ဆီးချိုသမား ဖြစ်ရတာ မလွယ်ပါဘူး။ သူတို့မှာ ဆီးချိုတက်မှာကြောက်ရ ဆီးချိုကျမှာကြောက်ရနဲ့။ အစားအသောက်တွေ မထိန်းဘဲ စားလိုက်ရင်လဲ ဆီးချိုတွေက မိုးထိုးနေပြန်ပြီ။ ရှောင်မယ် ဘာမှမစားဘူးဆိုပြန်တော့လည်း ဆီးချိုတွေကျလိုက်တာများ မူးလို့။ ဒီနေ့တော့ ဆီးချိုသမားများ ဆီးချိုကျတဲ့အခါ ဖြစ်တတ်တဲ့အကြောင်းကို ပြောပြပေးပါမယ်။ ဆီးချိုကျရင် ရုတ်တရက်မူးဝေပြီး သတိလစ်တတ်တာကြောင့် အချိန်မီမကုနိုင်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုကျတဲ့လက္ခဏာတွေကို သိထားသင့်ပါတယ်။
 
 
 ဆီးချိုသမားများ ဆီးချိုကျတဲ့အခါ ဘယ်လိုခံစားရမှာလဲ။
  လက်ထိပ်ဖောက်ကြည့်လိုက်လို့ သွေးတွင်းသကြားဓာတ် 70mg/dL (3.9mmol/L)အောက်ဆိုရင် ဆီးချိုကျတယ်လို့ ပြောလို့ရပါတယ်။ လက္ခဏာရှိရှိ မရှိမရှိပါ။
 ဆီးချိုကျတဲ့ အစောပိုင်းလက္ခဏာတွေကတော့
      - ကတုန်ကရင်ဖြစ်တာ
  - ခေါင်းမူးတာ
  - ချွေးထွက်တာ
  - ဗိုက်ဆာတာ
  - စိတ်ဆတ်တာ
  - စိတ်ရှုပ်ထွေးတာ
  - ခေါင်းကိုက်တာတွေပဲ ဖြစ်ပါတယ်။
  
    ညဖက်မှာ ဆီးချိုကျခဲ့ရင်တော့
  - ချွေးထွက်များလို့ အဝတ်အစားတွေ၊ အိပ်ရာခင်းတွေချွေးစိုတာ
  - အိပ်မက်ဆိုးတွေမက်တာ
  - အိပ်ရာကနိုးလာရင် နုံးတာ၊ ခေါင်းမကြည်တာတွေဖြစ်တတ်ပါတယ်။
  
   ဆီးချိုကျတာကို အချိန်မီမကုနိုင်ရင်တော့
  - တစ်ကိုယ်လုံးကတုန်ကရင်ဖြစ်ပြီး မလှုပ်နိုင်တာ
  - ကြွက်သားတွေအားပျော့လာတာ
  - စကားလေးလာတာ
  - အမြင်မှုန်ဝါးလာတာ
  - ခေါင်းမူးလာတာ
  - စိတ်ရှုပ်ထွေးလာတာ
  - တက်တာ
  - သတိလစ်တာ
  - အသက်ဆုံးရှုံးတာတွေအထိ ဖြစ်လာနိုင်ပါတယ်။
  
 ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြမလဲ။
  ဆီးချိုကျတာ တစ်ပတ်ကို ခဏခဏဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါပြီ။ ပြပြီး ဆေးပြောင်းတာ၊ ဆေးအတိုးအလျှော့လုပ်တာတွေ လုပ်ရပါမယ်။
 ဘာကြောင့် ဆီးချိုကျရတာလဲ။
  အင်ဆူလင်ထိုးတဲ့သူတွေမှာ ဆီးချိုကျတတ်တာကို သိပေမယ့် သောက်ဆေးသောက်တဲ့သူတွေမှာလည်း တွေ့ရတတ်ပါတယ်။ အဖြစ်များတဲ့အကြောင်းတွေကတော့
    - အင်ဆူလင်အများကြီးထိုးတာ၊ သောက်ဆေးတွေ အများကြီးသောက်တာ
  - အစားလုံလုံလောက်လောက်မစားတာ
  - အစာစားချိန်မမှန်တာ၊ ပုံမှန်မစားတာ
  - အစားကိုလုံလောက်အောင်မစားဘဲ ဒါမှမဟုတ် ဆေးမညှိဘဲ လေ့ကျင့်ခန်းအပြင်းအထန်လုပ်တာ
  - အရက်သောက်တာ စတာတွေပဲ ဖြစ်ပါတယ်။
  
    နောက်ဆက်တွဲဘာဖြစ်နိုင်လဲ။
  ဆီးချိုကျတာကို မကုဘဲထားရင် ဦးနှောက်မှာ သကြားဓာတ်နည်းပြီး သတိလစ်တတ်ပါတယ်။ ဒါကြောင့် ဆီးချိုကျတာကို ချက်ချင်းသိဖို့လိုပါတယ်။ မဟုတ်ရင်တော့
  - တက်တာ
  - သတိလစ်တာ
  - အသက်ဆုံးရှုံးတာတွေအထိ ဖြစ်သွားတတ်ပါတယ်။
  
 အဲ့ဒီမှာသတိထားရမှာက ဆီးချိုကျတာကို အလွန်အကျွံမကုဖို့ပါ။ ဆိုလိုတာက ဆီးချိုကျတယ်။ ကြောက်ပြီး အချိုတွေအများကြီးစားလိုက်တယ်။ ဆီးချိုတွေ မတရားတက်လာတယ်။ ဒီတော့ ပြန်ချတယ်။ ဆီးချိုတွေ အောက်ဆုံးထိပြန်ကျသွားတယ်။ ဒီလို သံသရာမလည်ဖို့ပါပဲ။
 ဘယ်လိုကာကွယ်ကြမလဲ။
  (၁) အစားမစားဘဲနေတာ၊ နောက်ကျမှစားတာမျိုးမလုပ်ပါနဲ့။ အင်ဆူလင်ထိုးတဲ့သူတွေ၊ ဆီးချိုဆေးသောက်တဲ့သူတွေက စားတဲ့ပမာဏ၊ စားတဲ့အချိန်မှန်ဖို့လိုပါတယ်။
 (၂) ဆီးချိုပုံမှန်စစ်ပါ။ တစ်ပတ်ကို ဘယ်နှစ်ကြိမ်စစ်သင့်လဲဆိုတာ ဆရာဝန်နဲ့တိုင်ပင်ပါ။ တချို့တွေက ဆီးချိုကျနေပေမယ့် လက္ခဏာမပြဘဲ ရုတ်တရက် သတိလစ်လို့ လက်ထိပ်ဖောက်ကြည့်မှ သိတာပါ။
 (၃) ဆေးကို ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း သောက်ပါ။ အချိန်မှန်မှန်သောက်ပါ။
 (၄) လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ဆေးကိုချိန်သောက်ပါ။ ဒါမှမဟုတ် အဲ့နေ့မှာ အစားပိုစားပါ။ ဒါမှ လေ့ကျင့်ခန်းလုပ်လို့ ကျလာမယ့် သကြားဓာတ်ကို ကာမိမှာပါ။
   (၅) ပွဲလမ်းသဘင်ရှိလို့ အရက်သောက်ဖို့လိုရင် အမြည်းစားဖြစ်အောင်စားပါ။
 (၆) ဆီးချိုကျတာက ဘယ်အချိန်မှာမဆို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အချိုဓာတ်ပါတဲ့ မုန့်တစ်မျိုးမျိုးကို အမြဲဆောင်ထားပါ။ အထူးသဖြင့် တစ်ယောက်တည်း အပြင်ထွက်တဲ့အခါမှာပါ။
 ဆီးချိုသမားများ ဆီးချိုကျတဲ့အခါ ကိုယ်တိုင်ကုသနိုင်တဲ့ နည်းလမ်းများ
  ကိုယ်ကိုယ့်ကို ဆီးချိုကျတယ်လို့ ယူဆတယ်ဆိုရင် လက်ထိပ်ဖောက်ကြည့်လိုက်ပါ။ ဆီးချိုကျနေတယ်ဆိုရင် အချိုဓာတ်ပါတဲ့ အရည် ဒါမှမဟုတ် မုန့်စားပါ။ အဆီပါဝင်မှုများတဲ့အစားအစာ (ဥပမာ ချောကလက်)က ဒီလိုအချိန်မှာ အသုံးမဝင်ပါဘူး။ ဆီးချိုကျတဲ့လက္ခဏာ ခံစားနေရတယ်။ အနားမှာ ဆီးချိုဖောက်ဖို့ကလည်းမလွယ်ဘူးဆိုရင် ဆီးချိုကျတယ်လို့ပဲ ယူဆပြီး ကုသပါ။ ဆီးချိုပြန်တက်အောင် အလွယ်တကူလုပ်နိုင်တဲ့ နည်းလမ်းတွေကတော့
  - သကြားလုံးစားပါ။
  - သစ်သီးဖျော်ရည် ဒါမှမဟုတ် သကြားပါတဲ့အအေးကို ဖန်ခွက် ၃ပုံ ၁ပုံလောက်သောက်ပါ။
  - သကြား၊ ဂျယ်လီ ဒါမှမဟုတ် ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်းစားပါ။
  - ဂလူးကို့စ်ခဲ ၄ခဲ ဒါမှမဟုတ် ဂလူးကို့စ်ဂျယ် နည်းနည်းစားပေးလို့ရပါတယ်။
  
 စားပြီး ၁၅-၂၀မိနစ်လောက်နေရင် ဆီးချိုပြန်တိုင်းကြည့်ပါ။ 70mg/dlအထက်ဆို အဆင်ပြေပါတယ်။ 70အောက်ဆိုရင် နောက်တစ်ခေါက်ထပ်စားပါ။ နေရတာသက်သာသွားရင် ပုံမှန်အတိုင်းစားပြီး ဆေးထိုး/ဆေးသောက်နိုင်ပါတယ်။ တကယ်လို့ ပြန်တက်မလာဘူးဆိုရင်တော့ နီးရာ ဆေးခန်ကို အမြန်သွားဖို့ လိုပါတယ်။
 Takeaways 
 ဆီးချိုသမားမှန်ရင် ဆီးချိုကျတာကို တစ်ကွေ့ကွေ့မှာတော့ ကြုံရမှာပါ။ ဆီးချိုကျတာကို အချိန်မီမကုရင် ဦးနှောက်မှာ သကြားဓာတ်နည်းလို့ အသက်ဆုံးရှုံးနိုင်သလို မူးလဲပြီး ထိခိုက်ဒဏ်ရာရလို့လည်း အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့ကြောင့် အတူနေမိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ဆီးချိုကျတဲ့ လက္ခဏာနဲ့ အရေးပေါ်ပြုစုနည်းတွေကို သင်ထားပါ။ ဒါမှသာ သင်ဆီးချိုကျလို့ ကိုယ့်ဖာသာကိုယ် မလုပ်နိုင်ဘူးဆိုတဲ့ အချိန်ကျရင် သူတို့က ကူညီပေးမှာပါ။
 
   [embed-health-tool-bmi]