COVID-19 အတွက် ကုစရာ ဆေး ရှိနေပြီလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ခုချိန်မှာ တစ်ကမ္ဘာလုံးက ပညာရှင်တွေ နေ့မအား ညမနား ဘာလုပ်နေကြလဲ မေးရင် ဆေး ရှာနေတာပါပဲ။ ဟုတ်ပါတယ်။ တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့ပြီး ဒုက္ခပေးနေတဲ့ COVID-19ကို ကုဖို့ ဆေးရှာနေကြတာပါ။ တစ်ဖက်မှာလည်း ကာကွယ်ရေးလုပ်ငန်းကို အင်တိုက်အားတိုက်လုပ်နေကြသလို တစ်ဖက်မှာလည်း ဒီရောဂါကို ကုသဖို့ ဆေးတွေကို အပူတပြင်း ရှာဖွေနေကြပါတယ်။ အချိန်တိုလေးအတွင်းမှာ နိုင်ငံတကာကို ပျံ့နှံ့ခဲ့တာရော၊ ဗိုင်းရပ်စ်အသစ်ဖြစ်တာရောကြောင့် ဆေးရှာရကြာနေခြင်းပဲ ဖြစ်ပါတယ်။ စမ်းသပ်မှုတွေ အမျိုးမျိုး လုပ်ပြီးတဲ့ နောက်မှာတော့ အောက်ကဆေးတွေ ထွက်လာပါတယ်။

(၁) Remdesivir

စမ်းသပ်ဆဲဖြစ်ပြီး သူ့မှာ ဗိုင်းရပ်စ်မပွားအောင် လုပ်နိုင်တဲ့ သတ္တိရှိတယ်လို့ ဆိုပါတယ်။ စမ်းသပ်ချက်တွေအရ SARS-CoV-2ကို ခန္ဓာကိုယ်ပြင်ပ (ဓာတ်ခွဲခန်း)မှာ တားနိုင်ပြီး COVID-19နဲ့ အမျိုးအစားတူ တခြားဘီတာ ကိုရိုနာဗိုင်းရပ်စ်တွေကိုတော့ ခန္ဓာကိုယ်ပြင်ပနဲ့ ခန္ဓာကိုယ်တွင်းမှာ မပွားအောင် တားနိုင်ပါတယ်တဲ့။ ဒီဆေးက COVID-19 အတွက် သုံးလို့ရမရကိုတော့ အမေရိကနိုင်ငံမှာ စမ်းသပ်ဆဲ အဆင့်ပဲ ရှိပါသေးတယ်။

(၂) Hydroxychloroquine and Chloroquine

ဒီဆေးနှစ်မျိုးက ငှက်ဖျားရောဂါနဲ့ လေးဖက်နာ အဆစ်ရောင်ရောဂါအရေပြားလေးဖက်နာတွေမှာ သုံးတဲ့ဆေးပါ။ ဒီဆေးက လက်ရှိမှာ အမေရိကနိုင်ငံမှာ COV-19 ကုသဖို့အတွက် အပြောများနေတာမို့လို့ နည်းနည်းရှင်းပြပေးချင်ပါတယ်။

လေ့လာချက်တွေအရ ဒီဆေးနှစ်မျိူးက SARS-CoV-2 ဗိုင်းရပ်စ်ကို ကုသနိုင်တာတွေ့ရပြီး တရုတ်နိုင်ငံမှာ COVID-19 လူနာတွေကို ကုသတဲ့နေရာမှာ အကျိုးရှိတာကို တွေ့ရပါတယ်။

ပြင်သစ်မှာ မတ်လအစောပိုင်းကနေ မတ်လ၁၆ရက်နေ့အထိ စမ်းသပ်မှု တစ်ခုလုပ်ခဲ့ပါတယ်။ ဒါကတော့ COVID-19 လူနာတွေကို hydroxychloroquine 600mgကို နေ့တိုင်းတိုက်ပြီး အာခေါင်တို့ဖတ်ကို နေ့တိုင်းစစ်ဆေးတာပါ။ လက္ခဏာပေါ်မူတည်ပြီး လိုအပ်ရင် azithromycin ဆိုတဲ့ ပိုးသတ်ဆေးကိုပါ ထည့်ပြီး ကုသခဲ့ပါတယ်။ စံအနေနဲ့ တခြားဘာဆေးနဲ့မှ မကုတဲ့ COVID-19 လူနာတွေနဲ့ ပြန်လည်စစ်ဆေးခဲ့ပါတယ်။ ၆ရက်အကြာမှာ အဖြေကို စောင့်ကြည့်ပါတယ်။

ရလဒ်ကတော့ ၆ရက်မြောက်နေ့မှာ hydroxychloroquineနဲ့ ကုသမှုခံယူထားတဲ့ သူတွေက ဘာနဲ့မှ ကုသမှုမခံထားတဲ့ သူတွေထက် ဗိုင်းရပ်စ်ကောင်ရေ ပိုနည်းသွားပါတယ်။ Azithromycin ပါ ထည့်ပြီး ကုသမှုခံယူတဲ့သူတွေကတော့ ပိုလိုတောင် လျော့နည်းသွားတာကို တွေ့ရပါတယ်။

ပြန်ချုပ်ရရင် လူနာနည်းနည်းနဲ့ စမ်းထားတဲ့ စမ်းသပ်ချက်ဖြစ်ပေမယ့် hydroxychloroquineက ဗိုင်းရပ်စ်ကောင်ရေကို သိသိသာသာ လျှော့ချပေးနိုင်ပြီး azithromycinနဲ့ ပေါင်းလိုက်ရင် ပိုကောင်းတယ်လို့ အဖြေထွက်လာပါတယ်။

ဒါကြောင့်လည်း စမ်းသပ်မှုတွေ ထပ်လုပ်ဖို့ လိုပေမယ့် လတ်တလောမှာ အမေရိကမှာ သုံးဖို့ ထောက်ခံချက်ရထားတဲ့ ဆေးဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် ဆေး ကရော

ဒီဆောင်းပါး ဖတ်ပြီး ငါတော့ ဒီဆေးတွေ ပြေးဝယ်ပစ်လိုက်မယ်။ လက္ခဏာပေါ်လာတာနဲ့ သောက်လိုက်မယ်ဆိုရင် သင့်အတွေးတွေမှားနေပါပြီ။ ဒါဟာ ကိုယ့်သဘောနဲ့ကိုယ် သောက်လို့ရတဲ့ ဆေးမဟုတ်ပါဘူး။  Prescription drugsလို့ ခေါ်တဲ့ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သုံးလို့ရတဲ့ဆေးပါ။ နိုင်ငံခြားမှာဆိုရင်တော့ ဆရာဝန်လက်မှတ်ပါမှ ဝယ်လို့ရတဲ့ ဆေးဖြစ်ပေမယ့် ဒီမှာတော့ ဒီတိုင်းဝယ်နေကြတာမို့လို့ သတိပေးနေရတာပါ။

နောက်ပြီး ဘယ်အခြေအနေမှာမှ ဒီဆေးကို သုံးရမယ်။ ဘယ်လောက်သုံးရမယ်။ ဘယ်နှစ်ရက်သုံးရမယ်ဆိုတာကို ဆရာဝန်တွေပဲ သိတာပါ။ ဒီဆေးတွေနဲ့ ပတ်သတ်လို့ စမ်းသပ်ချက်တွေ၊ အတည်ပြုချက်တွေလည်း လုပ်ဖို့ လိုပါသေးတယ်။ အဲ့တာကို ကိုယ့်သဘောနဲ့ သုံးမယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့

  • ဆေးတွေ မလိုအပ်ဘဲ စျေးတက်လာမယ်။ (maskနဲ့ hand gel ကိုပဲ ကြည့်ပါ။)
  • ဆေးတွေ ရှားပါးလာမယ်။ ဒီဆေးတွေက လေးဖက်နာ အဆစ်ရောင်ရောဂါမှာလည်း သုံးတယ်။ စွဲလည်း သောက်ရပါတယ်။ ပစ္စည်းဝယ်မရလို့ ဆေးပြတ်သွားမယ့် သူတို့တွေကို အားနာပေးပါ။
  • ဆေးယဥ်ပါးလာမယ်။ တစ်မျိုးက ငှက်ဖျားဆေးဖြစ်ပြီး တစ်မျိုးက ပိုးသတ်ဆေးပါ။ COVID-19မှန်း မသေချာဘဲ သောက်မိရင် နောက်ပိုင်းမှာ ဒုက္ခရောက်ပါလိမ့်မယ်။ မျိုးဗီဇပြောင်းပြီး ဆေးမတိုး ဖြစ်လာပါမယ်။
  • ဘေးထွက်ဆိုးကျိုးတွေ ခံစားရပါမယ်။ hydroxychloroquineရဲ့ နာမည်ကြီး ဘေးထွက်ဆိုးကျိုးကတော့ QT prolongationလို့ခေါ်တဲ့ နှလုံးခုန်မမှန်တာပါ။ လူကြီးတွေမှာ ပိုတွေ့ရပါတယ်။ အသက်သေဆုံးနိုင်တဲ့အထိ အန္တရာယ်များပါတယ်။ နောက်ပြီး တချို့သော ရောဂါတွေ ရှိနေရင် (ဥပမာ G6PD ချို့တဲ့တဲ့ ရောဂါ)၊ တချို့သော ဆေးတွေ သောက်နေရင် ဆေးမတည့်တာ၊ ဆေးအတိုးအလျော့ လုပ်ရတာတွေ ရှိပါတယ်။ ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ် မသောက်ဖို့၊ လူကြီးတွေကို မတိုက်ဖို့ သတိပေးရတာပါ။
  • ဒါဟာ ကာကွယ်ဆေး မဟုတ်ပါဘူး။ ဒါသောက်ထားလို့ COVID-19မဖြစ်ဘူးထင်ရင် မှားသွားပါမယ်။ COVID-19ကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းက လက်ဆေးပါ။ အိမ်မှာပဲ နေပါ။ Physical distancing လုပ်ပါ။ လူစုလူဝေးနဲ့ မနေပါနဲ့။ ဒါ အကောင်းဆုံးကာကွယ်နည်းပါပဲ။

နောက်ပြီး ခုထက်ထိ WHOက ထောက်ခံထားတဲ့ ကာကွယ်ဆေးရော၊ ကုဖို့ဆေးရော မရှိသေးပါဘူး။ ဒါကြောင့် ဟိုဆေးပေါ်တိုင်း သောက်လိုက်မယ်ဟဲ့၊ ဒီဆေးထွက်တိုင်း ဝယ်လိုက်မယ်ဟဲ့ ဆိုတာတွေကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ။ COVID-19 ကို ဆရာဝန် အကူအညီမယူဘဲ ကုလို့ ရကို မရပါဘူး။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။