home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

Stay at Home ရင်း Support from Home လုပ်ကြမယ် (၁)

Stay at Home ရင်း Support from Home လုပ်ကြမယ် (၁)

COVID-19 ကြောင့် အိမ်ထဲမှာပဲ အောင်းနေရပေမဲ့ ရှေ့တန်းကတိုက်ပွဲဝင်နေကြတဲ့ ဆရာဝန် သူနာပြုတွေ ၊ စေတနာလုပ်အားရှင်တွေကို အိမ်ထဲမှာနေရင်း ကူညီလို့ရတယ်၊ အထောက်အပံ့ပေးလို့ ရတယ်ဆိုရင် နည်းနည်းတော့ အံ့သြစရာကောင်းသွားမယ်ထင်ရဲ့။

ပလတ်စတစ်လျှော့ချရေးလုပ်ကြသလိုပေါ့။ လူတိုင်းလူတိုင်းက တစ်ကိုယ်ရေ တစ်ကာယ ပလတ်စတစ် သုံးစွဲမှုတွေကို လျှော့ချလိုက်တဲ့အခါ ပလတ်စတစ်ထွက်နှုန်း လျော့ကျသွားသလိုပါပဲ။ COVID-19 ကာလမှာ အိမ်ထဲမှာနေနေရပေမဲ့ ရှေ့တန်းမှာတိုက်ခိုက်နေရသူတွေကို ကူညီပံ့ပိုးပေးနိုင်မယ့် နည်းလမ်းလေးတွေကို ကြည့်လိုက်ရအောင်ဗျာ။

၁။ အဝတ် Mask ကို သုံးကြမယ်

COVID-19 ကိစ္စ ခေတ်စားလာချိန်မှာ ပထမဦးဆုံးဖြစ်တဲ့ ဒုက္ခက Mask တွေရှားပါးသွားတာပါ။ အရင်က ၅၀ကျပ်တန် Mask က ၆၀၀ ကနေ ၁၀၀၀ ကျပ်ထိ ၁၀ ဆကနေ အဆ ၂၀ လောက်ခုန်တက်သွားတဲ့အပြင် ဝယ်လိုအားက အဆမတန်များသွားတာမို့ ပိုက်ဆံရှိရင်တောင် ဝယ်ဖို့ခက်ပြီး စက်ရုံတွေမှာပါ ပစ္စည်းပြတ်ကုန်လို့ တကယ်လိုအပ်တဲ့ ဆေးရုံတွေ ဆေးခန်းတွေ ဒုက္ခများခဲ့ရပါတယ်။

တစ်နေ့ကို ၂ ကြိမ်ပဲအပြင်ထွက်လို့ Mask ၂ ခုသုံးဖြစ်ရင်တောင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တွက်ရင် နေ့စဉ်သန်းနဲ့ချီပြီး Mask တွေပြုန်းတီးနေရတာပါ။ လူထူထပ်တဲ့နေရာသွားရတဲ့အခါ Mask မဝတ်လို့လည်းမရ၊ ဝတ်ကြပြန်တော့လည်း စျေးကကြီးတဲ့အပြင် တကယ်လိုအပ်နေတဲ့နေရာတွေက ဝယ်ရခက်နဲ့ အားလုံးအဆင်ပြေတာတော့ မရှိဘူးထင်တယ်လို့ အူဝဲညည်းသလို ညည်းရတော့မယ်ထင်ပါရဲ့။

ဟုတ်ကဲ့… အဆင်ပြေတဲ့နည်းလမ်းလေးက တကယ်ရှိပါတယ်။ နေ့စဉ်သွားသွားလာလာ လုပ်ရသမျှနေရာတွေကို သွားတဲ့အခါ ခွဲခန်းသုံး Mask အစား ပြန်လျှော်သုံးလို့ရတဲ့ အဝတ် Mask ကို သုံးကြဖို့ပါ။ ပြန်လျှော်လို့ရတဲ့အတွက် တစ်ခါဝယ်ပြီးရင် မစုတ်မပြဲမချင်း သုံးလို့ရမှာမို့ ငွေကုန်ကြေးကျ အများကြီးဆိုမှ အများကြီးကို သက်သာသွားမှာပါ။

ဟင်… ခွဲခန်းသုံး Mask (Surgical Mask) ကပဲ ကာကွယ်နိုင်တာမဟုတ်ဘူးလား… အဝတ် Mask ရောသုံးလို့ရလား… ဆိုရင် ဟုတ်ကဲ့ တကယ်ရတာပါ။ ခွဲခန်းသုံး Mask နဲ့ အဝတ် Mask နဲ့ အဓိကကွာခြားချက်က ကိုယ့်ဆီကနေ မကူးအောင် ကာကွယ်တဲ့နေရာမှာ အဓိကကွာတာပါ။ အပြင်ဘက်က ဝင်လာမယ့် အမှုန်တွေကိုကာကွယ်တဲ့နေရာမှာတော့ Surgical Mask နဲ့ အဝတ်Mask ဟာ တကယ့်နည်းနည်းလေးဆိုမှ နည်းနည်းလေးပဲ ကွာခြားချက်ရှိတာမို့ အဝတ်Mask နှစ်ခုလောက်ဝယ်ထားပြီး လျှော်ပြီးသုံးမယ်ဆိုရင် အကုန်အကျလည်းသက်သာတဲ့အပြင် အမှန်တကယ်လိုအပ်နေတဲ့ ဆေးရုံတွေမှာ ပိုသုံးလို့ရသွားတာမို့ ဆေးရုံကကျန်းမာရေးဝန်ထမ်းတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီရာရောက်ပါတယ်ဗျာ။ လူတိုင်းလူတိုင်းကသာ တစ်ကိုယ်ရေအသုံးလေးတွေကိုလျှော့လိုက်ရင် နိုင်ငံတစ်နိုင်ငံစာဆိုရင် သန်းနဲ့ချီပြီးသက်သာသွားမှာမို့ တကယ့်ကို အကူအညီအကြီးကြီးပေးရာကျမှာမို့ ငွေကုန်လည်းသက်သာ ကုသိုလ်လည်းရ ကဲ..ဦးကြီး ဘာလိုသေးလဲဗျာ ပေါ့..။

သတိထားဖို့တစ်ခုကတော့ ကိုယ့်ဆီကမကူးဖို့ ကာကွယ်တဲ့အခါမှာတော့ ခွဲခန်းသုံး Mask (Surgical Mask) ကိုပဲ တပ်မှရမယ်ဆိုတာပါပဲ။ ကာယကံရှင်ဆီက ချောင်းဆိုးနှာချေရင်ထွက်တဲ့ အမှုန်အမွှားတွေကို ကာကွယ်ရာမှာတော့ အဝတ် Mask ရဲ့ကာကွယ်နိုင်စွမ်းက အရမ်းနိမ့်ကျတာမို့ အဲသည်လို အခြေအနေမှာတော့ Surgical Mask ကိုပဲ သုံးသင့်ပါတယ်ဗျာ။

နောက်ထပ်ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို အပိုင်း (၂) မှာ ဆက်ပြီးဖော်ပြပေးသွားပါမယ်ခင်ဗျာ။

ရေးသားသူ – LWINT

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 03/07/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။