backup og meta

ဆီးချိုရှိတဲ့သူတွေ Covid 19 ရောဂါမဖြစ်အောင် ဘာကြောင့် ပိုပြီးဂရုစိုက်သင့်လဲ။ ဘယ်လို ကာကွယ်ကြမလဲ။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရှိတဲ့သူတွေ Covid 19 ရောဂါမဖြစ်အောင် ဘာကြောင့် ပိုပြီးဂရုစိုက်သင့်လဲ။ ဘယ်လို ကာကွယ်ကြမလဲ။

    လက်ရှိ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတော်များများမှာ Covid 19 ရောဂါကူးစက်မှုနှုန်းတွေ တစ်နေ့တခြား ပိုပိုများပြားလာတဲ့အပြင် ပြင်းထန်ရောဂါဖြစ်ပွားနှုန်းနဲ့ သေနှုန်းတွေလည်း များလာတာကိုတွေ့ရပါတယ်။ အဲဒီလို ပြင်းထန်တဲ့ ရောဂါအခြေအနေခံစားနေရသူတွေနဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေကို ကြည့်လိုက်မယ်ဆိုရင် ဆီးချိုဝေဒနာရှင်တွေ အများကြီးပါနေတာကို တွေ့ရမှာပါ။ ဒါ့ကြောင့် ဒီနေ့ဆောင်းပါးလေးမှာတော့ ဆီးချိုရောဂါအခံရှိတဲ့သူတွေအနေနဲ့ ဘာ့ကြောင့် Covid 19 ရောဂါပိုးမကူးစက်အောင် အခြားသူတွေထက်ပိုပြီး ဂရုစိုက်သင့်တယ်၊ ဘယ်လိုဂရုစိုက်ကြမယ် ဆိုတဲ့ အချက်လေးတွေကို မျှဝေပေးသွားပါမယ်။

    ဆီးချိုရောဂါနှင့် covid 19

    ကမ္ဘာအနှံ့မှာ ကြောက်မက်ဖွယ်ဖြစ်ပွားနေတဲ့ Covid 19 ကပ်ရောဂါကြီးကို လူတိုင်း လူတိုင်း ကာကွယ်သင့်တာကတော့ မလွဲမသွေပဲဖြစ်ပါတယ်။ ဒါပေမယ့် သင့်မှာ ဆီးချိုရောဂါရှိနေပြီဆိုရင်တော့ အခြားပုံမှန်သူတွေထက် ပိုပြီး ဂရုစိုက်ကာကွယ်သင့်ပါတယ်။

    ဘာကြောင့်ပိုပြီး ဂရုစိုက်ကာကွယ်သင့်လဲ။

    ဆီးချိုရောဂါရှိတဲ့သူတွေဟာ သာမာန်လူတွေနဲ့ ကူးစက်ခံရနိုင်ခြေအတူတူပဲဖြစ်ပါတယ်။ ဒါပေမယ့် သွေးတွင်းအချိုဓာတ်များခြင်းက ခုခံအားကို ကျစေပြီး ဝင်လာတဲ့ ရောဂါပိုးကို ပြန်လည်တိုက်ခိုက်နိုင်စွမ်း လျော့နည်းစေတာကြောင့် ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ပိုဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ရောဂါအခြေအနေလည်း ပိုပြင်းထန်နိုင်တဲ့အတွက် အသက်ဆုံးရှုံးနိုင်ခြေပိုများပါတယ်။

    ဆီးချိုရောဂါရဲ့ သဘောသဘာ၀ ကိုယ်တိုင်ကလည်း အဝလွန်၊ သွေးတိုး၊ နှလုံးစတဲ့ ရောဂါအခြေအနေတွေနဲ့ တွဲပြီးဖြစ်နိုင်ခြေများတာကြောင့် ဆီးချိုရောဂါရှိတဲ့သူတွေမှာ Covid 19 ဖြစ်တဲ့အခါ ဆရာဝန်တွေအနေနဲ့လည်း ထိန်းချုပ်ကုသရ ခက်ခဲပြီး အခြေအနေတိုးတက်မှုလည်း မကောင်းဘဲ သေနှုန်းလည်းပိုများရခြင်းဖြစ်ပါတယ်။

    ဘယ်လိုကာကွယ်ကြမလဲ။

    အကောင်းဆုံးနည်းလမ်းကတော့ “Stay Home”  အိမ်မှာနေတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ဆီးချိုဝေဒနာရှင်တွေ အိမ်မှာနေရုံနဲ့ မပြီးပါဘူး။ သူနဲ့ အတူနေတဲ့ မိသားစုကလည်း အရေးကြီး မဖြစ်မနေသွားရမယ့် ကိစ္စမှလွဲပြီး အပြင်မထွက်ကြဖို့၊ လူထူထပ်တဲ့ နေရာတွေကို မသွားဖို့ အရေးကြီးပါတယ်။ ကိုယ့်အိမ်မှာ အတူနေ သက်ကြီးရွယ်အိုတွေ၊ ဆီးချိုရောဂါရှိသူတွေ၊ အခြားရောဂါအခံရှိတဲ့သူတွေ ရှိတယ်ဆိုရင်လည်း လူငယ်တွေအနေနဲ့ ပိုပြီး ဂရုစိုက်ပေးဖို့ တိုက်တွန်းချင်ပါတယ်။

    မဖြစ်မနေ အပြင်ထွက်ရမယ်ကိစ္စရှိတဲ့အခါမှာလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း

    ၁။ mask (သို့) နှာခေါင်းစည်းကို လုံခြုံအောင်တပ်ဆင်ပါ။

    ၂။ လက်ကို ဆပ်ပြာနဲ့ ရေ (သို့) alcohol 70% ပါဝင်တဲ့ hand gel နဲ့ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် မကြာခဏ ဆေးကြောပေးပါ။

    ၃။ လူထူထပ်တဲ့ နေရာတွေသွားခြင်းကို ရှောင်ကြဉ်ပါ။

    ၄။ တစ်ယောက်နှင့် တစ်ယောက် ခြောက်ပေအကွာမှ ပြောဆိုဆက်ဆံပါ။

    ၅။ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ကို မထိမိ မကိုင်မိအောင် သတိထားပါ။

    စတဲ့လမ်းညွှန်ချက်တွေကို တိတိကျကျလိုက်နာဖို့ လိုအပ်ပါတယ်။

    ဒါ့အပြင် ဆီးချိုရောဂါရှိတဲ့သူတွေအနေနဲ့ အောက်ပါအချက်လေးတွေကိုလည်း ဂရုစိုက်ရပါမယ်။

    ၁။ သွေးတွင်းအချိုဓာတ်ကို မကြာခဏစစ်ဆေးပေးပါ။

    ဖြစ်နိုင်ရင် ဆီးချိုစစ်ဆေးတဲ့ စက်ကို အိမ်မှာဝယ်ထားပြီး မကြာခဏ စစ်ဆေးကြည့်သင့်ပါတယ်။

    ၂။ ပုံမှန် ဆေးထိုး (သို့) ဆေးသောက်ပါ။

    ဆီးချိုရောဂါကို ထိန်းချုပ်ဖို့အတွက် ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း ဆေးကို ပုံမှန်သောက်ပါ (သို့) insulin ထိုးရတဲ့သူတွေလည်း မမေ့မလျော့ ထိုးသင့်ပါတယ်။

    ၃။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    ရက်ချိန်းတိုင်း (သို့) နေမကောင်းတဲ့အခါ၊ ဆီးချိုအလွန်အကျွံတက်နေတဲ့အခါ ဆရာဝန်နဲ့ ဖုန်း၊ message၊ online စတဲ့ media တစ်ခုခုကနေ ဆက်သွယ်ပြီး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လိုမှ ဆေးရုံဆေးခန်းသွားပါ။

    ၄။ အစားအသောက်ကို ဂရုတစိုက်စားသုံးပါ။

    သွေးတွင်းအချိုဓာတ်ကို ထိန်းထားနိုင်ဖို့အတွက် အချိုတွေရှောင်ပြီး အားရှိစေမယ့် အစားအစာတွေနဲ့ ခုခံအားကို မြှင့်တင်ပေးနိုင်တဲ့ အစားအသောက်တွေကို ဂရုတစိုက်စားသင့်ပါတယ်။ ဆီးချိုတက်မှာစိုးပြီး လုံးဝမစားတာမျိုးမလုပ်ဖို့လည်း သတိပေးချင်ပါတယ်။ အဲဒီလို အစာမစားတဲ့အခါ ခုခံအားလည်းမကောင်း၊ Covid 19 အတွက်လည်း အန္တရာယ်လည်း ပိုများနိုင်ပါတယ်။ ဒါ့အပြင် အချိုဓာတ်နည်းပြီး မူးတာ၊ မေ့လဲတာတွေ ဖြစ်နိုင်ပါတယ်။

    ၅။ အိပ်ရေးဝအောင်အိပ်ပါ။

    အိပ်ရေးဝအောင် အိပ်စက်ခြင်းဟာလည်း ကိုယ်ခံအားကောင်းစေဖို့ ကူညီပေးနိုင်တဲ့အတွက် အိပ်ရေးဝအောင် အိပ်စက်ဖို့ မမေ့ပါနဲ့နော်။

    ၆။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

    လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဆီးချိုကို ကောင်းကောင်းထိန်းချုပ်နိုင်ဖို့ ကူညီပေးတဲ့ နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ Covid 19 အချိန်မှာ အပြင်ထွက်၊လေကောင်းလေသန့်ရှူပြီး လေ့ကျင့်ခန်းလုပ်လို့မရပေမယ့် အိမ်ထဲမှာ လုပ်နိုင်မယ့် ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုလေးတွေကို လုပ်ဆောင်သင့်ပါတယ်။

    ၇။ စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှလျှော့ချပါ။

    ဆီးချိုရှိတဲ့သူတွေဟာ ပုံမှန်လူတွေထက်ပိုပြီး စိတ်ဓာတ်ကျနိုင်၊ စိတ်ဖိစီးမှုများနိုင်တဲ့အတွက် စိတ်ဖိစီးမှု လျော့နည်းအောင် ကူညီပေးနိုင်မယ့် နည်းလမ်းတွေ (ဥပမာ- ကိုယ်ချစ်တဲ့သူတွေနဲ့ အတူရှိတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ သီချင်းနားထောင်တာ စတဲ့ နည်းလမ်းတွေ) နဲ့ စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံးလျော့နည်းအောင် နေထိုင်သင်ပါတယ်။

    Covid 19 ကပ်ဆိုးကြီး ဖြစ်နေချိန်မှာ ကိုယ်နဲ့ ကိုယ်ချစ်တဲ့ မိသားစုကို ကာကွယ်နိုင်ဖို့ ဒီဆောင်းပါးလေးက ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျန်းမာကြပါစေ။

    ရေးသားသူ – Khine Phoo Ngon

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement