backup og meta

သားအိမ်ကင်ဆာ (Endometrial cancer)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားအိမ်ကင်ဆာ (Endometrial cancer)

    သားအိမ်ကင်ဆာ လို့ပြောရင် သားအိမ်ရဲ့ အတွင်းသားကဖြစ်တာလား (endometrium)၊ ကြွက်သားက ဖြစ်တာလား(sarcoma)ဆိုပြီးနှစ်မျိုးရှိပါတယ်။ အဖြစ်များတာက သားအိမ်ရဲ့ အတွင်းသားက​နေဖြစ်တာပါ။ ဒါကြောင့် ဒီဆောင်းပါးမှာ သူ့အကြောင်းကိုပြောပါမယ်။ အမျိုးသမီး၁၀၀မှာ ၃ယောက်လောက်က သားအိမ်ကင်ဆာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကောင်းတဲ့အချက်က သူကပွားတာနှေးတဲ့အပြင် စောစောသိလို့ စောစောကုနိုင်ရင် အသက်ရှင်ဖို့အခွင့်အလမ်းပိုများပါတယ်။

    သားအိမ်ကင်ဆာ ဖြစ်တဲ့အခါ ဘာလက္ခဏာတွေ ပြမှာလဲ။

    တချို့တွေမှာ သားအိမ်ကင်ဆာ က တခြားနေရာကိုပျံ့တော့မှပဲ သိရတာပါ။ ဒါပေမယ့် တော်တော်များများက မိန်းမကိုယ်က သွေးဆင်းတဲ့လက္ခဏာပြတာကြောင့် စောစောသိကြတာများပါတယ်။ လက္ခဏာတွေကတော့

  • ပုံမမှန် သွေးဆင်းတာ
  • သားအိမ်ကင်ဆာရဲ့ ၁၀ယောက်မှာ ၉ယောက်က ဒီလက္ခဏာပြပါတယ်။ သွေးမဆုံးခင်မှာတော့ ပုံမမှန် ဒါမှမဟုတ် သွေးဆင်းများတာ၊ ရာသီနှစ်ခုကြား ကြားဖောက်လာတာက အဓိကလက္ခဏာပါ။ သွေးဆုံးပြီးတဲ့သူတွေမှာ သွေးပြန်ဆင်းတာက လက္ခဏာပါ။ ဟော်မုန်းကုသမှုခံယူနေတဲ့သူတွေမှာလည်း သွေးဆင်းတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သွေးဆုံးပြီးမှ သွေးပြန်ဆင်းရင် သားအိမ်ကင်ဆာဟုတ်မဟုတ် စစ်ဆေးသင့်ပါတယ်။ ဒီလိုပြောလို့ လန့်မသွားပါနဲ့။ သွေးဆုံးပြီး သွေးပြန်ဆင်းသူတွေရဲ့ ၁၅ရာခိုင်နှုန်းကပဲ သားအိမ်ကင်ဆာဖြစ်တာပါ။

    အဖြူဆင်းတယ်လို့ပြောပေမယ့် တကယ်တော့ ပန်းရောင်ဖျော့ဖျော့ကနေ အညိုပုပ်ပုပ်ဆင်းတတ်ပါတယ်။ အနံ့ဆိုးပါတယ်။ အတုံးအခဲတွေပါတတ်ပါတယ်။

    • ဆီးသွားရခက်တာ၊ ဆီးကျဉ်တာဖြစ်ပါတယ်။
    • အတူနေရင်မိန်းမကိုယ်ကနာပါတယ်။
    • အလိုလိုနေရင်း ပိန်လာပါတယ်။

    ဘယ်သူတွေဖြစ်နိုင်လဲ။

  • ဟော်မုန်းမမျှတဲ့သူတွေ
  • သားဥအိမ်ကနေ အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းနှစ်ခုကို ထုတ်ပေးပါတယ်။ သူတို့ရဲ့ အတက်အကျက သားအိမ်နံရံအထူအပါးကို ညှိပေးပါတယ်။ အီစထရိုဂျင်တစ်မျိုးပဲများပြီး ပရိုဂျက်စတုန်းပုံမှန်ပဲရှိတဲ့ အခြေအနေမှာဆိုရင် သားအိမ်နံရံထူပြီး ကင်ဆာပြောင်းနိုင်ပါတယ်။ ဥပမာပြောရရင် သားဥအိမ်မှာ အရည်အိတ်အများကြီးတည်တာ (PCOS)၊ အဝလွန်တာနဲ့ ဆီးချိုရောဂါတွေမှာပါ။ နောက်ပြီး သွေးဆုံးကိုင်လက္ခဏာတွေ သက်သာအောင် ဟော်မုန်းဆေးတွေသောက်တဲ့အခါ အီစထရိုဂျင်တစ်မျိုးတည်းပါတာကို သောက်မိရင်လည်း ဖြစ်တတ်ပါသေးတယ်။

    • ရာသီစောပေါ်တာ နောက်ကျမှသွေးဆုံးတာ

    ၁၂နှစ်မတိုင်ခင် သွေးပေါ်တာ၊ သွေးဆုံးချိန်နောက်ကျတာတွေက သားအိမ်ကို အီစထရိုဂျင်နဲ့ ထိတွေ့မှုပိုများစေတဲ့အတွက် သားအိမ်ကင်ဆာပိုဖြစ်နိုင်ပါတယ်။

    • ကိုယ်ဝန်မဆောင်ဖူးတာ

    ကိုယ်ဝန်မဆောင်ဖူးတဲ့သူတွေက ကိုယ်ဝန်ဆောင်ဖူးတဲ့သူတွေထက် ဖြစ်နိုင်ချေများပါတယ်။

    • အသက်

    အသက်ကြီးလာလေလေ ဖြစ်နိုင်ချေများလေလေပါပဲ။ သားအိမ်ကင်ဆာက သွေးဆုံးပြီးတဲ့သူတွေမှာ ပိုဖြစ်ပါတယ်။

    • အဝလွန်ခြင်း

    အဝလွန်တဲ့သူတွေမှာ အဆီက ဟော်မုန်းမမျှတမှုကို ဖြစ်စေတဲ့အတွက် ဖြစ်နိုင်ချေများပါတယ်။

    • ရင်သားကင်ဆာအတွက် ဟော်မုန်းကုသမှုခံယူခြင်း
    • မျိုးရိုးလိုက်အူမကြီးကင်ဆာရောဂါစု

    Lynch syndromeလို့ခေါ်ပြီး အူမကြီးကင်ဆာအပါအဝင်၊ သားအိမ်ကင်ဆာနဲ့ တခြားသောကင်ဆာတွေကို ဖြစ်တတ်ပါတယ်။ မျိုးရိုးလည်းလိုက်တတ်ပါတယ်။

    သားအိမ်ကင်ဆာ မဖြစ်အောင်ဘယ်လိုလုပ်ကြမလဲ။

    ကင်ဆာလုံးဝမဖြစ်အောင် ကာကွယ်လို့မရပါဘူး။ ဖြစ်နိုင်ချေနည်းအောင် နေထိုင်စားသောက်လို့ရပါတယ်။ ဒါတွေကတော့

    • ဟော်မုန်းကုသမှုခံယူမယ်ဆို ဆရာဝန်နဲ့ဆွေးနွေးပါ။

    သွေးဆုံးကိုင်လက္ခဏာတွေကို မခံစားနိုင်လို့ ဟော်မုန်းဆေးတွေသောက်မယ်ဆိုရင် ကိုယ့်သဘောနဲ့ကိုယ်မသောက်ပါနဲ့။ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီး တခြားနည်းလမ်းတွေ အရင်သုံးသင့်ပါတယ်။

    သန္ဓေတားဆေးသောက်တာက တစ်နှစ်လောက်သောက်ရုံနဲ့ နှစ်တော်တော်ကြာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် သူ့မှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိတာကြောင့် သောက်သင့် မသောက်သင့်ကို ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

    • ကိုယ်အလေးချိန်ထိန်းပါ။

    လေ့ကျင့်ခန်းလုပ်ပါ။ အဆီအဆိမ့်လျှော့ စားပါ။ အာဟာရပြည့်အောင်စားပါ။

    • ပုံမမှန်သွေးဆင်းတာရှိရင် ဆရာဝန်နဲ့ချက်ချင်းပြပါ။ အထူးသဖြင့် သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာပါ။

    ကုသနည်းများ

    ကုသနည်းတွေကတော့ ရောဂါအခြေအနေ၊ လူနာအခြေအနေပေါ်မူတည်ပြီး

    • ခွဲစိတ်တာ
    • ရောင်ခြည်ပြတာ
    • ဆေးသွင်းတာ
    • ဟော်မုန်းဆေးနဲ့ကုတာ
    • Targeted therapy
    • Immunotherapy စတဲ့နည်းလမ်းတွေရှိပါတယ်။

    သားအိမ်ကင်ဆာ ရဲ့ ဦးဆုံးလက္ခဏာက သွေးဆင်းတာပါ။ ဒါ့ကြောင့် စောသိတာများပါတယ်။ ကုသမှုနည်းလမ်းတွေလည်း တိုးတက်နေတာကြောင့် ပျောက်ကင်းနိုင်ခြေရှိပါတယ်။ စောစောသိ စောစောကုဖို့သာ အရေးကြီးတာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement