backup og meta

နုနယ်တဲ့ ကလေးငယ်တွေကို COVID-19 ရန်က ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 25/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နုနယ်တဲ့ ကလေးငယ်တွေကို COVID-19 ရန်က ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများ

    ခုနောက်ပိုင်းမှာ လူမမယ်ကလေးလေးတွေ COVID-19 ကူးစက်ခံရတဲ့သတင်းတွေကို မြင်တွေ့ကြားသိနေရပါတယ်။ နုနယ်တဲ့ ကလေးငယ်တွေကို COVID-19 ရန်က ကာကွယ်ပေးဖို့က လူတိုင်းမှာ တာဝန်ရှိပါတယ်။ ဒီတစ်ခေါက်တော့ နုနယ်တဲ့ ကလေးငယ်တွေကို COVID-19 ရန်က ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများ ကို ဖော်ပြပေးလိုက်ပါတယ်။

    လူမမယ်ကလေးငယ်လေးတွေဟာ ကိုယ်တိုင် ရောဂါကာကွယ်နိုင်စွမ်း အားနည်းကြပါတယ်။ ဒီလိုအခြေအနေမှာ သူတို့ကို ပြုစုစောင့်ရှောက်ရမယ့် လူကြီးမိဘတွေက ကာကွယ်ပေးနိုင်စွမ်းနည်းပါးရင် ကလေးတွေမှာ COVID-19 ရောဂါဆိုးကြီး ကပ်ညိလာနိုင်ပါတယ်။

    ခုချိန်မှာဆိုရင် မြန်မာနိုင်ငံတစ်ဝှမ်းမှာ COVID-19 ရောဂါကူးစက်ခံခဲ့ရသူပေါင်း ၄ သောင်းကျော်အထိရှိလာခဲ့ပြီဖြစ်သလို အဆိုပါလူနာတွေထဲမှာ ငယ်ရွယ်နုနယ်လှတဲ့ ရင်သွေးလေးတွေလည်း ပါဝင်နေပါတယ်။

    ဒီရောဂါရဲ့ အန္တရာယ်ကို လူကြီးတွေနဲ့ သန်သန်စွမ်းစွမ်းလူငယ်တွေအတွက် စိုးရိမ်ပူပန်နေကြရသလို လူမမယ် ကလေးတွေအတွက်လည်း ပူပန်ကြရပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရမှုဆိုင်ရာ အချက်အလက်တွေအရ ကလေးငယ်တွေ ကူးစက်ခံရမှုနှုန်းဟာ နည်းပါးပြီး သေဆုံးနှုန်းကလည်း (ရောဂါကူးစက်ခံရသူ အရေအတွက်ရဲ့) ဝ.၂% အောက်သာရှိတယ်ဆိုပေမယ့် ကူးစက်ခံရတဲ့အရေအတွက်ကတော့ တဖြည်းဖြည်းတိုးပွားလာနေဆဲပါ။

    ဒါပေမယ့် မိဘဆိုတာမျိုးကတော့ မိမိတို့ရဲ့ ရင်သွေးတွေကို ဒီလိုကပ်ဘေးကာလမျိုးမှာ စိုးရိမ်ပူပန်မှုရှိနေမှာ အသေအချာပါပဲ။ ဒီလိုအခြေအနေမျိုးမှာ ရင်သွေးတွေကို COVID-19 ရောဂါကူးစက်မှု မခံရစေဖို့ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို သိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

    နုနယ်တဲ့ ကလေးငယ်တွေကို COVID-19 ရန်က ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများ

    နုနယ်တဲ့ ကလေးငယ်တွေကို COVID-19 ရန်က ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများ ကတော့ ကလေးတွေကို COVID-19 ရောဂါ ဘေးကနေ ကာကွယ်ပေးဖို့အတွက် အချက် ၂ ချက်ကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ ကလေးကို အသိပညာပေးဖို့နဲ့ တိတိကျကျကာကွယ်စောင့်ရှောက်ဖို့ပါပဲ။

    ရောဂါရဲ့ အန္တရာယ်ကို သေချာနားလည်အောင် ရှင်းပြပါ။ ရောဂါမကူးစက်အောင် ကာကွယ်ဖို့ဆိုရင် ကလေးတွေကို ဒီရောဂါအကြောင်း သေချာနားလည်နေမှဖြစ်ပါလိမ့်မယ်။ ရင်သွေးတွေ စိတ်ထဲမှာ သာမာန်အဖျားဝေဒနာတစ်ခုလို တွေးမြင်မနေအောင်၊ အကြောက်မလွန်အောင်၊ ကာကွယ်ရေးနည်းလမ်းတွေကို နားလည်အောင် ရောဂါအကြောင်း ကြိုတင်ရှင်းပြထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။

    ရင်သွေးတွေကို အောက်ပါနည်းလမ်းတွေအတိုင်း ရောဂါအကြောင်း ရှင်းလင်းပြောပြနိုင်ပါတယ်။

    • ၁။ သူတို့ ဘာသိထားလဲ အရင်မေးပါ။ မှန်ကန်တဲ့သတင်းအချက်အလက်တွေကို ပြောပြရှင်းပြပါ။
    • ၂။ သူတို့ လုံခြုံစိတ်ချရတဲ့ အခြေအနေမှာ ရှိနေတယ်ဆိုတာကို နားလည်အောင် ရှင်းပြပါ။ ရောဂါဟာ ဆိုးရွားတာ မှန်ပေမယ့် မှန်ကန်တဲ့ နည်းလမ်းနဲ့ ချဉ်းကပ်မယ်၊ ပြုစုစောင့်ရှောက်မယ်ဆိုရင် အသက်သေနှုန်းနည်းပါးသလို ပျောက်ကင်းနိုင်ချေလည်းများတယ်ဆိုတဲ့အကြောင်းပေါ့။
    • ၃။ ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန် ပြောပါ။ ရင်သွေးတွေကို ရောဂါအကြောင်း ရှင်းပြတဲ့အခါမျိုးမှာ မှန်ကန်တဲ့ အချက်အလက်တွေကိုသာ ပွင့်ပွင့်လင်းလင်း ပြောဆိုသင့်ပါတယ်။
    • ၄။ အခြေအနေက ထိမ်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ ခံစားရပါစေ။ ရင်သွေးရဲ့စိတ်ထဲမှာ မှန်မှန်ကန်ကန် ပြုမူနေထိုင်ရင် ဒီရောဂါက သူ့မိသားစုကို အန္တရာယ်မပေးနိုင်ဘူးဆိုတာကို နားလည်နေဖို့ လိုအပ်ပါတယ်။ လက်ဆေးရမယ်၊ အားရှိအောင် နေရမယ်ဆိုရင် သူနဲ့ သူ့မိသားစုကို ကာကွယ်နိုင်တယ်ဆိုတာမျိုး သူနားလည်နေရင် အဆင်ပြေပါပြီ။
    • ၅။ ရောဂါအကြောင်း၊ ပိုးအကြောင်းကို သူနဲ့ ပေါ့ပေါ့ပါးပါး ဆွေးနွေးကြည့်ပါ။ မိသားစုအတွက် ပျော်စရာ အချိန်တွေဖြစ်စေမှာဖြစ်သလို သူလည်း မကြောက်ပဲ အချက်အလက်တွေ၊ ရောဂါအကြောင်းတွေကို မှတ်မိသွားပါလိမ့်မယ်။
    • ၆။ ပြစ်တင်ဝေဖန်တဲ့ စကားမျိုးတွေ ကလေးရှေ့မှာ မပြောပါနဲ့။ ကလေးတွေဆီ မှားယွင်းတဲ့ အမူအကျင့်တွေ လက်ဆင့်မကမ်းမိဖို့ လိုအပ်ပါတယ်။ နေမကောင်းဖြစ်နေသူ၊ လူမျိုး၊ ဘာသာနဲ့ အခြေအနေတွေကို ပြစ်တင်ဝေဖန်တာမျိုး ရင်သွေးတွေရှေ့မှာ မလုပ်သင့်ပါဘူး။

    ကိုယ့်ကလေးက ရောဂါအကြောင်း သိနားလည်နေပြီဆိုရင် ရောဂါ သူ့ဆီမရောက်အောင် ကာကွယ်နိုင်ဖို့ ပိုလွယ်ကူသွားပါပြီ။ ဘာကြောင့် လက်ဆေးရမယ်၊ ဘာကြောင့် အိပ်ရေးဝဝ အိပ်ရမယ်၊ ဘာကြောင့် အားရှိအောင် စားရမယ်ဆိုတာကို သူကနားလည်နေပြီမို့ သူလည်း လိုက်နာတော့မှာပါ။

    ဒါကြောင့် ရင်သွေးကို ရောဂါအကြောင်း သေချာရှင်းပြထားပြီးပြီဆိုရင် အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး ရောဂါဘေးကနေ ကင်းဝေးအောင် ကာကွယ်နိုင်ပါတယ်။

    • လက်ကို ဆပ်ပြာနဲ့ စနစ်တကျ ဆေးကျောပေးပါ။ အဲ့ဒီအလေ့အကျင့်ကို စွဲမြဲနေအောင် သင်ကြားပေးပါ။
    • အိမ်နီးနားချင်း ကလေးတွေနဲ့ ဆော့ကစားတာမျိုးထက် နေအိမ်ထဲမှာ သီးခြားဆော့ကစားပါစေ။ အချိန်ရမယ်ဆိုရင် ကိုယ်တိုင်ပါဝင် ကစားပေးပါ။
    • အမွှေးဆပ်ပြာမျိုးထက် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ ဆပ်ပြာမျိုးတွေ အသုံးပြုပြီး နေ့စဉ် ရေပုံမှန် ချိုးပေးပါ။
    • ကိုယ်အပူချိန် ပုံမှန်စစ်ဆေးပေးပါ။
    • ကလေးကို အပြင်မထွက်ခိုင်းပါနဲ့။ မဖြစ်မနေ အပြင်သွားချိန်မှာ Mask တပ် ပေးပါ။ ဒါပေမယ့် အချိန်တိုင်း တပ်ပေးထားတာမျိုး ရှောင်ကျဉ်ပါ။
    • ကိုယ်တိုင်လည်း တတ်နိုင်သမျှ အပြင်မသွားပါနဲ့။ မဖြစ်မနေ အပြင်သွားရမယ်ဆိုရင် အကာအကွယ် အပြည့်အစံုံနဲ့သွားပါ။ ပြန်လာချိန်မှာ စနစ်တကျ သန့်စင်ပြီးမှ ကလေးနားကို ကပ်ပါ။
    • ခန္တာကိုယ်ပေါ်က ဗိုင်းရပ်စ်တွေ၊ ပိုးမွှားတွေကို နေ့စဉ်သန့်ရှင်းဖယ်ရှားဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်းကို သင်အထောက်အကူပြု ပစ္စည်းတွေနဲ့ပဲဖြစ်ဖြစ် ကိုယ်တိုင်ပဲဖြစ်ဖြစ် သေချာရှင်းပြပေးပါ။
    • ဖျားနာနေသူ၊ ချောင်းဆိုးနေသူ၊ နှာချေနေသူတွေ မိမိ မိသားစုထဲမှာ ဒါမှမဟုတ် ပတ်ဝန်းကျင်မှာ ရှိနေရင် ရင်သွေးကို သူတို့နဲ့ ဝေးဝေးမှာထားပါ။
    • အဆိုပါ ပုဂ္ဂိုလ်တွေကို နှာချေချောင်းဆိုးဖြစ်ချိန်တွေမှာ အကာအကွယ် သုံးခိုင်းပါ။ အားမနာပါနဲ့။ ပြီးရင် လုံခြုံတဲ့အမှိုက်ပုံးထဲ ချက်ခြင်းထည့်ပါ။
    • မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ကိုင်တွယ်တာမျိုး မလုပ်ခိုင်းပါနဲ့။ ဒီနည်းလမ်းဟာ ခန္တာကိုယ်ပေါ်မှာ ကပ်ညိနေတဲ့ ပိုးမွှားတွေ ကိုယ်တွင်းကို မရောက်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။
    • ကလေးကိုင်တွယ်လေ့ ကိုင်တွယ်ထရှိတဲ့ ထဲ အရာဝတ္တုတွေကို သန့်ရှင်းအောင် အမြဲ သန့်စင်ပေးပါ။
    • ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို မပြတ်အကဲခတ်နေပါ။ စိတ်ထိခိုက်မှု၊ စိတ်အားငယ်မှု၊ ကြောက်ရွံ့တုန်လှုပ်မှုပြင်းပြင်းထန်ထန်ဖြစ်မလာအောင် ကူညီစောင့်ရှောက်ပေးပါ။
    • ရောဂါနဲ့ ပတ်သက်တဲ့ သတင်းတွေကို ပုံမှန် နားစွင့်ထားပါ။

    နောက်ထပ် အသိပေးချင်တာက အကြောက်တရားဟာ ဘာကိုမှ မကာကွယ်နိုင်ပဲ ဖြစ်စေပါတယ်။ ရင်သွေးရှေ့မှာ မိမိကိုယ်တိုင်က ထိန်းမနိုင် သိမ်းမရ ကြောက်ရွံ့ပြနေတာက နုနယ်တဲ့ ရင်သွေးတွေအတွက် အထောက်အကူမဖြစ်စေပါဘူး။

    ရောဂါကလည်း ကလေးတွေကို ထိခိုက်နိုင်ခြေ အတန်အသင့် နည်းပါးနေသေးတာမို့ အပေါ်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို အသုံးချပြီး ရင်သွေးကို ကာကွယ်ပေးထားပါ။ ဒါပေမယ့် မပေါ့ဆပါနဲ့။ ကိုယ်တိုင်လည်း ကျန်းမာအောင်နေပါ။ ဒါဆိုရင် ဒီကပ်ဘေးကို ကောင်းကောင်းကျော်ဖြတ်နိုင်ပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 25/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement