home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ပျမ်းမျှလူ ၁၀၀ လျှင် ၈ ဦးနီးပါးပိုးတွေ့ရှိနေတဲ့ ၁၀ ရက်တာ ပြည်တွင်း COVID-19 အခြေအနေ

ပျမ်းမျှလူ ၁၀၀ လျှင် ၈ ဦးနီးပါးပိုးတွေ့ရှိနေတဲ့ ၁၀ ရက်တာ ပြည်တွင်း COVID-19 အခြေအနေ

COVID-19 ရောဂါဆိုးကြီးဟာ ကမ္ဘာတစ်လွှားမှာ ကပ်ဘေးတစ်ခုအဖြစ် အန္တရာယ်ပြုမင်းမူနေပြီး မြန်မာနိုင်ငံမှာလည်း ရောဂါကူးစက်မှုတွေ သေဆုံးမှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ဒါဏ်ကိုရင်ဆိုင်နေရတာ ၁၀ လကျော်လာပြီဖြစ်ပြီးတော့ ဘေးထွက်ဆိုးကျိုးတွေကတော့ အများအပြားပါပဲ။

စီးပွားရေး၊ လူမှုရေးဆိုင်ရာထိခိုက်မှုတွေကို ခါးစည်းခံရင်း ရောဂါတိုက်ထုတ်ရေးကို အစိုးရ၊ ပြည်သူနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ကြိုးပမ်းနေကြပါတယ်။ ဒါပေမယ့်လည်း ခုနောက်ဆုံးအခြေအနေကို လေ့လာကြည့်တဲ့အခါမှာ မြန်မာနိုင်ငံမှာ နောက်ဆုံး ၁၀ ရက်အတွင်း COVID-19 ရောဂါပိုး ကူးစက်ခံထားရတဲ့ လူနာအရေအတွက် အတန်ငယ်တိုးလာတာကို မြင်တွေ့ခဲ့ရပါတယ်။

အဆိုပါ ၁၀ ရက်တာကာလအတွင်းမှာ နေအိမ်ပြင်ပကိုထွက်ပြီး လူစုလူဝေးနဲ့ စုဝေးမှုတွေလည်း နေ့စဉ်ရက်ဆက်ရှိနေခဲ့တာမို့ လာမယ့်ရက်တွေမှာ လူနာတွေ့ရှိမှု အရေအတွက်က ပိုပြီးတိုးပွားလာနိုင်ပါသေးတယ်။

ဒီ ၁၀ ရက်အတွင်းက အခြေအနေတွေကို တစ်ချက်လေ့လာကြည့်ရအောင်။

ပိုးတွေ့ရှိမှုနှုန်း

လက်ရှိအချိန်အထိ မြန်မာနိုင်ငံအတွင်းမှာ ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးပြီးသူ အရေအတွက် ၈၂၁၁၆၃ ရှိပြီး ဒီပမာဏဟာ တိုင်းပြည်လူဦးရေရဲ့ (၁.၅၃ %) ပမာဏဖြစ်ပါတယ်။

စမ်းသပ်စစ်ဆေးနိုင်တဲ့ Test Kit အသစ်တွေ ပိုမိုရောက်ရှိလာပြီးတဲ့နောက်မှာ စစ်ဆေးမှုတွေကို အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့တာမို့ ယခု ၁၀ ရက်တာကာလအတွင်းမှာ ပျမ်းမျှနေ့စဉ် လူ ၁၃၀၀၀ ကျော်လောက်ကို ပုံမှန်စစ်ဆေးပေးနိုင်ခဲ့ပါတယ်။ များများစစ်နိုင်ခဲ့တာမို့ ပိုးတွေ့ရှိမှုပမာဏ မြင့်တက်လာတာလို့ ဆိုရပါမယ်။

လက်ရှိအချိန်အထိ ပြည်တွင်းမှာ ပိုးကူးစက်ခံခဲ့ရသူ လူနာစုစုပေါင်း ၆၃၂၄၁ ဦးရှိထားပြီး ဒီပမာဏဟာ စစ်ဆေးပြီးသမျှ သံသယလူနာအရေအတွက်ရဲ့ (၇.၇၀%) ဖြစ်ပါတယ်။ ဒါပေမယ့် ယခု ၁၀ ရက်တာကာလကိုချည်း သီးသန့်တွက်ချက်မယ်ဆိုရင်တော့ ပျမ်းမျှ ပိုးတွေ့မှုရာခိုင်နှုန်းက ၇.၉၄% ကို မြင့်တက်လာခဲ့ပါတယ်။ ပုံမှန်တွေ့ရှိမှုနှုန်းထက် အနည်းငယ်မြင့်တက်လာတဲ့သဘောပါ။ လူ ၁၀၀ မှာ ၈ ဦးနီးပါးဆိုတဲ့ အဓိပ္ပါယ်ပေါ့။

အရေအတွက်အားဖြင့်ဆိုရင်လည်း ယခု ၁၀ ရက်တာ ကာလအတွင်းမှာ ပိုးတွေ့ရှိသူအရေအတွက် ၁၀၅၃၅ ဦး တိုးလာခဲ့ပါတယ်။ တစ်နေ့ပျမ်းမျှ ၁၀၅၃ ဦး တိုးလာနေတဲ့ သဘောဖြစ်ပါတယ်။

ဆေးရုံဆင်းနှုန်း

တစ်ဖက်မှာလည်း ရောဂါသက်သာလာတာကြောင့် ဒါမှမဟုတ် ရောဂါပိုး ဆက်လက်မပြန့်ပွားနိုင်တော့တဲ့ ရက်ကိုရောက်ရှိလာတာကြောင့် ဆေးရုံကနေပြန်ဆင်းသွားသူ လူနာအရေအတွက်ဟာ ၁၀ ရက်တာကာလအတွင်းမှာ တစ်နေ့ပျမ်းမျှ ၁၂၈၄ ဦးနှုန်းအထိရှိလာပါတယ်။

ဆေးရုံကနေဆင်းသွားသူ လူနာအရေအတွက်စုစုပေါင်းဟာလည်း ၄၇၄၁၁ ဦးအထိ ရှိနေပြီဖြစ်တာမို့ စုစုပေါင်းလူနာအရေအတွက်ရဲ့ ၇၅% အထိ ဆေးရုံကနေ ဆင်းနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိတစ်ကမ္ဘာလုံးအတိုင်းအတာ ပျမ်းမျှ ဆေးရုံဆင်းနိုင်တဲ့ပမာဏဖြစ်တဲ့ ၇၀.၂၅% ထက် ပိုမိုသာလွန်တဲ့ အနေအထားဖြစ်ပါတယ်။

သေဆုံးနှုန်း

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ပျမ်းမျှ သေဆုံးနှုန်း တစ်နေ့ကို ၂၃ ဦးဖြစ်ပါတယ်။ ပျမ်းမျှ လူနာ ၁၀၀ မှာ ၂.၃၁% သေဆုံးနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒါပေမယ့် ကမ္ဘာ့သေဆုံးမှုနှုန်းဖြစ်တဲ့ ၂.၄၇% နဲ့ ယှဉ်ရင်တော့ အနည်းငယ်လျှော့နည်းနေတာမို့ အပြုသဘောဆောင်တဲ့ ရလဒ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

လာမယ့် ၁၀ ရက်မှာရော

လာမယ့် ၁၀ ရက်မှာတော့ ပိုးတွေ့လူနာပိုပြီး များပြားလာနိုင်ပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့ ၁၀ ရက်တာကာလအတွင်းမှာ သိသာထင်ရှားစွာ လူစုလူဝေးပြုလုပ်မှုတွေများခဲ့သလို တစ်ဖက်မှာလည်း တာဝန်ရှိသူတွေဘက်က ပိုးစစ်ဆေးမှုတွေကို ပိုမိုပြုလုပ်လာနေတာနဲ့ တိုက်ဆိုင်နေတာမို့ ပိုးတွေ့လူနာရှာတွေ့မှုနှုန်းက လက်ရှိထက် ပိုမြင့်မားလာနိုင်ခြေရှိနေတာပါ။

ဆေးရုံဆင်းနှုန်းဆက်လက်မြင့်တက်လာဖို့နဲ့ သေဆုံးနှုန်းကိုလျှော့ချနိုင်ဖို့တော့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် ယခုလဟာ မြန်မာနိုင်ငံက ကိုဗစ် ဒုတိယလှိုင်းရဲ့ အရေးအကြီးဆုံးကာလဖြစ်လာဖို့ရှိနေပြီး ဒီလကို အောင်အောင်မြင်မြင်တောင့်ခံ ကျော်ဖြတ်နိုင်ရင် ရှေ့လာမယ့် ကာလတွေမှာ အခြေအနေတွေကို ပိုပြီးထိမ်းချုပ်လာနိုင်ဖို့ အလားအလာကောင်းတစ်ချို့ရှိနေပါတယ်။

အိမ်မှာပဲနေပါ

ခုလိုအခြေအနေမျိုးမှာ လူတိုင်း အိမ်ထဲမှာပဲနေထိုင်ပြီး ရောဂါကူးစက်မှုကို ပါဝင်ကူညီဟန့်တားတာက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရောဂါတိုက်ဖျက်ရေးမှာ တစ်ဖက်တစ်လမ်းက ပါဝင်ကူညီခြင်းတစ်ရပ်လို့ဆိုရမှာပါ။

တစ်ဦးချင်း တာဝန်သိမှုဟာ ကိုယ်တိုင်အတွက်ရော ကိုယ့်မိသားစုအတွက်ပါမက ကိုယ့်ရပ်ရွာ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်ကမ္ဘာမြေကြီးအတွက်လည်း အရေးကြီးတဲ့ ပါဝင်ကူညီမှုမဟုတ်လား။

ဒါကြောင့် ကိုယ့်ဆီကို COVID-19 ကူးစက်မလာဖို့

  • လူစုလူဝေးကို ရှောင်ပါ၊
  • ဘယ်သွားသွား မျက်နှာကို Mask တပ်ဆင်သွားပါ၊
  • တတ်နိုင်သမျှ အိမ်ထဲမှာပဲနေပါ၊
  • လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာအောင် မကြာခဏ စနစ်တကျဆေးဖို့ လိုအပ်ပါမယ်၊
  • ရေနဲ့ ဆပ်ပြာ အလွယ်တကူမရနိုင်ရင် အယ်လ်ကိုဟော ၇၀% နဲ့အထက်ပါရှိတဲ့ လက်သန့်ဆေးရည်နဲ့ ဆေးကြောပေးပါ၊
  • နေအိမ်မှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် အနည်းဆုံး ၆ ပေအကွာနဲ့ Social Distancing လုပ်ပါ၊
  • မျက်စိ၊ ပါးစပ်နဲ့ နှာခေါင်းကို လက်နဲ့ မကြာခဏ မပွတ်ပါနဲ့၊
  • နှာချေ ချောင်းဆိုးရင် တံတောင်ကွေးထဲ အုပ်ဆိုးတာမျိုး၊ တစ်ရှူးနဲ့ အုပ်တာမျိုး ပြုလုပ်ပါ၊

ဒီနည်းလမ်းတွေက သင့်ကိုရော သင့်မိသားစုကိုပါ COVID-19 ဘေးကနေ ကာကွယ်ရာမှာ ကောင်းမွန်စွာ အထောက်အကူဖြစ်စေပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Ye Zon Aung မှ ရေးသားသည်။ 11/11/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။