backup og meta

Infrared သာမိုမီတာ နဲ့ အပူချိန်တိုင်းမယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Infrared သာမိုမီတာ နဲ့ အပူချိန်တိုင်းမယ်ဆိုရင်

    ခုတလော အမေးများနေတာက shopping mallတွေ၊ တခြား လူစုနိုင်တဲ့နေရာတွေရဲ့ အဝင်အထွက်မှာ အပူချိန်တိုင်းတာတွေက မှန်ပါ့မလားဆိုတာပါပဲ။ သူတို့မေးလည်းမေးချင်စရာပါ။ ရာသီဥတုက ပူလာပြီလေ။ ဒီလိုအပူထဲက လာတဲ့သူကို ထိပ်ကနေ ဆီးပြီး တိုင်းလိုက်လို့ အပူချိန်က ၃၇ ဒီဂရီ စင်တီဂရိတ်ကျော်နေပြီဆိုတာနဲ့ ဖျားနေပြီလို့ သတ်မှတ်လိုက်မှာလား။ လူကြည့်တော့လည်း အကောင်းကြီး။ အရင်ကတော့ အပူချိန်တိုင်းမယ်ဆိုရင် ပြဒါး သာမိုမီတာ ကိုပဲ သုံးကြတာပါ။ ဆေးခန်းတွေက အစပေါ့။

    နောက်ပိုင်း တိုးတက်လာတော့ ဒစ်ဂျစ်တယ်သာမိုမီတာကို ပြောင်းသုံးလာကြပါတယ်။ ဒါတွေက သုံးရလွယ်တယ်။ ပြဒါးသာမိုမီတာလိုလည်း အကြာကြီး စောင့်စရာမလိုဘူး။ ပြဒါးဆိပ်လည်း သင့်ဖို့ အခွင့်အရေးနည်းတယ်။ နဖူးပဲတိုင်းမလား။ နားထဲပဲ တိုင်းမလား အမျိုးစုံရှိတယ်။ အဖြေလည်း မြန်မြန်ထွက်တယ် စတဲ့ အကြောင်းပြချက်တွေကြောင့် အသုံးများလာကြပါတယ်။

    ဒါပေမယ့် ခုနကပြောသလိုပဲ။ ပစ္စည်းတိုင်းမှာ သုံးပုံ သုံးနည်းဆိုတာ ရှိတယ်။ သုံးနည်း မမှန်ရင် ဘဘ်လောက်စျေးကြီးတာကိုပဲ ဝယ်ထား ဝယ်ထား အဖြေမှားနေရင် အလကားပဲပေါ့။ ဒီတော့ ဒစ်ဂျစ်တယ်သာမိုမီတာကို ဘယ်လို သုံးမလဲ။ တိုင်းပေးတဲ့ သူကရော သူ့ဆီရောဂါမကူးအောင် ဘယ်လိုတိုင်းမလဲ စတာတွေကို ပြောပြသွားမှာပါ။

    သာမိုမီတာ စသုံးတော့မယ်ဆိုရင် 

    (၁) ကြိုတင်စစ်ဆေး ပြင်ဆင်ခြင်း

    • အပူချိန်တိုင်း သာမိုမီတာတွေက လူရဲ့ အပူချိန်ကို တိုင်းတဲ့ဟာရှိသလို အရာဝတ္ထု မျက်နှာပြင်ရဲ့ အပူချိန်ကို တိုင်းတဲ့ဟာလည်း ရှိပါတယ်။ စဝယ်ကတည်းက လူ့ခန္ဓာကိုယ်ရဲ့ အပူချိန်ကို တိုင်းတဲ့ဟာကို သေချာရွေးဝယ်ပါ။
    • သာမိုမီတာတွေက တံဆိပ်မတူရင် တိုင်းပုံ တိုင်းနည်းတွေ၊ သိမ်းဆည်းပုံတွေ နည်းနည်းလေး ကွာတတ်ပါတယ်။ ဒါကြောင့် မသုံးခင်မှာ user manualမှာ ပါတဲ့ လိုက်နာရမယ့်အချက်တွေ၊ ဆောင်ရန် ရှောင်ရန်တွေကို အရင်ဖတ်ထားပါ။
    • သာမိုမီတာ အလုပ်လုပ်မလုပ် စမ်းကြည့်ပါ။ (ဥပမာ အေးတဲ့ပစ္စည်း၊ ပူတဲ့ပစ္စည်းတွေမှာ စမ်းတိုင်းပြီး အပူချိန် ကွာသလား ဆိုတာ စမ်းကြည့်ပါ။ ဘယ်ဟာတိုင်းတိုင်း  ၃၇ ဒီဂရီ စင်တီဂရိတ်ပဲ ပြနေရင် မဟုတ်သေးဘူးနော်။ )
    • သာမိုမီတာရဲ့ တိုင်းတာချက်ကို ချိန်ညှိပါ။ ဆိုလိုတာက ပစ္စည်းတစ်မျိုးတည်းကို Infrared သာမိုမီတာနဲ့ တစ်ခါ၊ ပြဒါး ဒါမှမဟုတ် တခြား မှန်တဲ့ သာမိုမီတာတစ်ခုခုနဲ့ တစ်ခါ တိုင်းပါ။ အဖြေဘာကွာလဲ ကြည့်ပါ။ မတူဘူးဆိုရင် user manualမှာ ပြထားတဲ့အတိုင်း ပြန်ညှိပါ။ ပြီးရင် နောက်တစ်ခါ ထပ်စမ်းကြည့်ပါ။
    • ဒီသာမိုမီတာကို နေပူထဲမှာ မသုံးရပါဘူး။

    (၂) အဖြေတိကျမှန်ကန်ရန်အတွက် တိုင်းတာနည်း

    • သာမိုမီတာတွေမှာ သူကောင်းကောင်း အလုပ်လုပ်နိုင်တဲ့ အပူချိန်ပမာဏတစ်ခု ရှိပါတယ်။ ကိုယ်တိုင်းနေတဲ့ အခန်း/ပတ်ဝန်းကျင်က ဒီအပူချိန်ထဲမှာ မရှိဘူးဆိုရင် သာမိုမီတာရဲ့ အဖြေမမှန်နိုင်ပါဘူး။ ဒါကိုလည်း user manualမှာ ကြည့်လို့ရပါတယ်။
    • သာမိုမီတာနဲ့ အတိုင်းခံမယ့်သူနဲ့က တူညီတဲ့ပတ်ဝန်းကျင်မှာ ၁၅မိနစ်၊ နာရီဝက်လောက် ရှိနေဖို့ လိုပါတယ်။ ဆိုလိုတာက ခုမှနေပူထဲက ဝင်လာတဲ့သူကို အထဲ အဲကွန်းခန်းကနေ ဆီးတိုင်းရင် မမှန်နိုင်ပါဘူး။ အနည်းဆုံး ၁၅မိနစ်လောက်နေမှ (သူနဲ့ ကိုယ်နဲ့ အပူချိန် နေသားကျလောက်ပြီဆိုမှ) တိုင်းတာ ပိုမှန်ပါတယ်။
    • အပူချိန်တိုင်းမယ့်နေရာ (ဥပမာ နဖူး)မှာ ချွေးတွေ၊ အညစ်အကြေးတွေ၊ ဆံပင်တွေရှိနေရင် အရင်သန့်ရှင်းရေး လုပ်ပြီးမှ တိုင်းပါ။
    • သတ်မှတ်ထားတဲ့ အကွာအဝေးအတိုင်း ခွာတိုင်းပါ။ နဖူးမှာ ကပ်ပြီး တိုင်းဖို့ မလိုပါ။ (သာမိုမီတာ အများစုကတော့ ၁လက်မ၊ ၂လက်မ လောက်ခွာပြီး တိုင်းရပါတယ်။)
    • သာမိုမီတာတွေက တစ်ခါသုံးပြီးရင် စက်ကိုပိတ် ၂မိနစ်စောင့်ပြီးမှ ပြန်တိုင်းတာ ပိုကောင်းပါတယ်။ ဆက်တိုက်တိုင်းရင် အဖြေ မတိကျတော့ပါဘူး။
    • လူတစ်ယောက်တည်းကိုပဲ သေချာချင်လို့ နောက်တစ်ခါထပ်တိုင်းမယ်ဆိုရင် ၁၅မိနစ်ခြားပြီးမှ တိုင်းပါ။ ဒါမှမဟုတ် တခြားစက်နဲ့ တိုင်းပါ။

    ရောဂါကူးစက်ခြင်း မရှိစေရန်

    အပူချိန်တိုင်းတာကို ၃ပေခွာပြီး တိုင်းဖို့ မလွယ်လှပါဘူး။ ဒါကြောင့် တိုင်းတဲ့သူရော၊ အတိုင်းခံရသူရော အန္တရာယ်ကင်းအောင် အောက်က အချက်တွေကို လိုက်နာပေးပါ။

    • အပူချိန်တိုင်းမယ့်သူ အနေနဲ့ နှာခေါင်းစည်း၊ လက်အိတ်တို့ကို ဝတ်ဆင်ရပါမယ်။
    • အတိုင်းခံမယ့်သူကလည်း ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ဒါမှမဟုတ် အဝတ်နှာခေါင်းစည်းကို ဝတ်ဆင်ထားရပါမယ်။
    • တိုင်းမယ့်သူက အတိုင်းခံမယ့်သူရဲ့ ဘေးဘက်မှာပဲ နေပါ။ မျက်နှာချင်းဆိုင် မနေပါနဲ့။
    • သူတို့နှစ်ယောက်ကြား လက်တစ်ဆန့် (၃ပေ) ဝန်းကျင် ခွာထားရပါမယ်။ ဘေးစောင်း ဒါမှမဟုတ် မျက်စောင်းထိုး အနေအထားကပဲ တိုင်းပါ။ မျက်နှာချင်းဆိုင် လုံးဝမတိုင်းပါနဲ့။ မတော်တဆ နှာချေ၊ ချောင်းဆိုးလိုက်ရင် ကိုယ့်ဆီ တန်းရောက်လာမှာပါ။
    • နဖူး ရှေ့တည့်တည့်ကို မတိုင်းဘဲ နဖူးရဲ့ ဘယ်ဘက်ဘေး ဒါမှမဟုတ် ညာဘက်ဘေးကို တိုင်းပါ။

    ကိုယ်အပူချိန်တိုင်းတာက COVID-19 ရှိမရှိကို အဖြေထုတ်ပေးတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဖျားနေရင်တော့ ပိုပြီး သတိထားရမှာပေါ့။ ဖျားလား မဖျားလား သိဖို့အတွက် ဒီအပူချိန်တိုင်းတာက အရေးကြီးပါတယ်။ မှန်မှန်ကန်ကန် တိုင်းနိုင်မှသာ ရောဂါရှာဖွေတဲ့ နေရာမှာ အထောက်အကူပြုနိုင်မှာပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement