backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hepatitis C (စီပိုးကြောင့်အသည်းရောင်ခြင်း )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Hepatitis C (စီပိုးကြောင့်အသည်းရောင်ခြင်း )

အဓိပ္ပာယ်ဖွင့်ဆိုချက်

Hepatitis C (စီပိုးကြောင့်အသည်းရောင်ခြင်း ) ကဘာလဲ။

စီပိုးကြောင့်အသည်းရောင်ခြင်း ဆိုတာက စီပိုးဗိုင်းရပ်စ်က အသည်းကိုတိုက်ခိုက်ပြီး ရောင်ရမ်းစေတာပဲ ဖြစ်ပါတယ်။ အသည်းရောင်စီပိုး ကူးစက်ခံရလျှင် အသည်းကိုရောင်းရမ်းစေပြီး နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ အသည်းရောင် စီပိုးသည် အဖြစ်များသော အသည်းရောင်ပိုင်းရပ်စ်များထဲမှ တစ်ခုဖြစ်ပြီး အားလုံးထဲတွင် အဆိုးဝါးဆုံးလို့ ယူဆရပါတယ်။

လူအများစုက Medical check up လုပ်ရာကနေ အသည်းရောင်စီပိုးကို တွေ့ရှိကြပါတယ်။ အသည်းရောင်စီပိုးသည် တစ်ခါတရံ လက္ခဏာမပြတတ်ပါ။ ဆယ်စုနှစ်ချီကြာပြီး အသည်းပျက်စီးလို့ လက္ခဏာများပေါ်လာမှသာ သိရှိရတတ်ပါသည်။

Hepatitis C (စီပိုးကြောင့်အသည်းရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီးရဲ့ သုနေသနအရ စီပိုးကြောင့်အသည်းရောင်ခြင်း မှာ အာရှတွင် အဖြစ်များကြောင်း သိရပါသည်။

လက္ခဏာများ

Hepatitis C (စီပိုးကြောင့်အသည်းရောင်ခြင်း ) ရဲ့ လက္ခဏာတွေက ဘာတွေလဲ

စီပိုးကူးစက်ခံရပါက လူအများစုတွင် နောက်ဆက်တွဲ အသည်းပျက်စီးခြင်း မဖြစ်သည်အချိန်အထိ သိသာတဲ့ လက္ခဏာများ ပြမှာ မဟုတ်ပါ။ တချို့တွင် လုံးဝလက္ခဏာမပြဘဲ ကူးစက်ခံနေရတာမျိုးလည်း ရှိနိုင်ပါတယ်။

စီပိုးစကူးခံရပြီး ပြတတ်တဲ့ လက္ခဏာတွေကတော့

နောက်ပိုင်း အသည်းပျက်စီးတဲ့အထိ ဖြစ်လာပါက

  • အလွယ်တကူ သွေးထွက်လွယ်ခြင်း၊ အညိုအမည်းစွဲလွယ်ခြင်း
  • အရေပြားယားခြင်း
  • ဗိုက်အတွင်း အရည်များစုခြင်း (ရေဖျဉ်း)
  • ခြေထောက်များ ဖောရောင်ခြင်း
  • ကိုယ်အလေးချိန်ကျခြင်း
  • စိတ်ရှုပ်ထွေးခြင်း၊ သတိမကောင်းခြင်း
  • အရေပြားတွင် ပင့်ကူလို သွေးကြောများ ပေါ်ခြင်း

ဒီထဲမှာ မပါဝင်သေးတဲ့ အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ ခန္ဓာကိုယ်တုံ့ပြန်မှုက တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာလုပ်သင့်လဲဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Hepatitis C (စီပိုးကြောင့်အသည်းရောင်ခြင်း ) ကို ဘာတွေက ဖြစ်စေသလဲ။

စီပိုးကြောင့်အသည်းရောင်ခြင်း ရဲ့ အဓိကအကြောင်းရင်းက အသည်းရောင်စီဗိုင်းရပ်စ် (HCV) ကူးစက်ခံရခြင်းကြောင့် ဖြစ်ပါတယ်။

ရောဂါပိုးရှိသူရဲ့ သွေးနဲ့ ထိတွေ့မိရင် သို့မဟုတ် အပတ်ပေါင်းများစွာကြာပြီးဖြစ်သော ရောဂါပိုးရှိသူရဲ့ သွေးခြောက်များနဲ့ ထိတွေ့မိရင်လည်း ကူးစက်နိုင်ပါတယ်။

တခြားသော ကိုယ်တွင်းအရည်များတွင် ဗိုင်းရပ်စ်ပါသည်ဆိုသော်လည်း သွေးတွင် ဗိုင်းရပ်စ်ပိုးအများဆုံးရှိနေသောကြောင့် သွေးသည် အသည်းရောင်စီပိုးကူးရသည့် အဓိကအကြောင်းရင်း ဖြစ်ပါသည်။

အသည်းရောင်စီပိုး ကူးစက်နိုင်သည့် တခြားသောနည်းလမ်းများတွေကတော့

  • ဆေးနဲ့ ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်း
  • အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း (အထူးသဖြင့် လိင်မှတဆင့်ကူးစက်သော ရောဂါများရှိနေလျှင်သို့မဟုတ် ပါတနာများစွာဖြင့် လိင်ဆက်ဆံခြင်း)
  • စီပိုးရှိသူနဲ့ ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်း
  • ခုခံအားကျဆင်းမှု ကူးစက်ရောဂါအခံရှိနေခြင်း
  • ဒါ့ပြင် စီပိုးရှိသော အမျိုးသမီးမှ ကလေးဆီသို့လည်း ကူးစက်နိုင်ပါတယ်။
  • စီပိုးသည် အစာ၊ ရေ သို့မဟုတ် သာမာန်ထိတွေ့မှုများဖြင့် မကူးစက်နိုင်ပါ။

ဖြစ်နိုင်ခြေများ

Hepatitis C (စီပိုးကြောင့်အသည်းရောင်ခြင်း )

Hepatitis C (စီပိုးကြောင့်အသည်းရောင်ခြင်း ) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

စီပိုးကြောင့်အသည်းရောင်ခြင်း ဖြစ်နိုင်ခြေကို မြင့်စေတဲ့ အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • ပိုးရှိသူနဲ့ မကြာခဏ ထိတွေ့နေရရင် (ဥပမာ ကျန်းမာရေးဝန်ထမ်းများ၊ လူနာကို အဓိကပြုစုရသူများ)
  • မူးယစ်ဆေးများသုံးနေရင် သို့မဟုတ် HIV ရှိနေရင်
  • တခြားသူထိုးပြီးသားအပ်နဲ့ တက်တူးထိုးဖူးရင် သို့မဟုတ် မသန့်ရှင်းသည့်နေရာတွင် တက်တူးထိုးဖူးလျှင်
  • ပိုးရှိမရှိ မသေချာသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံရင်
  • လိင်ဆက်ဆံဖော်များရင် ဖြစ်နိုင်ခြေ များပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုတိကျသော အချက်အလက်များရရှိရန်အတွက် ဆရာဝန်နဲ့ အမြဲတမ်းတိုင်ပင်ပါ။

Hepatitis C (စီပိုးကြောင့်အသည်းရောင်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဗိုင်းရပ်စ်နဲ့ ထိတွေနိုင်ခြေမြင့်ကြောင်း  သံသယရှိပါက ဆရာဝန်မှ စစ်ဆေးမှုတစ်ချို့ကို ပြုလုပ်ပါလိမ့်မယ်။ သွေးစစ်ဆေးမှုများမှ စီပိုးရှိမရှိသိနိုင်ခြင်း၊ သွေးတွင်း၌ စီပိုးပမာဏကို သိနိုင်ခြင်း၊ ဆေးကုသမှုကိုအတွက် ဗိုင်းရပ်စ်ဗီဇစစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါသည်။

တကယ်လို့ အသည်းပါပျက်စီးနေပြီလို့ သံသယရှိတဲ့အခါ ပျက်စီးမှုပမာဏကိုသိနိုင်ဖို့ အသည်းစနမူနာယူကောင်း ယူရနိုင်ပါတယ်။ အသည်းစနမူနာက ရောဂါရဲ့အတိမ်အနက်၊ ကုသမှုပုံစံတို့ကို ဆုံးဖြတ်ရာမှာ အထောက်အကူပြုပါတယ်။

Hepatitis C (စီပိုးကြောင့်အသည်းရောင်ခြင်း ) ကို ဘယ်လိုကုသပါသလဲ

ခန္ဓာကိုယ်တွင်းမှာ ဗိုင်းရပ်စ်ပိုးပွားလာခြင်းကို  ဆေးတွေနဲ့ ထိန်းချုပ်လို့ရပါတယ်။ ဒါပေမယ့် ထိထိရောက်ရောက် ကုသနိုင်ဖို့ ဆေးကို လပေါင်းများစွာ စွဲသောက်ဖို့ လိုပါတယ်။  အသုံးများတဲ့ ဆေးတွေကတော့ pegylated interferon နှင့် ribavirin ဖြစ်ပြီး simeprevir, sofosbuvir နှင့် daclatasvir တို့လည်း ပါဝင်နိုင်ပါတယ်။

နောက်ဆုံးပေါ်ဆေးတွေနဲ့ ကုသရာမှာ အရှင်းပျောက်ကင်းနှုန်းသည် ၉၀% ကျော်တယ်လို့ ဆိုကြပါတယ်။ အရှင်းပျောက်တယ်ဆိုတာက သွေးထဲမှာ ပိုးက စစ်ဆေးလို့ မရအောင် နည်းသွားတာဖြစ်ပြီး လုံးဝမရှိဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် နောက်ထပ် မကူးစက်စေဖို့ လိုက်နာရမယ့် အချက်တွေ ရှိပါတယ်။

အသည်းပျက်စီးသွားရင်တော့ အသည်းအစားထိုးဖို့ စဉ်းစားရပါမယ်။ ဒါပေမယ့် ဒါက အသည်းပျက်စီးတာကို သက်သာစေတာပဲ ဖြစ်ပြီး စီပိုးတွေ ပျောက်သွားတာ မဟုတ်ပါ။ ဒါကြောင့် အသည်းအစားထိုးထားပေမယ့် လိုအပ်ရင် စီပိုးကို ဆက်ကုနေရဦးမှာ ဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

စီပိုးကြောင့် အသည်းရောင်တာကို ပိုမဆိုးစေဖို့နဲ့ ကုသတဲ့နေရာမှာ အထောက်အကူဖြစ်အောင် အောက်ပါအချက်တွေကို လိုက်နာပါ။

  • အရက်ဖြတ်ပါ
  • အသည်းထိစေမည့် ဆေးများ၊ သစ်ဥသစ်ဖုများကို ရှောင်ပါ
  • အနာများရှိလျှင် သင့်သွေးနဲ့ တခြားသူများ မထိတွေ့မိစေရန် ဖုံးအုပ်ထားခြင်းဖြင့် ကူညီပါ။
  • မုတ်ဆိတ်ရိတ်ဓား၊ သွားတိုက်တံ စတဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေကို မျှဝေမသုံးပါနဲ့။
  • သွေး ဒါမှမဟုတ် ကိုယ်အင်္ဂါကို မလှူပါနဲ့။
  • ဆေးရုံဆေးခန်းသွားတဲ့အခါ သင့်မှာ စီပိုးရှိနေကြောင်း ကျန်းမာရေးဝန်ထမ်းများကို ပြောပြထားပါ။

ကာကွယ်နည်းများ

စီပိုးမှာ အေပိုးနဲ့ ဘီပိုးလိုမျိုး ကာကွယ်ဆေး မရှိတဲ့အတွက် မဖြစ်လာအောင် ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးနည်းလမ်းပါ။

  • မူးယစ်ဆေးတွေ သုံးတာကို ရှောင်ပါ။ အထူးသဖြင့် သွေးကြောထဲ ထိုးသွင်းတာကို ရှောင်ပါ။
  • ခန္ဓာကိုယ်မှာ အလှအပအတွက် အပေါက်ဖောက်တဲ့အခါ၊ တက်တူးထိုးတဲ့အခါ သတိထားပါ။ သန့်ရှင်းပြီး တစ်ခါသုံးအပ် သုံးတဲ့ ဆိုင်မှာပဲ ထိုးပါ။
  • လိင်ကနေတဆင့် မကူးစက်အောင် ကာကွယ်ပါ။ ပိုးရှိမရှိ မသေချာသူနဲ့ အတူနေတဲ့အခါ ကွန်ဒုံးသုံးပါ။ လိင်ဆက်ဆံဖော် မများပါစေနဲ့။

အသည်းရောင် အသားဝါ စီပိုး

  • စီပိုးကြောင့် အသည်းရောင်တာက အသည်းရောင် အသားဝါ စီဗိုင်းရပ်စ် ကူးစက်ခံရလို့ပါ။
  • သွေးကနေ အဓိက ကူးစက်ပါတယ်။
  • ရောဂါလက္ခဏာမပြဘဲ အသည်းကို ဖျက်ဆီးနေတတ်ပါတယ်။
  • ဆေးဝါးတွေနဲ့ ပိုးတွေ ၉၀%လောက် ပျောက်သွားအောင် ကုသနိုင်ပါတယ်။
  • ကာကွယ်ဆေး မရှိတဲ့အတွက် မကူးစက်အောင် ကြိုတင်ကာကွယ်ထားသင့်ပါတယ်။

ရေးသားသူ- Dr Hlaing Min Ko Ko

 

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement