home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

မြန်မာနိုင်ငံကို ရောက်လာနိုင်ခြေအရှိဆုံး COVID-19 ကာကွယ်ဆေး (သို့) Sputnik V

မြန်မာနိုင်ငံကို ရောက်လာနိုင်ခြေအရှိဆုံး COVID-19 ကာကွယ်ဆေး (သို့) Sputnik V

ခုကာလက COVID-19 ကာကွယ်ဆေးကို နိုင်ငံတိုင်း မျှော်လင့်တောင့်တနေကြတဲ့အချိန်ပါ။ နိုင်ငံတကာမှာ ဒီရောဂါဆိုးကြီးကို တားဆီးနိုင်ဖို့ ကာကွယ်ဆေးအမျိုးမျိုးကို ကြိုးစားဖန်တီးနေကြနေပါတယ်။

အဓိက ဖန်တီးနေကြတဲ့တိုင်းပြည်တွေကတော့ ထုံးစံအတိုင်း ကမ္ဘာ့ထိပ်တန်း နည်းပညာဖွံ့ဖြိုးမှုအားကောင်းတဲ့ တိုင်းပြည်ကြီးတွေဖြစ်ကြတဲ့ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ဗြိတိန်၊ တရုတ်၊ ရုရှားနဲ့ အစ္စရေးလ်တို့ပါပဲ။ ကျန်တဲ့တိုင်းပြည်အသီးသီးကလည်း ဒီတိုင်းပြည်တွေကထုတ်လုပ်ဖြန့်ချိလာမယ့် ကာကွယ်ဆေးတွေကို မိမိတို့နဲ့ ကိုက်ညီအလျဉ်းသင့်ရာ ဝယ်ယူအသုံးချဖို့ စီစဉ်နေကြပါတယ်။

လတ်တလောမှာတော့ လက်ရှိမှာ Pfizer-BioNTech ရဲ့ ကာကွယ်ဆေးသစ်နဲ့ Moderna ရဲ့ ကာကွယ်ဆေးသစ်တွေဟာ စမ်းသပ်မှုအဆင့်ဆင့်မှာ ရလဒ်အကောင်းဆုံးဖြစ်နေပြီး အောင်မြင်မှုရရှိသွားခဲ့ပြီဖြစ်ပြီး ဒီဇင်ဘာလအတွင်းမှာ စတင်ဖြန့်ချိဖို့ ကြိုးပမ်းနေပြီဖြစ်ပါတယ်။

ဒါ့အပြင် AstraZeneca-Oxford ၊ Johnson & Johnson ၊ တရုတ်က CanSino Biologics၊ ဂျာမနီက CureVac၊ အစ္စရေးလ်က BriLife၊ အိန္ဒိယက Bharat Biotech နဲ့ ရုရှားက Dr Reddy’s-BIRAC တို့ရဲ့ ကြိုးပမ်းမှုတွေကလည်း ရလဒ်ကောင်းတွေ ထွက်ပေါ်ထားပြီး ကာကွယ်ဆေးအဖြစ် ထုတ်လုပ်နိုင်ဖို့ မဝေးတော့ပါဘူး။

ဒီအချိန်မှာ မြန်မာပြည်ကလည်း ကာကွယ်ဆေးဝယ်ယူရေး အစီအစဉ်ကို ထုတ်ဖော်ပြောဆိုထားတာရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေဆီကနေ ဆေးဝါးဝယ်ယူမှုတွေ ပြုလုပ်သွားဖို့ရှိနေပြီး WHO လိုမျိုး ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေဆီကနေလည်း ဆေးဝါးခွဲတမ်းတစ်ချို့ကို လက်ခံရရှိသွားမှာဖြစ်ပါတယ်။ မြန်မာ့ကျန်းမာရေး အာဏာပိုင်တွေအနေနဲ့ လာမယ့်နှစ်ရဲ့ ပထမ ၆ လ ပတ်အတွင်းမှာ တိုင်းပြည်လူဦးရေရဲ့ ၂၀% ကို ကာကွယ်ဆေး ပံ့ပိုးပေးသွားနိုင်ဖို့ ရည်မှန်းနေတာပါ။

ဒီလိုစီမံထားမှုတွေကြောင့်လည်း မြန်မာနိုင်ငံကို အစောဆုံးနဲ့ ရောက်လာနိုင်ခြေအရှိဆုံး COVID-19 ကာကွယ်ဆေးဟာ ရုရှားနိုင်ငံက တီထွင်ဖန်တီးပြီး အိန္ဒိယနိုင်ငံက အဓိကထုတ်လုပ်မယ့် Sputnik V ဆေးဝါးဖြစ်လာဖွယ်ရှိတယ်လို့ သုံးသပ်ရပါတယ်။

Sputnik V ဆိုတာဘာလဲ

Sputnik V လို့ အမည်ပေးထားတဲ့ COVID-19 ကာကွယ်ဆေးကို ရုရှားနိုင်ငံက တီထွင်ဖန်တီးထားတာဖြစ်ပြီး Gam-COVID-Vac လို့လည်း ခေါ်ဆိုပါသေးတယ်။ ရုရှားအစိုးရရဲ့ ရံပုံငွေနဲ့ ဒေသတွင်း ဆေးဝါးသုသေတန အင်စတီကျူတစ်ခုဖြစ်တဲ့ Gamaleya Research Institute of Epidemiology and Microbiology က ဖန်တီးခဲ့တာပါ။

ဒီဆေးဝါးကို မှတ်ပုံတင်ထားတာက ၂၀၂၀ သြဂုတ်လကတည်းကဖြစ်ပြီးတော့ စမ်းသပ်မှု တတိယအဆင့်မှာ ရလဒ်ကောင်းတွေ ထွက်ပေါ်နေတယ်လို့ကြေညာခဲ့တာကတော့ ယခုနိုဝင်ဘာလကုန်လုနီးပါးရောက်ချိန်မှာမှ ဖြစ်ပါတယ်။ Sputnik V ဆေးကို လက်တလောမှာ ဘီလာရပ်၊ ယူအေအီးနဲ့ ဗင်နီဇွဲလားတိုင်းပြည်တွေမှာ စမ်းသပ်မှုဆက်လက်ပြုလုပ်နေဆဲဖြစ်ပေမယ့် ရလဒ်တွေကခိုင်မာနေပြီဖြစ်တာမို့ ဆေးဝါးထုတ်လုပ်ဖို့ စီစဉ်မှုတွေလည်း စတင်ပြုလုပ်နေပါပြီ။

ဘယ်လောက်အစွမ်းထက်လဲ

Sputnik V ကနဦးအဆင့် လူသားအခြေပြုစမ်းသပ်မှုတွေ အောင်မြင်တယ်လို့ ပထမဆုံးထုတ်ပြန်ကြေညာနိုင်ခဲ့တဲ့ ဆေးဝါးဖြစ်ပေမယ့် လူစုလူဝေးနဲ့စမ်းသပ်မှုရလဒ်တွေကိုတော့ ကြေညာဖို့ နှောင့်နှေးနေခဲ့ပါတယ်။

ခုချိန်မှာတော့ Sputnik V ရဲ့ နောက်ဆုံးအဆင့် စမ်းသပ်မှုရလဒ်တွေကို ရုရှားဘက်က ထုတ်ပြန်ကြေညာနိုင်ခဲ့ပြီး ၉၅% ရောဂါကာကွယ်နိုင်သလို ဘေးထွက်ဆိုးကျိုးလည်း မရှိကြောင်း သိထားရတာပါ။ စမ်းသပ်မှုကိုတော့ အဆုံးမသတ်သေးပဲ ဆက်လက်စောင့်ကြည့်မှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်းကျန်းမာရေးစာဆောင် The Lancet က ကဖော်ပြထားတဲ့ သတင်းအချက်အလက်တွေအရ ရုရှားနိုင်ငံက ထုတ်လုပ်ထားတဲ့ အဆိုပါကာကွယ်ဆေးကို စမ်းသပ်ခံထားတဲ့ လူနာတွေဟာ ဘေးထွက်ဆိုးကျိုးတွေကို မခံစားခဲ့ရသလို ရောဂါကိုတိုက်ထုတ်နိုင်တဲ့အထိလည်း ကိုယ်ခံစွမ်းအားလည်း မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဆေးဝါးကို ဖန်တီးရာမှာ Adenovirus type-5 (Ad5) နဲ့ Adenovirus type-26 (Ad26) တို့ကိုပေါင်းစပ်ပြီး ဖန်တီးယူထားတာဖြစ်ပါတယ်။ Ad26 vaccine ကို ထိုးနှံပြီး ၂၁ ရက်အကြာမှာ Ad5 vaccine ကို ဆက်လက်ထိုးနှံရမှာပါ။ ဆေးဝါးကို ထိမ်းသိမ်းရာမှာလည်း အပူချိန် ၀ ဒီဂရီ ဖာရင်ဟိုက်နဲ့ ၃၆ ဒီဂရီ ဖာရင်ဟိုက်အကြားမှာ ထားရှိပြီး ထိမ်းသိမ်းနိုင်ပါတယ်။

ဒီဆေးဝါးကို ဖန်တီးခဲ့ကြတဲ့ Gamaleya က သိပ္ပံပညာရှင်တွေကတော့ သူတို့ရဲ့ ဆေးဝါးက လက်ရှိဖန်တီးပြီးသမျှ COVID-19 ကာကွယ်ဆေးတွေထဲမှာ အကောင်းဆုံးလို့ ဆိုနေကြပါပြီ။

ဘယ်တော့ ဖြန့်ချိမှာလဲ

ရုရှားနိုင်ငံဟာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ဖို့အတွက် COVID-19 ကာကွယ်ဆေးကို အရင်ဆုံးဖန်တီးပြီး ထုတ်လုပ်ဖြန့်ချိနိုင်တဲ့တိုင်းပြည်ဖြစ်လာဖို့ တွန်းအားပေးလုပ်ဆောင်ခဲ့ပါတယ်။ Sputnik V ဆေးဟာ ကနဦးရလဒ်တွေကို စောစောစီးစီးထုတ်ပြန်ကြေညာနိုင်တဲ့ ဆေးဝါးဖြစ်ခဲ့ပေမယ့် နောက်ဆုံးအဆင့်ရလဒ်တွေကို ကြေညာချိန်မှာတော့ အမေရိကန်ကုမ္ပဏီတွေဖြစ်ကြတဲ့ Pfizer-BioNTech နဲ့ Moderna တို့ထက် နောက်ကျခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ ဆေးဝါးကို အမြောက်အများထုတ်လုပ်နိုင်ဖို့ ရုရှားဘက်က ခြေလှမ်းနိုင်ခဲ့ပြီဖြစ်ပြီး ထိုးဆေးအလုံးရေ သန်း ၁၀၀ ထုတ်လုပ်ဖို့ အိန္ဒိယအခြေစိုက် Hetero Drugs နဲ့ သဘောတူညီချက်ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ရုရှားအနေနဲ့ အဆိုပါဆေးဝါးကို အိန္ဒိယတစ်နိုင်ငံတည်းကနေ ထုတ်လုပ်သွားမှာမဟုတ်ပဲ၊ တရုတ်၊ ဘရာဇီးလ်၊ အစ္စရေးလနဲ့ တောင်ကိုရီးယားတို့နေကနေလည်း ထုတ်လုပ်သွားဦးမှာဖြစ်ပါတယ်။

Hetero Drugs က Sputnik V ဆေးဝါးတွေကို လာမယ့်နှစ်ဆန်းမှာ စတင်ထုတ်လုပ်ပေးသွားမှာဖြစ်ပြီး ရုရှားဘက်က တန်ကြေး အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာနဲ့ ၂၀ ဒေါ်လာအကြား ပမာဏနဲ့ ရောင်းချသွားမှာပါ။ တန်ကြေးအားဖြင့်ဆိုရင်တော့ ဈေးအပေါဆုံး ဆေးဝါးဖြစ်လာဖို့ရှိနေတာမို့ ဝယ်ယူလိုကြောင်း စိတ်ဝင်စားမှုပြသနေတဲ့ တိုင်းပြည်တွေလည်း တိုးပွားလာနေပါတယ်။

မြန်မာနဲ့ ကာကွယ်ဆေး

မြန်မာနိုင်ငံအနေနဲ့တော့ လာမယ့်နှစ် ပထမ ၃ လပတ်အတွင်းမှာ ကာကွယ်ဆေး ရရှိနိုင်ဖို့ မျှော်လင့်ထားသလို ရုရှားနဲ့ အိန္ဒိယဆီကနေ ဆေးဝါးဝယ်ယူဖို့လည်း ရည်ရွယ်ထားတာမို့ Sputnik V ဆေးဝါးဟာ ပြည်တွင်းကို ပထမဆုံးရောက်ရှိလာမယ့် ကာကွယ်ဆေးသစ်ဖြစ်လာဖို့ အခွင့်အလမ်းများနေပါတယ်။

WHOCOVAX စတဲ့အဖွဲ့အစည်းတွေဆီကနေ ကူညီပံ့ပိုးမှုတွေလည်း ရရှိဖို့ရှိနေတာကြောင့် လာမယ့်နှစ်မကုန်ခင်မှာ နိုင်ငံ့လူဦးရေရဲ့ ပမာဏအများစုထံ ဆေးဝါးဖြန့်ဖြူးပေးနိုင်ဖို့ မျှော်လင့်နိုင်ပါတယ်။

ဒီမတိုင်ခင်ကာလမှာတော့ နေအိမ်မှာ စည်းကမ်းလိုက်နာကာနေထိုင်ရင်း ကိုဗစ်ကာကွယ်ရေး နည်းလမ်းတွေကို ဆက်လက်ပြီး လိုက်နာကြဖို့လိုအပ်မှာဖြစ်ကြောင်းလည်း အသိပေးပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Zon Aung မှ ရေးသားသည်။ 03/12/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။