backup og meta

ကိုယ်ခံအားကောင်းဖို့ သောက်နေကြတဲ့ ကွမ်းရွက် ပြုတ်ရည် ဘာတွေ ဆေးဖက်ဝင်သလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ခံအားကောင်းဖို့ သောက်နေကြတဲ့ ကွမ်းရွက် ပြုတ်ရည် ဘာတွေ ဆေးဖက်ဝင်သလဲ

    Covid-19 ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေကြတာ တွေ့ရပါတယ်။ ဘာနည်းတွေလဲဆိုတော့ ဆရာဝန်တွေဆီက အကြံပြုချက်တွေရယ်၊ အွန်လိုင်းပေါ်က ဟိုလူညွှန် ဒီလူညွှန်တာတွေရယ်၊ တိုင်းရင်းဆေးနည်း အယူအဆတွေရယ်၊ သဘာဝဆေးဖက်ဝင် အစားအသောက်တွေရယ် အကုန်ပါပဲ။

    ဒီထဲမှာ မဖြစ်မနေ လိုက်နာသင့်တာက ဆရာဝန်တွေရဲ့ အကြံပြုချက်တွေဖြစ်ပေမယ့် တခြားနည်းလမ်းတွေမှာလည်း အမှားနဲ့ အမှန် ခွဲခြား လက်ခံဖို့သင့်ပါတယ်။ ဘာလို့ဆို လူ့ကျန်းမာရေးကို အကျိုးပြုစေတဲ့ စားသောက်နည်းတွေ လည်း အဲဒီအထဲ ပါဝင်နေလို့ပါပဲ။ အမှန်အမှားကတော့ သတင်းရင်းမြစ်ကို သေချာလေ့လာပြီးမှ ယုံစေချင်ပါတယ်။

    ကွမ်းရွက် ပြုတ်ရည် ဆေးဖက်တကယ်ဝင်သလား

    Covid-19 ဗိုင်းရပ်စ် အတွက် ဆိုင်မဆိုင် လေ့လာတွေ့ရှိမှု မရှိပေမယ့် ကွမ်းရွက်က ကိုယ်ခံအားကောင်းစေတာ အပါအဝင် အသက်ရှူလမ်းကြောင်းပြဿနာတွေနဲ့ ဖျားနာခြင်းကိုတော့ ကာကွယ်နိုင်တဲ့ အာနိသင်ရှိပါတယ်။ လူကြီးသူမတွေ အသုံးများတဲ့နည်းကတော့ ကွမ်းရွက်ကို ထန်းလျက်ခဲလေးနဲ့ပြုတ်ပြီး ကလေး၊ လူကြီး အအေးခံ သောက်သုံးကြတာပါပဲ။ ငယ်ငယ်တုန်းက နေမကောင်းဖြစ်ရင် ဒါမှမဟုတ် နေမကောင်းချင်သလိုလိုဖြစ်ရင် ကွမ်းရွက်ပြုတ်ရည် သောက်ခဲ့ကြဖူးသူ များမှာပါ။

    ကွမ်းရွက် ရဲ့ ဆေးဖက်ဝင်ပုံလေးတွေ ဆက်လေ့လာကြည့်ရအောင် …

    ဆီးချို ထိန်းတယ်

    ကွမ်းရွက်က သွေးတွင်းသကြားဓာတ်ကို ကျစေနိုင်ပါတယ်။ သူ့မှာ ဆီးချိုအတွက် ကောင်းကျိုးရှိတဲ့ tannins ခေါ် မော်လီကျူးလေးတွေ ပါဝင်ပါတယ်။ အယ်ကာလွိုက်ကြောင့်လည်း အူတွင်း ဂလူးကို့စ်စုပ်ယူမှုကို ဟန့်တားပေးတာမို့ သွေးတွင်းသကြားကို ထိန်းပေးစေနိုင်ပါတယ်။

    ရောဂါပိုး ခုခံကာကွယ်နိုင်စွမ်းရှိတယ်

    ကွမ်းရွက်က ရောဂါပိုးမွှား သေစေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ သူ့မှာ ကိုယ်ခံအား မြှင့်တင်ပေးတဲ့ အာနိသင်နဲ့ ကင်ဆာ ကာကွယ်တဲ့ အာနိသင်လည်း ရှိပါတယ်။

    အနာကျက် မြန်စေတယ်

    အနာကျက် မြန်စေတဲ့ သူ့ရဲ့ အာနိသင်ကြောင့် အနာမှာ ကွမ်းရွက်အုံပေးတာမျိုး ရှေးတည်းက ကုသနည်းတွေ ရှိခဲ့ပါတယ်။

    ချောင်းဆိုး၊ ရင်ကျပ် သက်သာစေတယ်

    ချောင်းဆိုးပြီဆို ကွမ်းရွက်ကို အရည်ကြိတ်ပြီး သောက်ရတာမျိုး လူကြီးသူမတွေ သုံးလေ့ ရှိပါတယ်။ မုန်ညင်းဆီ ထဲ နှစ်ပြီး နည်းနည်း နွမ်းအောင် မီးအပူပေးထားတဲ့ ကွမ်းရွက်ကို ရင်ဘတ်မှာ ကပ်ရင် အဆုတ်ထဲ ချွဲကျပ်တာ သက်သာတယ်လို့ ဆိုကြပါတယ်။

    ကလေးတွေ ချောင်းဆိုး၊ ချွဲထနေရင် ကွမ်းရွက် ကြိတ်ရည်ကို ပျားရည် နည်းနည်း ထည့်ပြီး တိုက်လို့ရပါတယ်။ ဒါ့ကြောင့်ပဲ ပန်းနာရင်ကျပ် အတွက်လည်း သက်သာစေနိုင်တာ ဖြစ်ပါတယ်။

    ကင်ဆာ ကာကွယ်တယ်

    ကွမ်းရွက် မှာ ကင်ဆာကာကွယ်တဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ အများကြီးပါဝင်ပါတယ်။ ကွမ်းရွက်ကို ဝါးစားပေးမယ်ဆိုရင် ခံတွင်းထဲမှာ ရှိတဲ့ ascorbic acid ပမာဏကို ထိန်းညှိပေးပြီး ခံတွင်းကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကွမ်းရွက် ၁၀ ရွက်၊ ၁၂ ရွက်လောက်ကို ရေနွေးဆူဆူထဲ ထည့်ပြုတ်ပြီး ပျားရည်နည်းနည်းထည့် သောက်သုံးပေးမယ် ဆိုရင် ကင်ဆာကာကွယ်ဖို့ အထောက်အပံ့ ဖြစ်စေမှာပါ။

    ဆိုးကျိုး ဘာတွေ ရှိနိုင်သလဲ

    ကွမ်းရွက်ကို ဝါးစားလိုက်တဲ့အခါ ထွက်ရှိလာတဲ့ ဓာတ်ပစ္စည်းတွေက ကွမ်းသီး၊ ထုံး တို့နဲ့ ပေါင်းစပ်လိုက်ရင် ဓာတ်ပြုနိုင်ပါတယ်။ အဲဒီအခါ ကွမ်းစားတတ်တဲ့သူတွေမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိလာပါလိမ့်မယ် –

    • ခံတွင်းကျန်းမာရေး ပြဿနာ
    • စိတ်ပိုင်းဆိုင်ရာ ပြဿနာ
    • အာရုံကြော စနစ် ပြဿနာ
    • ခံတွင်းကင်ဆာ နဲ့ အစာရေမျို ကင်ဆာ
    • အူတွင်း အကျိုးပြုဘက်တီးရီးယား ပြဿနာ
    • ကိုယ်ဝန်နဲ့ ကလေးဖွံ့ဖြိုးမှု ကို ဆိုးကျိုးသက်ရောက်မှု (မိခင် ကွမ်းစားရင်)
    • ကွမ်းစွဲလမ်းခြင်း ပြဿနာ တို့ အပါအဝင် ဆိုးကျိုးတွေရှိနိုင်ပါတယ်။

    ဒါ့ကြောင့် သဘာဝပစ္စည်း တွေမှာ ဘယ်လောက်ပဲ ဆေးဖက်ဝင် အာနိသင်တွေ ရှိနေပါစေ၊ သုံးစွဲပုံ မမှန်ကန်ရင်၊ မှားယွင်း အသုံးချရင် အကျိုးကျေးဇူး မရနိုင်ပါဘူးနော်။ ကွမ်းရွက်က ဆေးဖက်ဝင်တယ်ဆို ကွမ်းစားတာ ကောင်းတယ်လို့ မတွေးလိုက်ဖို့ လိုပါတယ်။

    ဆေးဖက်ဝင်ချင်တယ်ဆို ဆေးဖြစ်ဝါးဖြစ် နည်းလမ်းကျကျ သုံးစွဲပါ။ ဥပမာ တိုင်းရင်းဆေး ဆိုရင် ဆေးနည်းမှန်မှန်နဲ့ သေချာ ပြုလုပ်ပါ၊ တွေ့ရာ ထင်ရာ နည်းလမ်းတွေ၊ အတွေးအမြင်တွေ မခံယူလိုက်ပါနဲ့ လို့သတိပေးချင်ပါတယ်။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement