backup og meta

Covid-19 ကာလတွင်း မေမေတွေအတွက် ဈေးဝယ်အမှာစကား


Ye Myo Myat မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Covid-19 ကာလတွင်း မေမေတွေအတွက် ဈေးဝယ်အမှာစကား

    ကိုဝစ်ကာလမှာ မေမေတွေ၊ ဇနီးသည်တွေ၊ အိမ်ထောင်ရှင် အမျိုးသမီးလေးတွေအတွက်တော့ အိမ်မှုကိစ္စ အဝဝကို တာဝန်ယူထားရတာမို့ အန္တရာယ်ကြားက မဖြစ်မနေ ဈေးဝယ်ထွက်ရမှာပါပဲ။ ဒီလိုမျိုး မလွှဲသာ မရှောင်သာ အပြင်ထွက် ဈေးဝယ်ရမယ့် ပျိုမေတွေ သိထားသင့်တာလေးတွေကို ဒီဆောင်းပါးကနေ မှာချင်ပါတယ်။ သိပြီးသားသူတွေလည်း ထပ်ပြီး နားဝင်သွားသလို မသိသေးတဲ့ သူတွေအတွက်လည်း ရှောင်သင့်တာတွေ ရှောင်လို့ ရတာပေါ့နော်။ ဒါဆို ဆက်ပြီး ဖတ်ကြည့်ကြရအောင်။

    ဘာတွေ ဆောင်မလဲ၊ ဘာတွေကိုတော့ ရှောင်မလဲ။

    မြန်မာနိုင်ငံရဲ့ အနေအထားပေါ် မူတည်ပြီး အဓိက ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြပေးချင်ပါတယ်။

    ၁။ Mask နှာခေါင်းစည်းကို မဖြစ်မနေ တပ်သွားပါ။ N95 Mask လောက်အထိ ဈေးကြီးပေးဝယ်ပြီး တပ်စရာတော့ မလိုပါဘူး။ ရိုးရိုး Surgical Mask ဒါမှမဟုတ်လည်း အဝတ် Mask တွေ တပ်လို့ ရပါတယ်။ Mask မတပ်ဘဲတော့ အပြင်လုံးဝ မသွားပါနဲ့။

    ၂။ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ နေပါ။ မြန်မာပြည်က ဈေးတော်တော်များများက နေရာကျဉ်းတဲ့အတွက် သိပ်ပြီးတော့ ရှောင်လို့ ရမှာ မဟုတ်ဘူးဆိုပေမဲ့ ကိုယ်တတ်နိုင်သလောက် ခွာပြီး လမ်းလျှောက်ပေါ့။

    ၃။ ကိုယ်နဲ့ သိသည်ဖြစ်စေ၊ သူစိမ်းဖြစ်စေ၊ အသားချင်း ထိတာမျိုး လုံးဝ မလုပ်ပါနဲ့။ ချောင်းဆိုးနေတဲ့ သူတွေ ကိုယ့်အနားမှာ ရှိရင် အဝေးတစ်နေရာကို ခဏသွားနေလိုက်ပါ။

    ၄။ လူစုလူဝေးမှာ ရပ်မနေပါနဲ့။ အရင်ကလို ဈေးဝယ်ထွက်လာတဲ့ အိမ်ထောင်ရှင်တွေ စုပြီး သားသမီးအကြောင်း၊ ရပ်ကွက်အကြောင်း စကားဖောင်ဖွဲ့ရမယ့် အချိန် မဟုတ်ပါဘူး။ မြန်မြန်ဈေးဝယ်၊ မြန်မြန်အိမ်ပြန်တာမျိုးပဲ လုပ်ပါ။

    ၅။ ရပ်ကွက်ဈေးထက် စူပါမားကတ်မှာ ဈေးဝယ်တာကတော့ ပိုကောင်းပါတယ်။

    ၆။ အပြင်ထွက်တဲ့အခါ သိပ်မဝေးရင် ခြေကျင်ခရီးနဲ့ သွားပါ၊ လမ်းကို ခပ်သွက်သွက် လျှောက်ပါ။ နည်းနည်း ဝေးတဲ့ နေရာ သွားရမှာဆိုရင်တော့ တက်စီ စီးသွားပါ၊ ဒါမှမဟုတ် ကိုယ်ပိုင်ကားနဲ့ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။

    ၇။ အစားအစာတွေကို သိုလှောင်ထားရမယ် ဆိုပေမဲ့ ရှိသမျှ အစားအစာ အကုန်လုံး ကိုယ်တစ်ယောက်တည်း မောင်ပိုင်စီးပြီး သိမ်းကျုံးဝယ်တာမျိုး မလုပ်ပါနဲ့။ စာနာစိတ်လေး မွေးပြီး ကိုယ့်မိသားစုအတွက် လုံလောက်ရုံ ပမာဏပဲ ဝယ်ပါ။

    ၈။ မဖြစ်မနေ လိုအပ်တဲ့ အိမ်သုံးပစ္စည်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး သုံးပစ္စည်း၊ ဆေးဝါးတွေကို အဓိက ဝယ်ပါ။

    ၉။ အိမ်ပြန်ရောက်တာနဲ့ ပါလာတဲ့ ပလတ်စတစ် အိတ်တွေကို သေချာပိုးသတ်ပြီး ဆေးကြောပါ၊ ဒါမှမဟုတ် အမှိုက်အိတ် လုပ်ပြီး မြန်မြန်ပစ်ပါ။

    ၁၀။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက် အစရှိတဲ့ စားစရာတွေကို သေချာ ဆေးကြောပြီး ရေခဲသေတ္တာထဲ သိမ်းဆည်းထားပါ။

    ၁၁။ လုပ်စရာရှိတာ အားလုံး လုပ်ပြီးပြီဆိုရင် အဝတ်အစားတွေကို လျှော်ပါ၊ ခေါင်းလျှော်၊ ရေချိုးတာတွေ လုပ်ပေးပါ။

    မဖြစ်မနေ ဈေးဝယ်ထွက်ရမယ့် ပျိုမေတွေလည်း ခုပြောပြခဲ့တဲ့ အချက်တွေကို သေချာလိုက်နာဖို့ ထပ်ပြီး မှာချင်ပါတယ်။ ဒီရောဂါက ကူးစက်ခံရရင်တောင် လက္ခဏာမပြဘဲ ကိုယ်ခန္ဓာထဲမှာ ရက်ပိုင်းလောက်အထိ ရှိနေနိုင်တာမို့ ကိုယ့်ကြောင့် အိမ်မှာရှိတဲ့ ကိုယ့်မိသားစုဝင်တွေပါ ကူးစက်မခံရဖို့ အရေးကြီးပါတယ်။ ဒီအတွက် ကိုယ်တိုင်ကစလို့ ဆောင်ရန်၊ ရှောင်ရန်တွေ သေချာနားလည်ပြီး စနစ်တကျ ဘေးအန္တရာယ်ကင်းစွာ ဈေးဝယ်တတ်ဖို့တော့ လိုမယ်နော်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    [covid_19]

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement