backup og meta

COVID-19 (Coronavirus disease) နဲ့ ပတ်သက်တဲ့ အချက်အလက်အမှားများ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    COVID-19 (Coronavirus disease) နဲ့ ပတ်သက်တဲ့ အချက်အလက်အမှားများ

    COVID-19 ရောဂါနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တချို့ကို ရှင်းလင်းပြောပြထားပါတယ်။

    ၁။ အရေပြားပေါ် အယ်လ်ကိုဟော (ဒါမှမဟုတ်) ကလိုရင်း ဖြန်းပေးရင် ဗိုင်းရပ်စ်ပိုးသေတယ်

    အရာဝတ္ထုတွေကို ပိုးသတ်ဖို့အတွက်ပဲ ဒါတွေသုံးစွဲသင့်ပါတယ်။ လူမှာသုံးစွဲရင် မျက်လုံး ဒါမှမဟုတ် ပါးစပ်ထဲ မတော်တဆ ဝင်သွားတဲ့အခါ အန္တရာယ်ရှိပါတယ်။ နောက်ပြီး ဒါတွေဖြန်းလိုက်ရုံနဲ့ ကိုယ်တွင်းကဗိုင်းရပ်စ်လည်း မသေသွားပါဘူး။ ရေမလို လက်သန့်ဆေးရည်မှာတောင် အယ်လ်ကိုဟောက ၇၀ရာခိုင်နှုန်းပဲ ပါရတာပါ။ ဒီထက်ပိုရင် အရေပြားကို ခြောက်သွေ့ပြီး ပျက်စီးစေတာကြောင့် ပိုးဝင်လွယ်ပါလိမ့်မယ်။

    ၂။ ကလေးတွေမှာ COVID-19 မဖြစ်ဘူး

    လက်ရှိအချိန်ထိ COVID-19 ရောဂါကို လူသန်းနဲ့ချီကူးစက်ခံထားရပြီး ဒီအထဲမှာ ကလေးငယ်တွေ နည်းနည်းပဲ ပါဝင်ပါတယ်။ လူကြီးတွေနဲ့ယှဉ်ရင် ကလေးတွေက COVID-19 ကူးစက်ခံရနိုင်ခြေနည်းတာ ကိုတွေ့ရှိထားပေမဲ့ ရောဂါလုံးဝမဖြစ်ဘူးလို့တော့ မဆိုလိုပါဘူး။

    ၃။ COVID-19 ဖြစ်ရင်သေပြီ

    လုံးဝမှားပါတယ်။ အမှန်အတိုင်းပြောရရင် COVID-19 ရောဂါက ကူးစက်မြန်ပေမဲ့ သေဆုံးနိုင်ချေ အတော်လေး နည်းပါတယ်။ COVID-19 ရောဂါဖြစ်ပွားသူ ၈၀% ကျော်ဟာ ကုသမှုခံယူစရာမလိုဘဲ ပြန်ကောင်းနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကရော၊ COVID-19 ရောဂါစတင်ဖြစ်ပွားရာ တရုတ်နိုင်ငံပါ ထုတ်ပြန်ထားပါတယ်။

    ၄။ COVID-19 ရှိသူနားမှာ ၁၀ မိနစ်လောက်ရှိနေရင် ရောဂါကူးခံရနိုင်တယ်

    COVID-19 ရှိသူနဲ့ကြာကြာနေလေ ရောဂါကူးနိုင်လေပါပဲ။ ဒါပေမဲ့ ဘယ်လောက်ကြာကြာနေမှ ရောဂါကူးခံရမယ်ဆိုပြီး သတ်မှတ်ချက်တော့ မရှိပါဘူး။ ၁၀ မိနစ်တောင်မကြာဘဲနဲ့လည်း ကူးစက်ခံရနိုင်ပါတယ်။

    ၅။ အစွန်းချွတ်ဆေး (BLEACH) နဲ့ ပလုတ်ကျင်းရင် ဗိုင်းရပ်စ်ပိုးသေတယ်

    အစွန်းချွတ်ဆေးတွေကို ဓာတုဆေးအပြင်းစားတွေနဲ့ထုတ်လုပ်ထားတာဖြစ်လို့ အရာဝတ္ထုတွေအပေါ်မှာပဲ သုံးစွဲရပါမယ်။ ပါးစပ်ထဲထည့် ပလုတ်ကျင်းရင် အရေပြားတွေပျက်စီးကုန်ပြီး အသက်အန္တရာယ်တောင် စိုးရိမ်ရပါတယ်။

    ၆။ အပူချိန်တိုင်းစက်တွေက COVID-19 ရှိမရှိသိနိုင်တယ်

    အပူချိန်တိုင်းစက်တွေက လူတစ်ယောက် ဖျားနာခြင်းရှိ၊မရှိကိုပဲ တိုင်းတာနိုင်တာပါ။ ရောဂါရှိမရှိစစ်ဆေးတာ မဟုတ်ပါဘူး။ COVID-19 ဖြစ်ရင် အများစုကဖျားတဲ့အတွက် ကိုယ်အပူချိန်တိုင်းတာဖြစ်ပါတယ်။ ပြောရမယ်ဆို အဖြစ်အများဆုံးရောဂါလက္ခဏာကို စစ်ဆေးတဲ့သဘောဖြစ်ပါတယ်။

    ၇။ အိမ်တွင်းဆေးမြီးတိုတွေနဲ့ COVID-19 ကိုကုသနိုင်တယ်

    ဆားရည်နဲ့ပလုတ်ကျင်းတာ၊ ဗီတာမင် စီ အလွန်အကျွံသောက်တာ၊ ဘာအဆီ ညာအဆီတွေရောသောက်တာ၊ ဟိုအရွက် ဒီအရွက်တွေပြုတ်သောက်တာ စတဲ့ဘယ်ဆေးမြီးတိုနဲ့မှ COVID-19 ကိုပျောက်အောင်မလုပ်နိုင်ပါဘူး။

    ၈။ ပူတဲ့ရာသီဥတုက ဗိုင်းရပ်စ်ကို သေစေနိုင်တယ်

    တုပ်ကွေးနဲ့ အအေးမိဖျားနာခြင်းကို ဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးတွေက အေးတဲ့ရာသီဥတုမှာ ပိုမြန်မြန်ပျံ့နှံ့ဖြစ်ပွား ပါတယ်။ ဒါပေမဲ့ ရာသီဥတုပူတာကြောင့် ဗိုင်းရပ်စ်သေတယ်ဆိုတာတော့ အခုချိန်ထိ သက်သေမပြနိုင်သေးပါဘူး။

    ၉။ ကိုရိုနာဗိုင်းရပ်စ်က ကြောက်ဖို့အကောင်းဆုံးဗိုင်းရပ်စ်ဖြစ်တယ်

    ကိုရိုနာဗိုင်းရပ်စ်က သာမန်တုပ်ကွေးဗိုင်းရပ်စ်ထက် ပိုပြင်းထန်ပေမဲ့ ကြောက်စရာအကောင်းဆုံးဗိုင်းရပ်စ်တော့ မဟုတ်ပါဘူး။ အီဘိုလာဗိုင်းရပ်စ်လို ဗိုင်းရပ်စ်တွေက သေဆုံးနိုင်ခြေ အများကြီးပိုမြင့်ပါတယ်။

    ၁၀။ တုပ်ကွေးကာကွယ်ဆေးထိုးလိုက်ရင် COVID-19 ကိုကာကွယ်ပြီးသားဖြစ်မယ်

    အခုထိ COVID-19 အတွက် ကာကွယ်ဆေးမပေါ်သေးပါဘူး။ နှစ်တိုင်း မေလ၊ ဇွန်လ လောက်မှာထွက်တဲ့ တုပ်ကွေးကာကွယ်ဆေးဆိုတာလည်း ရာသီတုပ်ကွေးကိုပဲ အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးတာဖြစ်ပါတယ်။

    ရေးသားသူ – DR. HTOO TINT

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement