အသံအိုး၊ အသံကြိုးအစရှိတဲ့ လည်ပင်းမှာရှိတဲ့ အစိတ်အပိုင်းများမှာဖြစ်တဲ့ ကင်ဆာတွေကို လည်ချောင်းကင်ဆာလို့ သတ်မှတ်ပါတယ်။ လည်ချောင်းကင်ဆာကို အပိုင်းနှစ်ပိုင်း ခွဲထားပါတယ်။ နှာခေါင်း၊ ခံတွင်းအနောက်မှာဖြစ်တဲ့ ကင်ဆာ (Pharynx) နဲ့ လည်မျို၊ အသံအိုး၊ အသံကြိုးများ ပါဝင်သော အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာ ဖြစ်တဲ့ကင်ဆာ (larynx) ရယ်လို့ဖြစ်ပါတယ်။
လည်ချောင်းကင်ဆာဟာ အခြားသောကင်ဆာတွေလောက် အဖြစ်မများပေမဲ့လည်း အတွေ့ရများတတ်ပါတယ်။ အမျိုးသားတွေမှာ ပိုတွေ့ရတတ်ပါတယ်။ အရွယ်ရောက်ပြီးသူ ၁.၁ ရာခိုင်နှုန်းမှာ နှာခေါင်းနှင့် ခံတွင်းအနောက်မှာဖြစ်တဲ့ Pharynx ကင်ဆာနဲ့ အမျိုးသား၊ အမျိုးသမီး ဝ.၄ ရာခိုင်နှုန်း မှာ လည်မျို၊ အသံအိုး၊ အသံကြိုးများပါဝင်သော အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာဖြစ်တဲ့ကင်ဆာ Larynx ကင်ဆာဖြစ်နေကြောင်း သိရပါတယ်။
အစောပိုင်းအဆင့်မှာ လည်ချောင်းကင်ဆာ ဖြစ်နေကြောင်း သိနိုင်ခြေနည်းပါတယ်။
တွေ့ရများတဲ့လက္ခဏာတွေကတော့
• အသံဝင်၊ အသံကွဲအက်၊ စကားပီပီသသ မပြောနိုင်ခြင်း
• အစာမျိုချရခက်ခြင်း
• အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း
• နာတာရှည် လည်ချောင်းနာခြင်း
• လည်ချောင်းခဏခဏရှင်းရခြင်း
• နာတာရှည်ချောင်းဆိုးခြင်း(သွေးပါခြင်း)
• လည်ပင်း ပြန်ရည်ကျိတ်များရောင်ခြင်း
• နားအူခြင်း
• နားကိုက်ခြင်း
ဒီအပြင် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာတွေလည်း တွေ့ရနိုင်ပါသေးတယ်။
• အစာမျိုချရခက်ခြင်း
• မျက်နှာ လည်ပင်း ပုံစံပျက်ခြင်း
• စကားမပြောနိုင်ခြင်း
• အသက်ရှူရခက်ခြင်း
• လည်ပင်းအရေပြားများ တင်းနေခြင်း
အထက်မှာဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
လက္ခဏာအသစ်တွေ တောက်လျှောက်အကြာကြီး ခံစားနေရမယ်ဆိုရင်ဒါမှမဟုတ် အထက်ပါအချက်ထဲက
လက္ခဏာတစ်ခုခုကို နှစ်ပတ်ထက်ပိုကြာကြာ ခံစားနေရမယ်ဆိုရင် သွားပြသင့်ပါတယ်။ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
အကြောင်းရင်းကို တိတိကျကျမပြောနိုင်ပေမဲ့ မျိုးရိုးဗီဇဆိုင်ရာ မူမမှန်ပြောင်းလဲမှုတွေကြောင့် ကင်ဆာဆဲလ်တွေ ကြီးထွားလာပြီး ခန္ဓါကိုယ်အနှံ့ပြန့်ပွားသွားနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ Human papilloma virus ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း၊ ကျောက်ဂွမ်းကဲ့သို့သော အဆိပ်များနှင့် ထိတွေ့နေရခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်းတွေက မျိုးရိုးဗီဇဆိုင်ရာ မူမမှန်ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။
အောက်ဖော်ပြပါ နေထိုင်မှုပုံစံတွေကြောင့် လည်ချောင်းကင်ဆာ ဖြစ်နိုင်ခြေများစေနိုင်ပါတယ်။
• အရက်အလွန်အကျွံသောက်ခြင်း
• ဗီတာမင်အေ ချို့တဲ့ခြင်း
• ကျောက်ဂွမ်းများနဲ့ ထိတွေ့နေရခြင်း
• ခံတွင်း၊ သွားသန့်ရှင်းမှု မရှိခြင်း
• ဆေးရွက်ကြီး၊ ဆေးလိပ်သောက်ခြင်း
• Human papilloma virus ပိုးကူးစက်ခံရခြင်း
• အသီးအနှံ၊ ဟင်းသီးဟင်းရွက် မစားခြင်း
• စားချဉ့်ပြန်ရောဂါ
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ရောဂါရှာဖွေဖို့ ဆရာဝန်က သင့်ရဲ့ ရောဂါလက္ခဏာတွေနဲ့ ကျန်းမာရေးအခြေအနေမှတ်တမ်းကို သိဖို့လိုပါလိမ့်မယ်။ သင့်မှာ လည်ချောင်းနာခြင်း၊ အသံဝင်ခြင်း၊ သက်သာလာခြင်းမရှိဘဲ နာတာရှည်ချောင်းဆိုးခြင်းတွေရှိနေမယ်ဆိုရင် လည်ချောင်းကင်ဆာ ဖြစ်နိုင်ချေရှိပါတယ်။
လည်ချောင်း အတွင်းကြည့်မှန်ပြောင်း တပ်ထားတဲ့ ရှည်လျား၊ ပျော့ပျောင်းတဲ့ပိုက်ကို လည်ချောင်းထဲ ထည့်ကြည့်ခြင်းဖြင့် ပုံမှန်မဟုတ်တဲ့အရာတွေကို တွေ့နိုင်ပါတယ်။ လည်ချောင်းအသားစကိုလည်း ထုတ်ယူစမ်းသပ်နိုင်ပါတယ်။ တကယ်လို့ ကင်ဆာဆဲလ်တွေ တွေ့ခဲ့မယ်ဆိုရင် ကင်ဆာအဆင့်ကို သိနိုင်ဖို့ထပ်ပြီး စစ်ဆေးမှူတွေလုပ်ဖို့ လိုပါလိမ့်မယ်။ အဆင့်သတ်မှတ်ချက်တွေကတော့
အဆင့်ဝ– ကင်ဆာအကျိတ်တွေဟာ လည်ချောင်းအပြင် အခြားနေရာတွေကိုပျံ့နှံ့ခြင်းမရှိသေးပါဘူး
အဆင့်၁-ကင်ဆာကျိတ် ၇ စင်တီမီတာထက်ငယ်ပြီး အခြားနေရာတွေကို ပြန့်ပွားခြင်းမရှိသေးပါ
အဆင့်၂– ကင်ဆာကျိတ် ၇ စင်တီမီတာထက် အနည်းငယ်ကြီးပြီး အခြားကိုပြန့်ပွားခြင်းမရှိသေးပါ
အဆင့်၃-ကင်ဆာကျိတ် ပိုကြီးလာပြီး အနီးအနားတစ်ရှူးတွေကို ပျံ့သွားပါသည်
အဆင့်၄– ပြန်ရည်ကျိတ်တွေနဲ့ အခြားအင်္ဂါတွေကို ပျံ့နှံ့သွားပါသည်။
ခွဲစိတ်ကုသခြင်း။ ကင်ဆာကျိတ်သေးငယ်နေဦးမယ်ဆိုရင် ခွဲစိတ်ပြီး ဖယ်ထုတ်လိုက်နိုင်ပါတယ်။
ဓါတ်ရောင်ခြည်ကုထုံး။ ဓါတ်ရောင်ခြည်အပြင်းစားပေးပြီး အကျိတ်ကို ဖယ်ပြီးနောက်
ကျန်ခဲ့တဲ့ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်ခြင်းဖြစ်တယ်။
ဓါတုကုထုံး။ ကင်ဆာဆဲလ်ကြီးထွားမှုနှုန်းကျသွားအောင်၊ ကင်ဆာ ဆက်မကြီးအောင် ထိန်းထားနိုင်ပါတယ်။ ကင်ဆာကျိတ်တွေ ကြီးနေပြီး ပြန်ရည်ကျိတ်တွေနှင့် အခြားတစ်ရှူးတွေဆီ ပျံ့နေပြီဆိုရင် ဓါတ်ရောင်ခြည်ကုထုံးနဲ့ပါ တွဲကုပါတယ်။
လည်ချောင်းကင်ဆာသည် အစောပိုင်းအဆင့်မှာဆိုရင် လုံးဝပျောက်ကင်းအောင်ကုသနိုင်ပါတယ်။ အခြားနေရာတွေကို ပျံ့နေပြီဆိုရင်တော့ ပျောက်ကင်းအောင် မကုသနိုင်တော့ပါဘူး။ စဉ်ဆက်မပြတ် ကုသနေခြင်းဖြင့်တော့ သက်တမ်းကြာကြာ နေသွားနိုင်ပါတယ်။
ထပ်ပြီးသိလိုတယ်ဆိုရင်တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ သွားရောက်ဆွေးနွေးနိုင်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။