home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နို့တိုက်မိခင်တွေအတွက် COVID-19 နဲ့ ပတ်သက်တဲ့ အမေးအဖြေများ

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နို့တိုက်မိခင်တွေအတွက် COVID-19 နဲ့ ပတ်သက်တဲ့ အမေးအဖြေများ

(၁) ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ COVID-19 ကူးစက်ဖို့ သာမန်လူတွေထက် အလားအလာပို များသလား

လေ့လာတွေ့ရှိချက်တွေအရ ယခုအချိန်အထိ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ COVID-19 ရောဂါ ပိုပြီးကူးစက်နိုင်ခြေများတယ်ဆိုတဲ့ သက်သေအထောက်အထားမျိုး မရှိသေးပါဘူး။

ဒါပေမဲ့ ကိုယ်ဝန်ရှိနေစဉ်မှာ ခန္ဓာကိုယ်ဟာ ပြောင်းလဲမှုတွေရှိပါတယ်။ ခုခံအားစနစ်ဟာလည်း သာမန်အချိန်တွေနဲ့ မတူညီဘဲ ပြောင်းလဲပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာရင် သာမန်လူတွေထက် ပိုပြီးအထိနာကြပါတယ်။ ခံနိုင်ရည်သိပ်မရှိတတ်ပါဘူး။ ဒါကြောင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းဆောင်တာတွေကို ပိုမို အလေးထားပြုလုပ်ဖို့လိုပါတယ်။ ဖျားခြင်း၊ ချောင်းဆိုးခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတို့ဖြစ်လာရင် လည်း ဆရာဝန်နဲ့ မြန်နိုင်သမျှအမြန်ဆုံးပြပါ။

(၂)ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဟာ ဘယ်လိုကြိုတင်ကာကွယ်မှုမျိုးတွေကို ပြုလုပ်သင့် သလဲ။

ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းတွေကတော့ သာမန်လူတွေနဲ့ အတူတူပါပဲ။

  • လက်ကို စနစ်တကျမကြာခဏဆေးမယ်။ [ ရေနဲ့ဆပ်ပြာ (သို့မဟုတ်) လက်သန့်ဆေးရည်ဖြင့်]
  • လူစုလူဝေးရှောင်မယ်
  • မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို လက်နဲ့ထိတွေ့ခြင်းမှ ရှောင်ရှားမယ်
  • နှာချေချောင်းဆိုးတဲ့အခါ လက်မောင်း၊ တံတောင်ကွေး၊ တစ်ရှူးတို့ကို အသုံးပြုကာကွယ်မယ်။ သုံးပြီးသား တစ်ရှူးကို အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်မယ်။

(၃) ကိုယ်ဝန်ဆောင်မိခင်တိုင်း Corona virus ရှိမရှိ စစ်ဆေးဖို့လိုအပ်သလား။

မိခင်တိုင်းကတော့ စစ်စရာမလိုပါဘူး။ သံသယအခြေအနေမှာရှိမှသာ စစ်ဆေးမှုမျိုးကို ပြုလုပ်သင့် ပါတယ်။ COVID-19 ရောဂါလက္ခဏာတွေရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်ကိုဆိုရင်တော့ ဦးစားပေး စစ်ဆေးသင့်ပါတယ်။

(၄) COVID-19ဟာကိုယ်ဝန်ဆောင်မိခင်ကနေ ကလေးကိုကူးစက်နိုင်သလား။

ကိုရိုနာဗိုင်းရပ်စ်ဟာ ကိုယ်ဝန်ဆောင်စဉ် (မိခင်နဲ့သန္ဓေသားကို)၊မွေးဖွားနေစဉ် (မိခင်ကနေ ကလေးကို) ကူးစက်နိုင်သလားဆိုတာ ယခုအချိန်ထိ အဖြေမရှိသေးပါဘူး။ ဒါပေမဲ့ ဗိုင်းရပ်စ်ကိုမိခင်နို့ရည် နဲ့ရေမွှာရည်တွေထဲမှာတော့ ယခုအချိန်အထိ စစ်ဆေးတွေ့ရှိခြင်းမရှိသေးပါဘူး။

(၅)COVID-19 ကပ်ရောဂါကြီး ဖြစ်ပွားနေချိန်မှာ ကိုယ်ဝန်ဆောင်နဲ့ ကလေးမီးဖွားချိန်အတွက် ဘယ်လို စောင့်ရှောက်မှုမျိုးတွေလိုအပ်သလဲ။

ကပ်ရောဂါကြီးဖြစ်ပွားနေချိန်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်း (ကိုဗစ်သံသယရှိသူနဲ့ Covid ဖြစ်ပွားနေသူ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အပါအဝင်) ဟာ မမွေးခင်၊ မွေးနေချိန်၊ မွေးပြီးစောင့်ရှောက်မှုတွေကို သာမန်အချိန်တွေအတိုင်း လိုအပ်ပါတယ်။ စိတ်ကျန်းမာရေးကမှာ ပိုလို့အရေးကြီးပါသေးတယ်။ COVID-19 သံသယလူနာနဲ့ ဖြစ်ပွားနေသူ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးတဲ့အခါမှာတော့ ကာကွယ်မှုအပြည့်အဝယူပါ။ PPE ဝတ်စုံတွေဝတ်ပါ။ သူတို့ကို လေးလေးစားစားနဲ့ နွေးနွေးထွေးထွေး ဆက်ဆံဖို့လည်းမမေ့ပါနဲ့။

(၆) COVID-19 သံသယလူနာနဲ့ ရောဂါခံစားနေရသူ အမျိုးသမီးတွေဟာ ဗိုက်ခွဲမွေးဖို့လိုအပ်သလား။

ဗိုက်ခွဲပြီးကလေးမွေးဖို့ရန် လမ်းညွှန်ချက်အနေအထားတစ်ခုခုရှိမှသာ မွေးသင့်ပါတယ်။

(၇) COVID-19 ရောဂါဝေဒနာရှင် မိခင်ဟာ မိမိကလေးကို နို့ချိုတိုက်ကျွေးလို့ရသလား။

သူသာဆန္ဒရှိရင်ရပါတယ်။ ဒါပေမဲ့ ကလေးကို နို့မတိုက်ခင်မှာ

  • Mask ဝတ်တာမျိုး
  • ကလေးကို မထိမကိုင်ခင်မှာ လက်သေချာဆေးတာမျိုး
  • သူတို့ထိတွေ့ပြီးသား မျက်နှာပြင်တွေကို သေချာပိုးသတ်တာမျိုး ပြုလုပ်ရပါမယ်။

(၈) COVID-19 ရှိသူ မိခင်ဟာ မိမိရဲ့ မွေးကင်းစကလေးကို ကိုင်တွယ်ထိတွေ့လို့ရလား။

ရပါတယ်။ မိခင်နဲ့ကလေး နွေးနွေးထွေးထွေးနေခြင်း၊ မိခင်နို့ရည်တိုက်ကျွေးခြင်းဟာ မွေးကင်းစ ကလေးအတွက် အလွန်အထောက်အကူဖြစ်စေပါတယ်။ အထက်ဖော်ပြပါ ကြိုတင်ကာကွယ်ခြင်းတွေ လုပ်ပြီး မိမိကလေးနဲ့ အတူတကွနေနိုင်ပါတယ်။

(၉) COVID-19 ရှိနေသူမိခင်တစ်ယောက်အနေနဲ့ မိမိကလေးကို နို့တိုက်ရမှာ စိတ်မတင်မကျဖြစ်နေမယ် ဆိုရင်ဘာလုပ်ခိုင်းမလဲ။

COVID-19 ရောဂါဖြစ်နေတဲ့အတွက် ကလေးကို နို့တိုက်ဖို့လည်းတိုက်ချင်တယ်၊ ကူးမှာလည်း စိတ်မတင်မကျဖြစ်နေရင်ဖြစ်စေ၊ COVID-19 ရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားနေရတာကြောင့်ဖြစ်စေ ဒီလိုနည်းလမ်းတွေကိုအသုံးပြုပါ။

  • နို့ရည်ကို ညှစ်ပြီးနည်းစနစ်ကျကျသိုလှောင်ထားပြီးမှ ကလေးကို တိုက်တာမျိုး (Expressing Milk)
  • ရက်သတ္တပတ်၊ လ စတဲ့ အချိန်တစ်ခုအတွင်း နို့မတိုက်ဘဲ ဖြတ်ထားပြီး ရောဂါပိုးကင်းစင်သွားမှ နို့ပြန် တိုက်တာမျိုး (Relactation) နဲ့
  • စနစ်တကျပေါင်းခံထားတဲ့ အလှူရှင်တွေဆီက နို့ပေါင်းကို တိုက်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ (Donor Human Milk)

ရေးသားသူ-ဒေါက်တာမှူးခင်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 25/09/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။