backup og meta

Covid-19 ကာကွယ်ဖို့ အားဆေးတွေကို အလွန်အကျွံ အားမကိုးပါနဲ့


Ye Myo Myat မှ ရေးသားသည်။ · 22/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Covid-19 ကာကွယ်ဖို့ အားဆေးတွေကို အလွန်အကျွံ အားမကိုးပါနဲ့

    ဒါကတော့ အကြောက်လွန်တာထက် ပြင်ဆင်တာ လွန်သွားတဲ့ အခြေအနေမျိုးပေါ့။ များသောအားဖြင့် လူတွေက ရောဂါဆိုရင် ကြောက်ကြတယ်။ ကြောက်တဲ့အထဲမှာမှ တချို့လူတွေက သေချာ ပြင်ဆင်ကြတယ်။ ကိုယ်ခံအားကောင်းဖို့အတွက်၊ ကျန်းမာစေဖို့အတွက် အစရှိသဖြင့် အားဆေးတွေကို အများအပြား ဝယ်ပြီး လှောင်ထားကြတယ်။ Covid-19 နဲ့ ပတ်သက်ပြီးတော့လည်း အခုချိန်ထိ ဖြေဆေးက ပေါ်မလာသေးဘူး။ ကူးစက်ခံရသူ အရေအတွက်ကလည်း များသထက် များလာတယ်ဆိုရင် ဘယ်လောက်ပဲ ပြင်ဆင်ထားပါစေ လူက ပူပန်လာတော့တာပါပဲ။ အဲ့လို ပူပန်လာပြီဆိုရင် ကိုယ် ပုံမှန်မလုပ်တတ်တဲ့ အမှားမျိုးတွေ မှားတတ်ကြပါတယ်။ အဲ့အမှားကတော့ အားဆေးကို အလွန်အကျွံ သောက်လိုက်ခြင်းပါပဲ။

    တန်ဆေး လွန်ဘေးကို အမြဲ သတိရပါ။

    အစားအစာမှ မဟုတ်ပါဘူး။ ဆေးဝါးနဲ့ ပတ်သက်လာရင်လည်း တန်ဆေး လွန်ဘေး ဆိုတာ ရှိပါတယ်။ လိုအပ်သလောက် သုံးရင် အကျိုးရှိမယ်။ အဲ့ဒီ ပမာဏထက် အလွန်အကျွံ သုံးစွဲရင်တော့ ပြောင်းပြန်ဖြစ်ပြီး ဘေးထွက်ဆိုးကျိုးဖြစ်မှာပါ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာ ကောင်းတဲ့ အလေ့အကျင့် ဆိုပေမယ့် အလွန်အကျူးတော့ မလုပ်သင့်ပါဘူး။

    ဥပမာ ပြောရမယ်ဆိုရင် ကိုယ်ခံအား ကောင်းဖို့အတွက် ဗီတာမင် စီ အားဆေးတွေ သောက်ကြတယ် ဆိုပါတော့။ ပုံမှန် သောက်နေကျ ပမာဏကို ၂လုံးလောက် သောက်လိုက်ရင် ကိုယ်ခံအားများ ပိုကောင်းသွားမလား ဆိုတဲ့ အတွေးမျိုးနဲ့ပေါ့။ ကျွန်တော်တို့ ကိုယ်ခန္ဓာက တစ်နေ့တာ ဘယ်လောက် အာဟာရဓာတ် လိုအပ်သလဲ ဆိုတာ သတ်မှတ်ထားပြီးသားပါ။ အဲ့ဒါထက် ပိုလာပြီဆိုရင်တော့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဒီလိုကာလမျိုးမှာ ကိုယ်ခံအား တက်စေချင်လို့ ဆေးတွေ အများကြီး သောက်လိုက်ကာမှ နေမကောင်းဖြစ်၊ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးတာမျိုး၊ ဆေးခန်းသွားပြလိုက်ရာကနေ တခြားလူတွေကနေ ရောဂါ ကူးစက်ခံရတာမျိုးဆိုရင် ပိုပြီးတောင် အန္တရာယ်များပါတယ်။

    ဒီတော့ ဘယ်လို လုပ်ကြမလဲ။

    အားဆေး မသောက်နဲ့ မပြောပါဘူး။ သောက်လို့ ရပါတယ်။ ကိုယ် ပုံမှန်သောက်နေကျ ပမာဏအတိုင်း အတိအကျ သောက်ပါ (ဆေးဘူးမှာလည်း သောက်သုံးရန် အညွှန်းပါသလို စိတ်မချရင်လည်း ကိုယ်ပြသနေကျ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်လို့ ရပါတယ်) ။ လုံးဝ ပိုမသောက်ပါနဲ့။ ပိုသောက်လို့ ဘာအကျိုးထူးမှ မရဘဲ ဒုက္ခတွေပဲ ပိုများနိုင်ပါတယ်။ မဖြစ်မနေ အားဆေးသောက်မှ ဆိုရင်လည်း ဗီတာမင် A, D, C ဇင့်ဓာတ်၊ သံဓာတ် အားဆေးတွေကို ဆေးအညွှန်းအတိုင်း သောက်ပေးနိုင်ပါတယ်။

    အားဆေးတွေကိုပဲ အရမ်း အားကိုးနေမယ့်အစား ခုလိုမျိုး အိမ်မှာ နေနေတဲ့အချိန် အတွင်းမှာ ညအိပ်ချိန်ကို အနည်းဆုံး ၈ နာရီ အိပ်စက် အနားယူတာ၊ အစာအာဟာရ မျှတစွာ စားပေးတာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ရေများများ သောက်ပေးတာ၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။

    ဂျင်းတွေကို အလွန်အမင်း မယုံကြည်ပါနဲ့။

    လောလောဆယ် လူမှုကွန်ယက် မီဒီယာတွေမှာ တွေ့နေရပါတယ်။ ရှာလကာရည်၊ ဆားငန်ရည်နဲ့ ပလုတ်ကျင်းရင် Covid-19 ကာကွယ်ပေးနိုင်တယ်၊ တမာရွက် ပြုတ်သောက်ရင် Covid-19 ကို ကုသပေးနိုင်တယ် အစရှိသဖြင့် သတင်းအမှားတွေ အစုံပါပဲ။ အရမ်းကြီး အယုံမလွယ်ဖို့ပဲ ကျွန်တော်ကတော့ ပြောချင်ပါတယ်။ ဒီလောက် နည်းလမ်းအလွယ်လေးနဲ့သာ ကာကွယ်နိုင်တယ်၊ ကုသနိုင်တယ်ဆိုရင် ဒီလို ကပ်ဘေး အခြေအနေ ဖြစ်ရလောက်တဲ့အထိ ဆိုးရွားလာမှာ မဟုတ်ပါဘူး။

    သူ့ဟာနဲ့သူတော့ ကောင်းကျိုးတွေ ရှိပါတယ်။ ဥပမာ ဆားငန်ရည်၊ ရှာလကာရည်က ပိုးသေစေတော့ ပလုတ်ကျင်းပေးရင် ခံတွင်းထဲက မကောင်းတဲ့ ရောဂါပိုး တချို့ကို ရှင်းပေးတယ်၊ ခံတွင်းအနံ့ ကောင်းစေတယ်။ တမာရွက်မှာလည်း ကျန်းမာရေးအတွက် အကျိုးထူးတွေ ရှိနိုင်ပါတယ်။ Covid-19 နဲ့ ပတ်သက်ပြီး ဒါတွေက ကာကွယ်ပေးနိုင်တယ်၊ ကုသပေးနိုင်တယ်ဆိုတာကတော့ လောလောဆယ် အခြေအနေ အရ အတိအကျ စစ်ဆေးထားခြင်း မရှိတဲ့အတွက် အရမ်းကြီး ယုံကြည်တာမျိုးတော့ မလုပ်ပါနဲ့။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    [covid_19]

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါ ရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 22/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement