backup og meta

ရုံးဖွင့်ချိန်မှာ မနက်စာ မလွတ်စေဖို့


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရုံးဖွင့်ချိန်မှာ မနက်စာ မလွတ်စေဖို့

    သိပ်မကြာခင်မှာ ရုံးတွေ ပြန်ဖွင့်တော့မှာဆိုတော့ ကိုယ်စီကိုယ်ငှ ရုံးပြန်တက်ကြရတော့မယ်။ Stay homeမှာ ညဘက်ကို နောက်ကျတဲ့ထိ နေပြီး မနက်ကို နောက်ကျမှ ထခဲ့တော့ ခုဆို တော်တော်အကျင့်ပျက်နေပါပြီ။ ဒီတစ်ခါ ရုံးပြန်ဖွင့်ရင် အရင်လိုပဲ ရုံးကို အချိန်မီရောက်ဖို့ ရုန်းကန်ရဦးမှာပါ။ မနက်ကလည်း မထချင် ရုံးကိုလည်း အချိန်မီသွားချင် ကြားထဲက မနက်စာ လွတ်တာတွေ ရှိလာတော့မှာပါ။ တခြားအချိန်ဆို မပြောလိုပေမယ့် ကိုဗစ်ကာလမှာတော့ ကိုယ်ခံအား ကောင်းနေမှ ဖြစ်မှာ မို့လို့ မနက်စာကိုတော့ သေသေချာချာလေး စားစေချင်ပါတယ်။ ဒီတော့ နည်းလမ်းလေးတွေ ကြည့်လိုက်ရအောင်။

    မနက်စာ စားခြင်းရဲ့ ကျေးဇူးများ

    တစ်နေ့တာရဲ့ ပထမဆုံးအစားအစာဖြစ်တဲ့ မနက်စာက လူ့ခန္ဓာကိုယ်အတွက် တော်တော်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့

    • မနက်စာက တစ်ညလုံး ဆာလောင်သမျှကို ပြေပျောက်စေပါတယ်။
    • သကြားဓာတ်ကို ပြန်သိုလှောင်ပေးပါတယ်။
    • ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပါတယ်။
    • တစ်နေ့တာလုံး လိုအပ်တဲ့ စွမ်းအင်ကို ပေးနိုင်ပါတယ်။ ဒါ့ပြင်
    • မနက်စာကို လုံလုံလောက်လောက်စားထားရင် နောက်အနပ်တွေမှာ အလွန်အကျွံစားမိတာမျိုး မဖြစ်တော့ပါဘူး။
    • အာရုံစူးစိုက်မှုကို ကောင်းစေပါတယ်။
    • ကိုယ်ခံအားကိုလည်း မြှင့်တင်နိုင်ပါသေးတယ်။ ဒါကြောင့် မနက်ခင်းမှာ မနက်စာကို မလွတ်စေချင်တာပါ။

    မနက်စာ လွတ်ရခြင်းရဲ့ ဆင်ခြေများ

    • အချိန်မရှိလို့

    နေ့တိုင်း ရုံးကို အချိန်မီအောင် မနည်းသွားနေရတာ မနက်စာစားဖို့ ဘယ်မှာ အချိန်ရှိပါ့မလဲ။ မနက်စာ ပြင်ဖို့ဆို ဝေလာဝေးပဲ။

    ဖြေရှင်းနည်း – ဒါဆို ရုံးသွားရင်း ကားပေါ်မှာ စားပါ။ အိမ်မှာ မနက်စာစားဖို့ ပေါင်မုန့်နဲ့ ပဲနို့လိုမျိုး လွယ်လွယ်ကူကူတွေ ဝယ်ထားပြီး ကားပေါ်မှာ စားပါ။ ကားကကြပ်တယ်။ စားဖို့မလွယ်ဘူးဆိုရင်လည်း ရုံးသွားတဲ့ လမ်းမှာ တစ်ခုခု ဝယ်ထားပြီး ရုံးရောက်တာနဲ့ စားပါ။

    • ရုံးနောက်ကျနေတာများပြီ။

    ဒီလိုခေတ်ကြီးမှာတော့ ၁၀မိနစ်လောက် အိပ်ရာထနောက်ကျလိုက်တာနဲ့ ရုံးကို နာရီဝက်လောက် နောက်ကျမှ ရောက်ဖို့ သေချာသလောက်ပါပဲ။ ကားတွေ၊ လမ်းတွေက ကြပ်တာကိုး။ ဒါကြောင့် အိပ်ရာထနောက်ကျရင်တောင် ရုံးချိန်မီဖို့အတွက် မနက်စာလေးကို စွန့်လွှတ်လိုက်ရတာပေါ့။

    ဖြေရှင်းနည်း – တစ်နေ့ကို ၅မိနစ်လောက်ကစ အကျင့်လုပ်ပြီး စောစောအိပ် စောစောထပါ။ နာရီဝက်လောက်ထိ စောစောအိပ် စောစောထနိုင်ပြီဆိုရင် တော်တော်ဟန်ကျနေပါပြီ။ နာရီဝက်လောက် မနက်စောစောနိုးနေမယ်ဆိုရင် မနက်စာပြင်ဖို့ရော စားဖို့ရော အချိန်ကောင်းကောင်းရနေပါပြီ။ အေးအေး ဆေးဆေး ပြင်ဆင်ချိန်လည်း ရတာကြောင့် မိုးလင်းတာနဲ့ ဝရုန်းသုန်းကား ရုံးသွားရတာမျိုး ရှိတော့မှာ မဟုတ်ပါဘူး။

    တော်တော်များများထင်ကြတာက မနက်စာကို ဖြတ်လိုက်ရင် ကယ်လိုရီနည်းသွားမယ်လို့ပါ။ တကယ်တော့ ဒါဟာ ပြောင်းပြန်ပါပဲ။ လေ့လာချက်တွေအရ မနက်စာလွတ်ရင် လူက ပိုဆာလာပြီး နောက်အနပ်တွေကျရင် များများစားမိတတ်ပါတယ်။ ဒါကြောင့် မနက်စာ မစားဘဲနေတာက သင့်ရဲ့ ဝိတ်ချတဲ့အစီအစဉ်ကို အထောက်အကူမပြုပါဘူး။ တစ်နေကုန်ဆာလောင်နေပြီး မြင်မြင်သမျှ ပါးစပ်ထဲ ထည့်မိနေမှာပါ။

    ဖြေရှင်းနည်း – မနက်စာကို အာဟာရှိရှိစားပါ။ နေ့လယ်စာ မစားခင်အထိ အဆာခံနိုင်အောင် စားထားပါ။ ဒါမှ မလိုအပ်ဘဲ တခြားကယ်လိုရီများတဲ့ မုန့်တွေ မစားမိမှာပါ။

    • မနက်ဆို စားချင် သောက်ချင်စိတ်ကို မရှိပါဘူး။ အစာအိမ်က အကျင့်မရှိဘူးနဲ့ တူပါတယ်။

    တော်တော်များများဆီက ဒါမျိုး ကြားဖူးပါတယ်။ ဒါက စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် ခံစားချက်ပိုင်းဆိုင်ရာတွေကြောင့်ပါ။ ကျန်းမာရေးအရတော့ ညက ၈နာရီလောက် အစာငတ်ထားတဲ့ ခန္ဓာကိုယ်ပဲ။ သေချာပေါက် ဆာလောင်နေတာပေါ့။ သင်နိုးနေတဲ့အချိန် ၈နာရီလုံးလုံး ဘာမှ မစားမသောက်ဘဲ နေကြည့်ပါလား။ ခံနိုင်ရည်ရှိမလားလို့။

    ဖြေရှင်းနည်း – အစာအိမ်က ကျင့်သားမရသေးပေမယ့် ခန္ဓာကိုယ်က လိုအပ်နေတာမို့လို့ ကြိုးစားပြီး စားကြည့်ပါ။ တစ်ညလုံး ဆာလောင်ထားတာကြောင့် မနက်ခင်းမှာ စားလိုက်တဲ့ မနက်စာက သင့်ကို အားအင်အပြည့် ပေးပါလိမ့်မယ်။

    • မနက်မိုးလင်းရင် ဘာမှ ချက်ပြုတ်ပြင်ဆင်ချင် စိတ်ကို မရှိပါဘူး။

    ဒါကတော့ နားလည်ပေးလို့ရပါတယ်။ အိပ်ရာက အသည်းအသန်ထပြီး ကိုယ့်ကိုယ်ကိုတောင် မနည်း ပြင်ဆင်နေရတာ မနက်စာပါ ချက်ရဦးမယ်ဆိုရင် ကရိကထများတာပေါ့။

    ဖြေရှင်းနည်း –  ချက်မနေပါနဲ့။ ရုံးသွားရင်းနဲ့ လမ်းမှာ တစ်ခါတည်း ဝယ်စားသွားလိုက်ပါ။

    ဒီဆင်ခြေတွေကို ကြည့်မယ်ဆိုရင် ဖြေရှင်းလို့မရတာတွေ မဟုတ်ပါဘူး။ နည်းနည်းလောက် ဝီရီယစိုက်ထုတ်ပြီး ကြိုးစားလိုက်ရင် မနက်တိုင်း မနက်စာ စားနိုင်ပါပြီ။ တခြားနည်းလမ်းတွေလည်း ပြောပြပါဦးမယ်။

    မနက်စာ မလွတ်စေမယ့် tipsများ

    ပြန်ချုပ်ပေးရရင်

    • ညကို စောစောအိပ်ပြီး မနက်ကို စောစောထပါ။ ၅မိနစ်လောက်က စကြိုးစားကြည့်ပါ။ နာရီဝက်လောက်ဆို တော်တော်အဆင်ပြေနေပါပြီ။
    • အိပ်ရာနိုးတာနဲ့ ဘာမှမလုပ်ခင် ရေနွေးအိုးတည်တာ၊ ထမင်းအိုးတည်တာ အရင်လုပ်ပါ။ သင်လည်း ရေမိုးချိုးပြီးရော ရေနွေးအိုးလည်း ဆူနေလောက်ပါပြီ။
    • ညတည်းက မနက်ဘာစားမလဲဆိုတာ ကြိုစဉ်းစားထားပါ။ မနက်ကျမှ စဉ်းစားနေရရင် ကြာပါတယ်။ ပြီးတော့ စားဖို့ ပန်းကန်ခွက်ယောက်တွေကို ညတည်းက စားပွဲပေါ် တင်ထားပါ။ မနက်စာပြင်ဖို့ အချိန်နည်းနည်း ပိုရတာပေါ့။
    • အိမ်မှာ အလွယ်စားလို့ရတာလေးတွေ  စုဆောင်းထားပါ။ ဥပမာ ခေါက်ဆွဲထုပ်၊ ကော်ဖီ၊ ပေါင်မုန့်၊ ပဲနို့။ ပါးစပ်ထဲ အလွယ်သွပ်လို့ရတာတွေပေါ့။
    • ရုံးဆင်းရင် နောက်နေ့အတွက် မနက်စာကို ကြိုဝယ်ထားလို့ရပါတယ်။ ဥပမာ ပဲပြုတ်တို့၊ အုတ်ဂျုံတို့။ စကားစပ်မိလို့ ပြောရရင် အုတ်ဂျုံဝယ်ထားတာ တော်တော်လေး အဆင်ပြေပါတယ်။ အုတ်ဂျုံကို ရေနွေးဖြော၊ ကြက်ဥဖောက်ထည့်၊ သကြား ဒါမှမဟုတ် နို့မှုန့်နဲ့ ဖျော်စားတာက အင်မတန်လွယ်ပြီး အာဟာရလည်း ဖြစ်ပါတယ်။
    •  နောက်ထပ်နည်းလမ်းတစ်ခုကတော့ အိမ်မှာ မစားဘဲ ရုံးမှာ စားမယ့်သူတွေအတွက်ပါ။ အိမ်ကနေ စောထွက်ပြီး ရုံးကို စောသွားပါ။ လမ်းမှာ ကားကြပ်တာကို ရှောင်နိုင်တဲ့အပြင် ရုံးမတက်ခင် ရောက်နေတာ့ စိတ်ချရတာပေါ့။ ရုံးရောက်မှ အိမ်က ယူလာတဲ့ မနက်စာကို ဖွင့်စားတာ၊ မှာစားတာ လုပ်လို့ရပါတယ်။

    မနက်စာ စားဖြစ်အောင်စားမယ်လို့ ဆုံးဖြတ်ချက်ချထားပါ။ စားရင်း စားရင်းနဲ့ အကျင့်ဖြစ်လာပြီး မစားရ မနေနိုင် ဖြစ်လာပါလိမ့်မယ်။ ကိုယ်တိုင်ပြင်ဆင်ပြီး စားရတဲ့ မနက်စာက သင့်ကို ပျော်ရွှင်ကျေနပ်စေပါတယ်။ ခုလို အချိန်မှာ အာဟာရပြည့်ဝတဲ့ မနက်စာစားပြီး ကျန်းကျန်းမာမာနဲ့ အလုပ်လုပ်ဖို့ အကြံပြုလိုပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    [covid_19]

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement