့ တိုင်းပါလိမ့်မယ်။ အဲဒီစစ်ဆေးမှုတွေထဲမှာ fasting blood glulcose ၊ hemoglobin A1C [HbA1c] test နဲ့ glucose tolerance test တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ဓာတ်နဲ့ သွေးထဲက အဆီဓာတ်ကိုလည်း စစ်ဆေးပါမယ်။
ဆီးချိုသွေးချို အမျိုးအစား (၁)ကို ဘယ်လိုထိန်းချုပ်ရမလဲ ။
- သွေးထဲက သကြားကို ထိန်းချုပ်ဖို့အတွက် စားသောက်နေထိုင်မှုပုံစံကို သတိထားရပါလိမ့်မယ်။
- သင့်ရဲ့ သကြားဓာတ်ကို ဆီးချိုသွေးချိုတိုင်းစက်နဲ့ ပုံမှန်စစ်ဆေးသင့်ပါတယ်။
- အင်ဆူလင်ဆေးကိုလည်း ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း ပုံမှန်ထိုးဖို့ လိုပါတယ်။
- သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ဖို့ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ရပါမယ်။
- ခြေထောက်နဲ့ မျက်လုံးကိုလည်း မကြာခဏစစ်ဆေးသင့်ပါတယ်။
ရေးသားသူ = Kyaw Thura Htun
[embed-health-tool-bmi]