backup og meta

တီဘီ ကာကွယ်ဆေးကCOVID-19အတွက်အဖြေတစ်ခုဖြစ်လာမလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တီဘီ ကာကွယ်ဆေးကCOVID-19အတွက်အဖြေတစ်ခုဖြစ်လာမလား။

    COVID-19 အတွက် ကမ္ဘာ့နိုင်ငံ တော်တော်များများက ပညာရှင်တွေက ကာကွယ်ဆေးနဲ့ ကုသဆေးကို အပူတပြင်း ရှာဖွေနေကြပါပြီ။ အခုမှ တွေ့ဖူးတဲ့ ဗိုင်းရပ်စ်ဆိုပေမယ့် ကူးစက်နှုန်းမြန်ပြီး ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားခံရတာကြောင့် တတ်နိုင်သမျှ စမ်းသပ်မှုတွေလုပ်ပြီး ဆေးတွေ တီထွင်ဖို့ ကြိုးစားနေပါတယ်။ ဒီထဲမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ သတင်းတစ်ခုကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာတည်းက ရှိခဲ့တဲ့ တီဘီ ကာကွယ်ဆေးက COVID-19ကို ကာကွယ်နိုင်မလားဆိုတဲ့ စမ်းသပ်ချက်တွေ လုပ်နေတာပဲ ဖြစ်ပါတယ်။ အသေးစိတ်ကို ဆက်ကြည့်ရအောင်။

    တီဘီ ကာကွယ်ဆေးဆိုတာ ဘာလဲ။

    Bacillus Calmette-Guérin (BCG) လို့ ခေါ်တဲ့ ဒီကာကွယ်ဆေးဟာ တီဘီ ရောဂါကို ကာကွယ်ဖို့ တီထွင်ထားတာပါ။ သာမန် တီဘီထက် ပြင်းထန်တီဘီ၊ ဦးနှောက်အမြှေးရောင်တီဘီ လို့ ပြောရင် ပိုမှန်ပါတယ်။ ၁၉၂၀လောက်တည်းက ပေါ်ခဲ့တဲ့ ဒီကာကွယ်ဆေးက ခုဆိုရင် နှစ် ၁၀၀ ရှိသွားပါပြီ။ လက်ရှိမှာလည်း မွေးစမှာ ထိုးရမယ့် ကာကွယ်ဆေးမှာ ပါနေတဲ့အတွက် တစ်နှစ်ကို ကလေး သန်းပေါင်း ၁၃၀ကို ထိုးပေးနေပါတယ်။  ဒီကာကွယ်ဆေးက ပြင်းထန် တီဘီရောဂါကို ကာကွယ်ပေးနိုင်ရုံသာမက ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ကို တိုင်ထုတ်မယ့် ခန္ဓာကိုယ်ရဲ့ ခုခံအားကို တက်စေတဲ့ အတွက် ပညာရှင်တွေအတွက် မျှော်လင့်ချက် တစ်ခု ဖြစ်လာတာပါ။

    လက်ရှိမှာ တီဘီ ကာကွယ်ဆေးနဲ့ ပတ်သတ်ပြီး ဘာစမ်းသပ်ချက်တွေ လုပ်နေပြီလဲ။ 

    ဒီမတ်လ နောက်ဆုံးပတ်က စပြီး သြစတေးလျ၊ မဲလ်ဘုန်းက Murdoch Children’s Research Institute (MCRI)မှာ စပြီး စမ်းသပ်နေပါပြီ။ ဒီစမ်းသပ်ချက်မှာ သြစတေးလျနိုင်ငံ ဆေးရုံတွေမှာ အလုပ်လုပ်တဲ့ ကျန်းမာရေး ဝန်ထမ်းပေါင်း ၄၀၀၀ ပါဝင်မှာ ဖြစ်ပြီး ၆လကြာမှာ ဖြစ်ပါတယ်။ စမ်းသပ်ချက် မစခင် တစ်ခါ၊ အပြီးမှာ တစ်ခါ COVID-19 ကို စစ်ဆေးမှာ ဖြစ်ပြီး ဒီကြားထဲမှာ ဘယ်သူတွေ လက္ခဏာပြလဲ၊ ဘယ်သူတွေ ရောဂါကူးစက်ခံရလဲ၊ ဘယ်သူတွေ ပျောက်ကင်းသွားလဲဆိုတာကို စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။

    နယ်သာလန်၊ ဂျာမနီနဲ့ ယူကေမှာလည်း အလားတူ စမ်းသပ်ချက်တွေ စနေပါပြီ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ဒီစမ်းသပ်ချက်ကို ကူညီဖို့ ကမ္ဘာ့နိုင်ငံတွေကို အကူအညီတောင်းထားပါတယ်။

    ဘာလို့ တီဘီ ကာကွယ်ဆေးကို ရွေးရတာလဲ။

    ပြောခဲ့သလိုပဲ ဒီကာကွယ်ဆေးက တီဘီ ရောဂါကိုသာမက ခန္ဓာကိုယ်ရဲ့ ခုခံအားကို ထိန်းကျောင်းပေးတဲ့ အတွက် ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်နိုင်ပါတယ်။ အရင်က ခုကိုရိုနာဗိုင်းရပ်စ်နဲ့ အလားတူ ဗိုင်းရပ်စ်ကို ကာကွယ်ဖို့ စမ်းသပ်တဲ့ အခါမှာလည်း ကိုယ်ထဲမှာ ဗိုင်းရပ်စ် ပမာဏ နည်းသွားတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီ COVID-19 မှာလည်း အလုပ်ဖြစ်မလားဆိုပြီး စမ်းသပ်ကြည့်တာပါ။

    Otazu (နယူးယောက် နည်းပညာဌာနမှ ဇီဝဆေးပညာ သိပ္ပံပညာရှင်) အဆိုအရ တီဘီကာကွယ်ဆေးထိုးဖို့ ပေါ်လစီချထားပြီး ထိုးထားတဲ့ နိုင်ငံတွေဟာ မထိုးထားတဲ့ နိုင်ငံတွေထက် COVID-19 ကြောင့် အသေအပျောက်နည်းတာကို တွေ့ရပါတယ်။ ဟိုးအရင်ကတည်းက ထိုးတဲ့ နိုင်ငံတွေဟာ အသေအပျောက်ပိုနည်းပြီး သက်ကြီးရွယ်အိုတွေကို COVID-19 ဒဏ်ကနေ ပြင်းပြင်းထန်ထန် မခံစားရအောင် ကာကွယ်နိုင်တာကို တွေ့ရပါတယ်တဲ့။

    ဒါနဲ့ ဆန့်ကျင်ဖက် တီဘီ ကာကွယ်ဆေးထိုးဖို့ ပေါ်လစီမရှိတဲ့ နိုင်ငံ ဥပမာ အီတလီနဲ့ အမေရိကန်နိုင်ငံ (ဖွံ့ဖြိုးပြီးနိုင်ငံ)မှာ COVID-19 ဒဏ်ကို ကြီးကြီးမားမား ခံစားရတာ မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။

    ဒီလို ဆက်စပ်မှုတွေ ရှိနေပေမယ့်လည်း တီဘီ ကာကွယ်ဆေးက တကယ်ပဲ COVID-19 အတွက် အလုပ်ဖြစ်ပါ့မလားဆိုတာ ဆက်လက် လေ့လာမှုတွေ လုပ်ရဦးမှာပါ။ ပညာရှင်တွေကတော့ ဒီဆေးက COVID-19 ကို မကာကွယ်နိုင်ရင်တောင် ရောဂါပြင်းထန်နှုန်းကို လျှော့ချဖို့၊ သေနှုန်းကို လျှော့ချဖို့ မျှော်လင့်နေကြပါတယ်။

    မြန်မာနိုင်ငံ အနေနဲ့ရော တီဘီ ကာကွယ်ဆေးရှိပြီလား။

    မြန်မာနိုင်ငံမှာ ၁၉၇၈တည်းက တီဘီ ကာကွယ်ဆေးကို တိုးချဲ့ကာကွယ်ဆေးအစီအစဉ်မှာ စထည့်ပါတယ်။ ဒါကြောင့် တကယ်သာ ထိုးထားမယ်ဆိုရင် အသက် ၄၂နှစ်အောက်တွေ အကုန် ထိုးပြီးပါပြီ။ အလွယ်သိချင်ရင် ဘယ်ဘက်လက်မောင်းမှာ အမာရွတ်ကျန်မကျန် စစ်ကြည့်လိုက်ပါ။ ဒီကာကွယ်ဆေးက ထိုးတဲ့သူ တော်တော် များများမှာ အမာရွတ်ကျန်ပါတယ်။ ပြင်းထန်တီဘီကို ကာကွယ်ဖို့ ထိုးတဲ့ ကာကွယ်ဆေးအနေနဲ့ ပြောမယ်ဆိုရင် မွေးစမှာ ထိုးတာ အကောင်းဆုံးပါ။ လူကြီးဖြစ်မှဆိုရင် သိပ်အကျိုးမထူးပါဘူး။

    COVID-19 အတွက်တော့ ခုထိ တိကျတဲ့ အဖြေကို မပေးနိုင်သေးပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်ဆေး ထိုးထားပြီးသားဆိုပြီး စိတ်ချမနေဘဲ လိုက်နာရမယ့် ကာကွယ်နည်းတွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ပြောတဲ့ နည်းလမ်းတွေကို လိုက်နာဖို့ လိုပါတယ်။

    အနှစ်ချုပ်

    ပြန်ချုပ်ရမယ် ဆိုရင် တီဘီကာကွယ်ဆေးကို COVID-19အတွက် သုံးနိုင်မလားလို့ စပြီး စမ်းနေကြပါပြီ။ ဒါလည်း အဖြေတစ်ခု ရဖို့ လနဲ့ချီ ကြာမှာပါ။ ဒါပေမယ့် တကယ့် COVID-19 ကာကွယ်ဆေးကို မထုတ်နိုင်ခင် စပ်ကြား ဒီဆေးက COVID-19ကြောင့် သေဆုံးနှုန်းကို လျှော့ချဖို့၊ ရောဂါပြင်းထန်နှုန်းကို လျှော့ချဖို့ အသက်ကယ်ဆေးဖြစ်မလားဆိုတာကို စောင့်ကြည့်နေကြပါတယ်။ ဒီဆေးနဲ့  တကယ့် ကာကွယ်ဆေး ထုတ်ဖို့ အချိန်ကို ဆွဲထားနိုင်ဖို့လည်း မျှော်လင့်နေကြပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement