backup og meta

အူမကြီးကင်ဆာအတွက် မှန်ပြောင်းကြည့်မယ်ဆို ဒါတွေသိထားဖို့လိုမယ်နော်


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အူမကြီးကင်ဆာအတွက် မှန်ပြောင်းကြည့်မယ်ဆို ဒါတွေသိထားဖို့လိုမယ်နော်

    အူမကြီးနဲ့စအိုလမ်းကြောင်းတစ်ဝိုက်မှာ ပြဿနာရှိ၊ မရှိသိရဖို့အတွက် အူမကြီးမှန်ပြောင်းကြည့်လို့ ရပါတယ်။ အခုနောက်ပိုင်းအဖြစ်များတဲ့ကင်ဆာရောဂါတွေထဲမှာ အူမကြီးကင်ဆာလည်းပါဝင်လာပါတယ်။ ဒါ့ကြောင့် အခုတစ်ခေါက်မှာ အူမကြီးကင်ဆာကို စစ်ဆေးဖို့ မှန်ပြောင်းကြည့်တော့မယ်ဆို သိထားသင့်တာလေးတွေ ပြောပြပေးချင်ပါတယ်။

    အသက်ဘယ်လောက်ဆို အူမကြီးမှန်ပြောင်းကြည့်သင့်သလဲ

    အသက် ၅၀ ကျော်လာရင် အူမကြီးကင်ဆာဖြစ်နိုင်ခြေမြင့်တက်လာတဲ့အတွက် အသက် ၅၀ ကျော်သူတိုင်း အူမကြီးကင်ဆာအတွက်မှန်ပြောင်းကြည့်ပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လူငယ်တွေထဲမှာလည်း အူမကြီးကင်ဆာဖြစ်ပွားသူများလာတဲ့အတွက် အသက် ၄၅ နှစ်လောက်တည်းကစတင်စစ်ဆေးမှု ခံယူသင့်ကြောင်း အမေရိကန်ကင်ဆာအဖွဲ့ကြီးက တိုက်တွန်းထားပါတယ်။ အထူးသဖြင့် မျိုးရိုးထဲမှာအူမကြီး ကင်ဆာဖြစ်ဖူးတဲ့သူ၊ အူလမ်းကြောင်းမှာရောဂါဖြစ်ဖူးသူတွေဆို တခြားသူတွေထက်ပိုဂရုစိုက်သင့်ပါတယ်။

    အူမကြီးကင်ဆာက စိုးရိမ်ရလား

    အူမကြီးကင်ဆာရောဂါက ကမ္ဘာပေါ်မှာအဖြစ်အများဆုံး ကင်ဆာ (၅) မျိုးထဲမှာပါဝင်ပါတယ်။ တခြားကင်ဆာတွေလိုဘဲ ရောဂါစောစောတွေ့လေ ကုသဖို့ပိုလွယ်လေဖြစ်ပြီး အသက်ရှင်ဖို့အခွင့်အလမ်းများလေပါပဲ။

    ဘယ်အခြေအနေတွေမှာ အူမကြီးမှန်ပြောင်းကြည့်ဖို့လိုအပ်မလဲ

    ဗိုက်အောင့်ဗိုက်နာခြင်း၊ စအိုသွေးထွက်ခြင်း၊ အချိန်အကြာကြီး ဝမ်းချုပ်ခြင်း/ဝမ်းလျှောခြင်း စတဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေခံစားနေရရင် ဖြစ်ရတဲ့အကြောင်းရင်းကိုရှာဖွေနိုင်အောင် အူမကြီးမှန်ပြောင်း ကြည့်ဖို့လိုအပ်မှာပါ။

    အူမကြီးမှန်ပြောင်းနဲ့ ဘာတွေကိုရှာဖွေနိုင်သလဲ

    အူမကြီးမှန်ပြောင်းကြည့်ပြီး အူလမ်းကြောင်းအတွင်းသွေးယိုခြင်း၊ အနာပေါက်ခြင်း၊ အသားပိုထွက်ခြင်း စတာတွေကို အဓိကရှာဖွေပါတယ်။ မသင်္ကာစရာအခြေအနေတစ်စုံတစ်ခုတွေ့ခဲ့ရင် နောက်ထပ်လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေဆက်လုပ်ရပါတယ် ဥပမာ – အသားပိုထွက်နေခဲ့ရင် မှန်ပြောင်းကြည့်ရင်းတစ်ခါတည်း အသားစနမူနာစစ်ဆေးဖို့ ရယူမှာဖြစ်ပါတယ်။

    အူမကြီးကင်ဆာရှိမရှိသိဖို့ မှန်ပြောင်းကြည့်မှဖြစ်မှာလား တခြားစစ်ဆေးနည်းတွေရှိသေးလား

    ရှိပါတယ်။ ဝမ်းနမူနာယူပြီးစစ်ဆေးခြင်း၊ သွေးဖောက်ပြီး အင်ဇိုင်းဓာတ်များစစ်ဆေးခြင်း၊ အသားစနမူနာယူပြီး စစ်ဆေးခြင်း၊ကွန်ပျူတာဓာတ်မှန်/သံလိုက်ဓာတ်မှန်ရိုက်ခြင်း စတဲ့စစ်ဆေးနည်းတွေရှိပါသေးတယ်။ ဒါပေမဲ့ အူမကြီးမှန်ပြောင်းကြည့်ခြင်းကတော့ အတွင်ကျယ်ဆုံးနည်းလမ်းဖြစ်နေဆဲပါ။

    အူမကြီးမှန်ပြောင်းကြည့်ရင် ဘယ်လိုဘေးထွက်ဆိုးကျိုးခံစားရနိုင်လဲ

    မှန်ပြောင်းကြည့်လို့ ဘေးထွက်ဆိုးကျိုးခံစားရတာအတော်လေးနည်းပါတယ်။ ဒါပေမဲ့ အောက်ပါပြဿနာတွေခံစား ရနိုင်တာကိုတော့ သိထားသင့်ပါတယ်။

    – မှန်ပြောင်းမကြည့်ခင်ပေးထားတဲ့ စိတ်ငြိမ်ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးနည်းနည်းခံစားရမယ်

    – တစ်ခါတည်းအသားစနမူနာယူရင်းနဲ့ မတော်တဆသွေးထွက်လွန်တာမျိုးဖြစ်နိုင်တယ်

    – အူမကြီးနံရံကို မတော်တဆထိခိုက်ပြီး စုတ်ပြဲတာ၊ ပေါက်ထွက်တာမျိုးဖြစ်နိုင်ပါတယ်

    အစာအိမ်မှန်ပြောင်းကြည့်ရင် ကင်ဆာရောဂါပဲသိနိုင်တာလား

    အစာအိမ်မှန်ပြောင်းကြည့်ရင် အူမကြီးကင်ဆာအပြင် အူလမ်းကြောင်းအားနည်းရောဂါ၊ လိပ်ခေါင်းရောဂါ၊ အူမကြီးအနာပေါက်ခြင်း၊ တခြားအူလမ်းကြောင်းပြဿနာတွေဖြစ်တဲ့ diverticulitis ရောဂါ စတဲ့အူလမ်းကြောင်းအခြေအနေတွေကိုပါ ရှာဖွေကုသဖို့ အသုံးပြုနိုင်ပါတယ်။

    အူမကြီးမှန်ပြောင်းအဖြေက ပုံမှန်ဖြစ်ရင်စိတ်ချရပါပြီလား

    မှန်ပြောင်းကြည့်လို့ အူလမ်းကြောင်းထဲမှာအလုံးအကျိတ်လည်းမတွေ့ဘူး၊ တခြားမသင်္ကာစရာလက္ခဏာတွေလည်း မတွေ့ဘူးဆိုရင် ၁၀ နှစ်ကြာမှ နောက်တစ်ကြိမ်မှန်ပြောင်းထပ်ကြည့်ပါ။ တကယ်လို့ အူလမ်းကြောင်းထဲမှာ အလုံးအကျိတ်တစ်ခုခုတွေ့ရင် ၅ နှစ်အကြာမှာ မှန်ပြောင်းထပ်ကြည့်ပါ။ အူလမ်းကြောင်းထဲမှာ ဝမ်းလက်ကျန်တွေရှိနေပြီး အူလမ်းကြောင်းကို သေချာကြည့်ရှုလို့မရရင် နောက်တစ်နှစ်အကြာမှာ မှန်ပြောင်းထပ်ကြည့်သင့်ပါတယ်။

    အူမကြီးထဲမှာအလုံးအကျိတ်တွေ့ရင် ဘာဆက်လုပ်ရမလဲ

    အလုံးအကျိတ်ကို သေချာစမ်းသပ်ဖို့ တစ်ခါတည်းအသားစနမူနာယူမှာဖြစ်ပါတယ်။ အသားစအများစုကတော့ ကင်ဆာကျိတ်မဟုတ်ပါဘူး။ အသားစအရွယ်အစား၊ အရေအတွက်၊ အမျိုးအစားနဲ့ လူနာအသက်အရွယ်ပေါ် မူတည်ပြီး ဆက်လုပ်ဖို့လိုအပ်တာတွေကို ဆရာဝန်ကဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

    အူမကြီးကင်ဆာလို့ အဖြေထွက်ရင် ဘာဆက်လုပ်သင့်သလဲ

    အူမကြီးကင်ဆာဖြစ်နေခဲ့ရင် အချိန်မဆွဲဘဲ ကင်ဆာအထူးကုဆရာဝန်နဲ့ ပြသရပါမယ်။ အစောပိုင်းအဆင့်မှာ ပြသနိုင်လေ ကုသဖို့ပိုလွယ်လေပါပဲ။

    Dr.Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement