WHO အဆိုအရ ကင်ဆာရောဂါက အသေအပျောက်အများဆုံး ရောဂါတွေထဲမှာ ဒုတိယလိုက်ပါတယ်။ ၂၀၁၈ ဒေတာတွေအရဆိုရင် လူပေါင်း ၉.၆ မီလီယမ်လောက်က ကင်ဆာရောဂါခံစားနေရပါတယ်။ ကင်ဆာရောဂါတွေ ကို စောစောသာ စစ်ဆေးနိုင်မယ်ဆိုရင် အချိန်မီကုသမှု ခံယူနိုင်မှာ ဖြစ်ပါတယ်။
ကင်ဆာရောဂါတွေ ဘယ်လိုဖြစ်လာသလဲ
ပုံမှန်အားဖြင့် ခန္ဓာကိုယ်ထဲမှာ ဆဲလ်တွေ ပွားလာပြီးပြီဆိုရင် ပျက်စီးရပါတယ်။ ဆဲလ်အဟောင်းတွေ ပျက်လိုက်၊ ဆဲလ်အသစ်တွေ ဖြစ်လိုက်နဲ့ ခန္ဓာကိုယ်ထဲမှာ သံသရာလည်နေတာပါ။ ဒါက ပုံမှန်ဖြစ်စဉ်ပါ။ ကင်ဆာဆိုတာကတော့ ဆဲလ်တွေ မတရားပွားလာတာကို ဆိုလိုတာပါ။ ခန္ဓာကိုယ်မှာ ကင်ဆာပေါင်း အမျိုး ၁၀၀လောက် ဖြစ်နိုင်ပါတယ်။
ဆဲလ်တွေ ပွားလွန်းတဲ့အခါမှာ ခန္ဓာကိုယ်မှာ အကျိတ်အနေနဲ့ စမ်းမိတတ်ပါတယ်။ ဒီအကျိတ်တွေက သာမန်အကျိတ်လည်း ဖြစ်နိုင်သလို ကင်ဆာကျိတ်လည်း ဖြစ်နိုင်ပါတယ်။ အမြဲတမ်းတော့ အကျိတ်အနေနဲ့ ရှိနေတာ မဟုတ်ပါဘူး။ ဥပမာ သွေးကင်ဆာဆိုရင် အကျိတ်မဟုတ်တဲ့ ကင်ဆာပါ။
ကင်ဆာဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ ပြောလို့မရသေးပါဘူး။ ဒါပေမယ့် ကင်ဆာဖြစ်နိုင်ခြေကို များစေတဲ့ အမူအကျင့်တွေ၊ ပတ်ဝန်းကျင်အခြေအနေတွေကိုတော့ သိထားကြပါတယ်။ ဒီအချက်တွေရှိတိုင်း ကင်ဆာဖြစ်မယ်လို့ ပြောလို့မရပေမယ့် အချက်တွေများလာရင်တော့ ကင်ဆာဖြစ်နိုင်ခြေတွေ များလာမှာပဲ ဖြစ်ပါတယ်။
ဒီထဲက တချို့အချက်တွေက ပြုပြင်လို့ မရပေမယ့် တချို့အချက်တွေကတော့ ရှောင်လို့ရပါတယ်။ ဒီအချက်တွေကတော့
- အသက်ကြီးလာတာ
- အဝလွန်တာ
- အရက်သောက်တာ
- မိသားစုမျိုးရိုးရှိတာ
- စားသောက်နေထိုင်မှုပုံစံ
- ဆေးလိပ်သောက်တာ
- နဂိုရှိနေတဲ့ ရောဂါအခံတွေ
- ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။
ကင်ဆာရောဂါ တွေကို ဘယ်လိုစစ်ဆေးသိရှိနိုင်သလဲ။
ကင်ဆာရောဂါခံစားနေရတဲ့သူတွေက ရောဂါနုစဉ်မှာ လက္ခဏာ မပြတတ်ပါဘူး။ လက္ခဏာပြတဲ့အချိန်ဆိုရင် ကင်ဆာက အဆင့်တစ်ခုရောက်နေပါပြီ။ ဒါကြောင့် ကင်ဆာရောဂါကို လက္ခဏာမပြခင်တည်းက စောစောစီးစီး သိဖို့လိုပါတယ်။ စောစောသိလို့ စောစောကုနိုင်ရင် အသက်ရှင်နှုန်း ပိုများတာကြောင့်ပါ။
American Cancer Society အရ ကင်ဆာကို စစ်ဆေးတဲ့အခါ အသုံးများတဲ့ နည်းလမ်း ၃ခု ရှိပါတယ်။
၁။ ပုံရိပ်ဖော်စက်
ကင်ဆာဆဲလ်တွေကို X-ray၊ အသံလှိုင်း၊ ရေဒီယိုသတ္တိကြွ အမှုန်၊ သံလိုက်ဓာတ် စတာတွေနဲ့ ပုံရိပ်ဖော်တာပဲ ဖြစ်ပါတယ်။ ပုံရိပ်ကို ကြည့်ပြီး ရိုးရိုးအကျိတ်လား၊ ကင်ဆာကျိတ်လား အကြမ်းဖျင်း ခွဲခြားနိုင်ပါတယ်။
ပုံရိပ်ဖော်စက်တွေက ကင်ဆာကျိတ်တွေရဲ့ အရွယ်အစား၊ နေရာ၊ တခြားနေရာကို ပြန့်မပြန့် စတဲ့ အချက်တွေကို စစ်ဆေးပေးနိုင်ပါတယ်။ ကင်ဆာကုသနေစဉ်မှာလည်း သက်သာသလား၊ ပိုဆိုးလာသလားဆိုတာကို ပုံရိပ်ဖော်စက်တွေနဲ့ စစ်ဆေးနိုင်ပါတယ်။
အသုံးများတဲ့ ပုံရိပ်ဖော် နည်းလမ်းတွေကတော့
- ကွန်ပျူတာ ဓာတ်မှန် – CT ရိုက်တယ်လို့ လူသိများကြပါတယ်။ နာကျင်မှု မရှိဘဲ တစ်ခါရိုက်ရင် ၁၀-၃၀ မိနစ်ထိပဲ ကြာတတ်ပါတယ်။ သာမန် ဓာတ်မှန်နဲ့ ယှဉ်ရင် ပိုပြီး ကြည်လင်ပြတ်သားတဲ့ ပုံရိပ်၊ ပိုပြီးတိကျတဲ့ ပုံရိပ်ကို ရစေပါတယ်။
- သံလိုက်ဓာတ်မှန် – MRI လို့ သိကြပါတယ်။ ကင်ဆာကျိတ်ရဲ့ နေရာနဲ့ ဘယ်နေရာတွေကို ပြန့်နေပြီလဲဆိုတာကို ရှာဖွေနိုင်ပါတယ်။ MRI အဖြေကို ကြည့်ပြီး ကုသနည်းတွေကိုလည်း ရွေးချယ်လို့ရပါတယ်။ နာကျင်မှု မရှိဘဲ တစ်ခါရိုက်ရင် ၄၅မိနစ်ကနေ ၁နာရီ၊ တချို့တွေမှာ ၂နာရီထိ ကြာတတ်ပါတယ်။
- ရိုးရိုးဓာတ်မှန် – ဒါကတော့ အရိုး၊ ဝမ်းခေါင်း၊ ကျောက်ကပ်မှာရှိတဲ့ ကင်ဆာတွေကို ရှာဖွေပေးနိုင်ပါတယ်။ CTနဲ့ MRI ကပိုတိကျတယ်ဆိုပေမယ့် X-rayက စျေးသက်သာပြီး အလွယ်တကူ ရိုက်လို့ရပါတယ်။
- Nuclear scan – ခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ PET scans ဆိုတာ Nuclear scan တစ်မျိုးပါ။ ဒါ့ပြင် အရိုးတို့၊ သိုင်းရွိုက်တို့ကို ရိုက်တဲ့ scanကလည်း ဒီအမျိုးအစားထဲမှာပဲ ပါပါတယ်။ မိနစ် ၂၀ကနေ ၃နာရီလောက်ထိ ကြာတတ်ပြီး လိုအပ်ရင် ဆေးထိုးပြီး ရိုက်ရတတ်ပါတယ်။
- အယ်ထွာဆောင်း – X-ray အဖြေတွေက အကျိတ်နေရာကို တိတိကျကျ မပြနိုင်ဘူးလို့ ခံစားရရင် အယ်ထွာဆောင်း ထပ်ရိုက်ဖို့ ညွှန်ကြားလေ့ရှိပါတယ်။ အယ်ထွာဆောင်းက ကြိမ်နှုန်းမြင့် အသံတွေကို လွှင့်ပြီး ပုံရိပ်တွေကို ဖမ်းယူတာပဲ ဖြစ်ပါတယ်။ သားဥအိမ်ကင်ဆာမှာ ရိုးရိုးအရည်အိတ်လား၊ ကင်ဆာကျိတ်လားဆိုတာကို ခွဲဖို့ အတော်အသုံးဝင်ပါတယ်။
ပုံရိပ်ဖော် နည်းပညာတွေမှာ တစ်ခုချင်းစီက အားသာချက်၊ အားနည်းချက် ကိုယ်စီရှိတဲ့အတွက် ကိုယ့်ရောဂါရဲ့ လိုအပ်ချက်အလိုက် သင့်တော်တာနဲ့ စစ်ဆေးသင့်ပါတယ်။
၂။ မှန်ပြောင်းကြည့်ခြင်း
မှန်ပြောင်းကြည့်တယ်ဆိုတာက ခန္ဓာကိုယ်ထဲကို ပြွန်လိုမျိုး ပိုက်လေးထည့်ပြီး အထဲထဲကို တိုက်ရိုက်ကြည့်ရှုတာပဲ ဖြစ်ပါတယ်။ အသုံးများတဲ့ မှန်ပြောင်းကြည့်နည်းတွေကတော့
- လေပြွန်မှန်ပြောင်း- လေပြွန်ထဲမှာ အကျိတ်နဲ့ ပိတ်နေတယ်လို့ ယူဆတဲ့အခါ ကြည့်လေ့ရှိပါတယ်။
- အူမကြီး မှန်ပြောင်း- အူမကြီးနဲ့ ပတ်သက်တဲ့ လက္ခဏာတစ်ခုခု ခံစားရတယ်။ အူမကြီးကင်ဆာလို့ သံသယရှိတဲ့အခါ ကြည့်လေ့ရှိပါတယ်။
- Laparoscopy – မီးယပ်ကင်ဆာတွေဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ စတာတွေအတွက် ကြည့်လေ့ရှိပါတယ်။
- ဆီးအိမ်မှန်ပြောင်း – ဆီးအိမ်နဲ့ ဆီးပြွန်မှာ ကင်ဆာရှိတယ်လို့ သံသယရှိတဲ့အခါ ကြည့်ပါတယ်။ သေးငယ်တဲ့ အကျိတ်တွေဆို မှန်ပြောင်းနဲ့ ဖယ်ရှားလို့ရပါတယ်။
၃။ အသားစယူ စစ်ဆေးခြင်း
အသားစယူ စစ်ဆေးတယ်ဆိုတာ ကင်ဆာလို့ သံသယရှိတဲ့နေရာကနေ သေးငယ်တဲ့ အသားစလေးကို ယူပြီး ဆဲလ်တွေကို စစ်ဆေးတာပဲ ဖြစ်ပါတယ်။ အင်မတန်တိကျပြီး ကင်ဆာအတွက် စံထားရလောက်တဲ့ စစ်ဆေးနည်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကင်ဆာစစ်ဆေးတဲ့အခါ တခြားနည်းလမ်းတွေနဲ့အတူ အသားစယူတာကိုပါ ထည့်သွင်းလုပ်ဆောင်လေ့ရှိပါတယ်။
အသုံးများတဲ့ အသားစယူ စစ်ဆေးနည်းတွေကတော့
- ရိုးတွင်းခြင်ဆီ အသားစယူစစ်ဆေးခြင်း- သွေးထဲမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေတွေ့ရတဲ့အခါ စစ်ဆေးလေ့ရှိပါတယ်။ သွေးကင်ဆာ၊ ပြန်ရည်ကျိတ်၊ multiple myeloma စတဲ့ ကင်ဆာတွေမှာ အသုံးများပါတယ်။
- မှန်ပြောင်းကြည့် အသားစယူခြင်း- မှန်ပြောင်းနဲ့ ကြည့်ရှုစစ်ဆေးရင်း တစ်ခါတည်း အသားစယူသွားတာပဲ ဖြစ်ပါတယ်။
- အပ်ဖြင့် အသားစယူခြင်း- အရေပြားပေါ်ကနေ စမ်းလို့မိတဲ့ အကျိတ်တွေမှာ ယူလေ့ရှိပါတယ်။ ဥပမာ ရင်သားအကျိတ်၊ ပြန်ရည်အကျိတ်တွေမှာ ထုံဆေးပေးပြီး အပ်နဲ့ အသားစယူတတ်ပါတယ်။
- ခွဲစိတ်ပြီး အသားစယူခြင်း- ဥပမာ ရင်သားအကျိတ်ကို ခွဲထုတ်တဲ့အခါ၊ ပြန်ရည်ကျိတ်ကို ခွဲတဲ့အခါ ရလာတဲ့ အကျိတ်ကို အသားစယူ စစ်ဆေးတာပဲ ဖြစ်ပါတယ်။ ခွဲစိတ်တဲ့နေရာမှာ အကျိတ်သေးရင် တစ်လုံးလုံး ထုတ်လိုက်တာ ရှိသလို ကြီးရင် အပိုင်းအစလေးကိုပဲ ထုတ်လိုက်တာ ရှိပါတယ်။
Takeaway
ဒါက အခြေခံကျတဲ့ ကင်ဆာစစ်ဆေးနည်းတွေပဲ ဖြစ်ပါတယ်။ ဒါ့ပြင် တခြားလိုအပ်တဲ့ သွေးစစ်ဆေးမှုတွေလည်း ရှိနိုင်ပါတယ်။ ကင်ဆာရောဂါတွေ ကို စစ်ဆေးတဲ့အခါမှာ ဒီနည်းလမ်း ၃ခုလုံး လိုချင်မှ လိုမှာပါ။ မိမိရဲ့ ရောဂါအခြေအနေကို လိုက်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
[embed-health-tool-bmi]