home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အူမကြီး ကင်ဆာ

အူမကြီး ကင်ဆာ

အူမကြီးကင်ဆာဆိုတာက အူရဲ့ အကြီးဆုံးအပိုင်း အူမကြီးမှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာ အမျိုးအစားပါ။ အူမကြီးဆိုတာက အစာခြေလမ်းကြောင်းရဲ့ နောက်ဆုံး အစိတ်အပိုင်းပါ။

အူမကြီးကင်ဆာက များသောအားဖြင့် လူ​ကြီးတွေမှာ ဖြစ်တတ်တယ်ဆိုပေမယ့် အသက်အရွယ်မရွေး ခံစားရနိုင်ပါတယ်။ အူမကြီးကင်ဆာက သေးငယ်ပြီး ကင်ဆာကျိတ်မဟုတ်တဲ့ အဖုအကျိတ် သေးသေးလေးတွေကနေ စဖြစ်တာပါ။ အူမကြီးအတွင်းပိုင်း အသားပိုလေးတွေကနေလည်း ကင်ဆာဖြစ်ပွားနိုင်ပါတယ်။ စဖြစ်စက ကင်ဆာကျိတ် မဟုတပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်း ကင်ဆာကျိတ် ပုံစံ ပြောင်းသွားတာပါ။

အသားပိုလေးတွေက စဖြစ်စမှာ သေးမယ်။ ကင်ဆာလက္ခဏာတစ်ခုမှ မတွေ့ရတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အူမကြီးကင်ဆာကို သိရှိနိုင်ဖို့အတွက် ပုံမှန် စစ်ဆေးမှုလုပ်တာက အကောင်းဆုံးသော ကာကွယ်မှု နည်းလမ်းပါ။

အူမကြီ ကင်ဆာကို ထိန်းချုပ်ဖို့အတွက် ကုသနည်းတွေက အများကြီး ရှိပါတယ်။ ခွဲစိတ်ကုသမှုကနေစလို့ ဓာတ်ရောင်ခြည်ကုထုံး၊ ဆေးသွင်းကုထုံး၊ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ ကုထုံး၊ ကိုယ်ခံအားကို လှုံ့ဆော်ပေးတဲ့ ကုထုံးဆိုပြီး အမျိုးမျိုး ရှိပါတယ်။

အူမကြီးကင်ဆာကို Colon cancer လို့ခေါ်သလို အူမကြီး နဲ့ အစာဟောင်းအိမ်ကို ပေါင်းပြီးတော့လည်း colorectal cancer လို့ ခေါ်ပါတယ်။ ဒီအမျိုးအစားကတော့ အစာဟောင်းအိမ်ကနေ စဖြစ်တဲ့ ကင်ဆာအမျိုးအစားကို ခေါ်တာပါ။

အူမကြီးကင်ဆာ လက္ခဏာများ

အူမကြီးကင်ဆာ ခံစားရတဲ့ အခုလို လက္ခဏာတွေ ကြုံတွေ့ရနိုင်ပါတယ်။

  • ဝမ်းသွားတဲ့အလေ့အထ ပြောင်းသွားတာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ဝမ်းချုပ်တာ၊ အမြဲလိုလို ဝမ်းသွားချင်နေတာ
  • ဝမ်းသွား သွေးပါတာ
  • စအိုက သွေးကျတာ
  • အမြဲလိုလို ဗိုက်အောင့်တာ၊ ဗိုက် ရစ်နာတာ၊ လေပွတာ၊ လေထိုးလေအောင့်ဖြစ်တာ
  • ဝမ်းကျန်သလို ခံစားရတာ
  • အားနည်းလာတာ
  • အော့အန်တာ
  • မအီမသာဖြစ်တာ
  • ခြေကုန်လက်ပမ်းကျတာ
  • အကြောင်းအရင်း မရှိဘဲ ဝိတ်ကျလာတာတွေ ခံစားရနိုင်ပါတယ်။

ဒီလက္ခဏာတွေထဲက တစ်ခုခု ခံစားရပြီဆိုရင် မြန်နိုင်သမျှ မြန်မြန် ကုသမှု ခံယူဖို့ လိုပါမယ်။ အများစုက အူမကြီးကင်ဆာ အစောပိုင်း အဆင့်မှာ ဘာလက္ခဏာမှ မခံစားရတာမျိုး ရှိနိုင်ပါတယ်။ လက္ခဏာပေါ်လာချိန်က ကင်ဆာကျိတ် အရွယ်အစား၊ ကင်ဆာကျိတ် ဖြစ်တဲ့နေရာတွေအပေါ်မှာလည်း မူတည်ပါတယ်။

အူမကြီး ကင်ဆာ

အူမကြီးကင်ဆာက အူမကြီးမှာရှိတဲ့ ဆဲလ်တစ်ခုရဲ့ DNA (မျိုးဗီဇ) ပြောင်းလဲမှုကနေ စတင်ဖြစ်ပွားတာပါ။ ဆဲလ်ရဲ့ DNA ထဲမှာ ဆဲလ်ကို ဘယ်လို လုပ်ဆောင်ရမယ်ဆိုပြီး ညွှန်ကြားတဲ့ လုပ်ငန်းစဉ် ပါဝင်ပါတယ်။ ဒီပြောင်းလဲမှုက ဆဲလ်ကို မြန်မြန် ကြီးထွားဖို့ နဲ့ ကျန်းမာတဲ့ ဆဲလ်တွေ သေဆုံးသွားချိန်မှာ ဆက်လက်ရှင်သန်နေဖို့ သတင်းပေးလိုက်ပါတယ်။

ဒီလိုနဲ့ ကင်ဆာဆဲလ်တွေ ပွားလာပြီး အကျိတ်ဖြစ်လာပါမယ်။ အကျိတ်က ကျန်းမာတဲ့ တစ်ရှူးတွေဆီ ဝင်ရောက်ပြန့်နှံ့ ကျန်းမာတဲ့ တစ်ရှူးတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ဒီလိုလုပ်ဆောင်နေတာနဲ့ တစ်ချိန်ထဲမှာ ကင်ဆာဆဲလ်တွေက ကွဲပွားပြီး ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေဆီ ပြန့်နှံ့ပါတယ်။

အူမကြီးကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်း

အူမကြီးကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းကို အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် ဒီအချက်တွေ ရှိနေမယ်ဆိုရင်တော့ အူမ​ကြီး ကင်ဆာ ခံစားရနိုင်ခြေ များပါတယ်။

  • အသက်အရွယ်ကြီးရင့်တာ
  • အူမကြီးမှာ အသားပို၊ အဖုအကျိတ် ဖြစ်ဖူးတာ
  • အူရောင်ရမ်းတဲ့ ပြဿနာ ခံစားနေရတာ
  • မျိုးရိုးရှိတာ
  • အူမကြီးကင်ဆာ ခံစားရနိုင်ခြေရှိတဲ့ မျိုးဗီဇကို လက်ခံ ရရှိထားတာ
  • အမျှင်ဓာတ် စားသုံးမှုနည်းတာ
  • အဆီ စားသုံးမှု များတာ
  • အထိုင်များတာ
  • ဆီးချိုရောဂါ ရှိတာ
  • အဝလွန်နေတာ
  • ဆေးလိပ်သောက်တာ
  • အရက်သောက်တာ
  • ကင်ဆာအတွက် ဓာတ်ရောင်ခြည် ကုထုံး ခံယူနေရတာတွေက အူမ​ကြီး ကင်ဆာ ခံစားရနိုင်ခြေကို တိုးစေပါတယ်။

အူမကြီးကင်ဆာ စစ်ဆေးနည်း

အူမကြီးကင်ဆာကို စစ်ဆေးဖို့ အများဆုံး လုပ်တာက

မှန်ပြောင်းဖြင့် စစ်ဆေးခြင်း – ရှည်လားပြီး ပျော့ပျောင်းတဲ့ ပြွန်သေးသေးလိုလိုမိုး ကင်မရာကို အသုံးပြုပြီး အူမကြီးနဲ့ အစာဟောင်းအိမ်က ပုံရိပ်တွေကို ရယူပြီး ကွန်ပျူတာ မျက်နှာပြင်ကနေတဆင့် ကင်ဆာဆဲလ်တွေ ရှိနေနိုင်တဲ့ အစိတ်အပိုင်းကို ရှာဖွေတဲ့ နည်းနဲ့ စစ်ဆေးပါတယ်။

ဒီလို စစ်ဆေးမှုကတဆင့် အထူးပြုလုပ်ထားတဲ့ ကိရိယာကို ယူပြီး အသားစယူ စစ်ဆေးတာလည်း ရှိပါတယ်။

သွေးစစ်ခြင်း – သွေးစစ်တယ်ဆိုတာက သွေးထဲမှာ အူမကြီးကင်ဆာဖြစ်နေတဲ့အခါ ဖြစ်ပေါ်ထွက်ရှိလာတတ်တဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ (carcinoembryonic antigen) လို့ခေါ်တဲ့ CEA ပမာဏကို စစ်ဆေးတာပါ။

ဒါတွေအပြင် ကင်ဆာ လက္ခဏာတွေရှိလားဆိုတာကို သိနိုင်ဖို့ ဝမ်းကို စစ်ဆေးတဲ့ Stool-based test လိုက်တာရှိသလို မှန်ပြောင်းလေးနဲ့ ကင်ဆာရှိနေနိုင်တယ်လို့ ယူဆရတဲ့ အူမကြီးနံရံကို စစ်ဆေးတာ Visual (structural) exams စစ်ဆေးတာဆိုပြီး ရှိပါတယ်။ အ​ခြေအနေကို သိရှိပြီဆိုတော့မှ ကုထုံးကို ရွေးချယ်မှာပါ။

အူမကြီးကင်ဆာ အဆင့် သတ်မှတ်ခြင်း

အူမကြီးကင်ဆာလို့ သိရှိရပြီဆိုရင် ဘယ်လို ကုထုံး ခံယူရမလဲဆိုတာကို သိရှိနိုင်စေဖို့ ကင်ဆာအဆင့်ကို သတ်မှတ်ရပါတယ်။ အဆင့်ကို သိရှိမှ အထိရောက်ဆုံးဖြစ်မယ့် ကုထုံးနဲ့ ကုသနိုင်မှာပါ။
ဝမ်းဗိုက်ပိုင်း၊ ဆီးခုံပိုင်းနဲ့ ရင်အုပ်ပိုင်းကို CT scans ဖတ်တာလိုမျိုး ပုံရိပ်ဖော် စနစ်ကို သုံးပြီး ကင်ဆာ အဆင့်ကို သတ်မှတ်ပါတယ်။ အူမကြီးကင်ဆာက ခွဲစိတ်မှု မလုပ်ခင်အထိ ကင်ဆာအဆင့်ကို တိတိကျကျ သိရှိဖို့ ခက်ပါတယ်။

အူမကြီးကင်ဆာအဆင့်ကို 0 ကနေ IV အထိ သတ်မှတ်ပါတယ်။ အူမကြီးအတွင်းပိုင်း နံရံကို ပြန့်နှံတဲ့အဆင့်ကနေ ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေဆီ ပြန့်နှံ့ရောက်ရှိမှု အခြေအနေအလိုက် အဆင့်သတ်မှတ်တာဖြစ်ပါတယ်။

အူမကြီးကင်ဆာ ကုသမှု

အူမကြီးကင်ဆာ အခြေအနေကိုလိုက်ပြီး အခုလို ကုသမှုတွေ ခံယူရနိုင်ပါတယ်။

ခွဲစိတ်ကုသမှု

  • ဗိုက်ကိုဖွင့်ပြီး ကင်ဆာကျိတ်နဲ့ ကင်ဆာကျိတ် အနီးတဝိုက်က အူမကြီးတစ်ရှူး နဲ့ ပြန်ရည်ကျိတ်လေးတွေကို ဖယ်ရှားတဲ့ Open surgery
  • ဗိုက်မှာ အပေါက်သေးသေးလေးဖောက်ပြီး မှန်ပြောင်းရှည်လေးတွေနဲ့ ကြည့်ပြီး စက်ရုပ်လက်ကို အသုံးပြုလို့ အကျိတ်တွေကို ဖယ်ရှားပေးတဲ့ Minimally invasive surgery
  • အူမကြီး မှန်ပြောင်းကြည့်ရှု့စဉ်မှာ ကင်ဆာကျိတ်က သေးမယ်ဆိုရင် အထူး​ြုလုပ်ထားတဲ့ ကိရိယာကို သုံးပြီး အကျိတ်ကို ဖယ်ရှားတဲ့ ခွဲစိတ်နည်း polypectomy
  • ကင်ဆာကျိတ်က ကြီးမယ်ဆိုရင် အူမကြီးမှန်ပြောင်း ကြည့်စဉ်မှာ အထူးပြုလုပ်ထားတဲ့ ကိရိယာတွေကို သုံးပြီး အသားပို နဲ့ အူမကြီး အတွင်းနံရံသား အချို့ကို ဖယ်ရှားတဲ့ ခွဲစိတ်နည်း Endoscopic mucosal resection ဆိုပြီး ရှိပါတယ်။ ဒါက အစောပိုင်းအဆင့်တွေမှာ အသုံးပြုတဲ့ ခွဲစိတ်နည်းတွေပါ။

ကင်ဆာက အဆင့်တော်တော်လေး ရောက်နေမယ်ဆိုရင်တော့

  • ကင်ဆာဖြစ်နေတဲ့ အူမကြီး အစိတ်အပိုင်းကို ဖယ်ရှားပြီး ကျန်းမာတဲ့ အူမ​ကြီး အစိတ်အပိုင်းတွေကို ပြန်လည် ချိတ်ဆက်ပေးတဲ့ ခွဲစိတ်ကုသမှု Partial colectomy
  • ကျန်းမာတဲ့ အူမကြီး အစိတ်အပိုင်းတွေကို ဆက်ဖို့ မဖြစ်နိုင်တော့ဘူးဆိုရင် အညစ်အကြေးစွန့်ဖို့ ဗိုက်ကနေ အပေါက်ဖောက်ပေးတဲ့ ခွဲစိတ်နည်း
  • ကင်ဆာဖြစ်ပွားနေတဲ့ အနီးတဝိုက်က ပြန်ရည်ကျိတ်တွေကို ဖယ်ရှားတဲ့ ခွဲစိတ်နည်းဆိုပြိး အမျိုးမျိုး ရှိပါတယ်။

Radiation therapy (ဓာတ်ရောင်ခြည် ကုထုံး)

ဒီကုထုံးမှာတော့ အပြင်းစား x-rays ကို အသုံးပြုပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတာပါ။

Targeted therapies (ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ ကုထုံး)

ဒီကုထုံးကတော့ ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထားပြီး ကင်ဆာဆဲလ်တွေရဲ့ကြီးထွားမှုကို ဟန့်တားပေးတာ ဒါမှမဟုတ် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတဲ့ကုထုံးပါ။

Immunotherapy(ကိုယ်ခံအားကို လှုံ့ဆော်ပေးတဲ့ ကုထုံး)

ကိုယ်ခံအားက ကင်ဆာဆဲလ်တွေကို တိုက်ထုတ်နိုင်စေဖို့ လှုံ့ဆော်ပေးတဲ့ ကုထုံးတစ်ရပ်ပါ။

အူမကြီးကင်ဆာ ကာကွယ်နည်း

အူမကြီးကင်ဆာကို ကာကွယ်ဖို့ဆိုရင် နေ့စဉ် ဒီအလေ့အထလေးတွေကို ပျိုးထောင်သင့်ပါတယ်။

  • သစ်သီး၊ ဟင်းသီးဟင်းရွက်တွေ စားပါ။
  • အယ်လ်ကိုဟော လျှော့ပါ။
  • ဆေးလိပ်ဖြတ်ပါ။
  • လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ။
  • ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းပါ။
  • အူမကြီးမှန်ပြောင်း ပုံမှန်ကြည့်ပါ။

Takeaways

အူမကြီးကင်ဆာက ကျားမမရွေးဖြစ်နိုင်တဲ့ ကင်ဆာ အမျိုးအစားပါ။ ရောဂါနုစဉ်မှာ လက္ခဏာသိပ်မပြတတ်လို့ သိပ်မသိကြပါဘူး။ ဒါကြာင့် အသက်ကြီးတယ်။ မျိုးရိုးရှိတယ်။ အူမကြီးအသားပိုရှိတယ်ဆိုရင် အူမကြီးမှန်ပြောင်း ပုံမှန်ကြည့်ပေးပါ။ စောစောသိရင် ကုရတာ ရလဒ်ပိုကောင်းပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Types of cancer in the colon and rectum https://www.cancer.org/cancer/colon-rectal-cancer/about/what-is-colorectal-cancer.html Accessed Date 14 October 2020

Bowel cancer https://www.nhs.uk/conditions/bowel-cancer/ Accessed Date 14 October 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။