backup og meta

ကိုယ့်မှာ ခံတွင်းကင်ဆာရှိနေတဲ့ဆေးစစ်ချက်ထွက်လာရင် ဘာတွေပြင်ဆင်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်မှာ ခံတွင်းကင်ဆာရှိနေတဲ့ဆေးစစ်ချက်ထွက်လာရင် ဘာတွေပြင်ဆင်မလဲ

    ဘယ်ရောဂါမဆို ကြိုတင်ကာကွယ်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။ အထူးသဖြင့် ကင်ဆာဆိုတာဟာ လူပေါင်းများစွာရဲ့ အသက်အိုးအိမ်ကို ခြွေခဲ့တဲ့ ကြောက်စရာကောင်းတဲ့ရောဂါအမျိုးအစားဖြစ်တာကြောင့် မတော်တဆ ကိုယ့်မှာသာ ကင်ဆာရှိနေတယ်ဆိုတဲ့ ဆေးစစ်ချက်အဖြေထွက်လာခဲ့ရင် ဘာဆက်လုပ်မလဲဆိုတာ ကြိုပြီး သိနားလည်ထားဖို့၊ အကောင်းဆုံးတွေကို မျှော်လင့်ပြီး အဆိုးဆုံးတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ခံတွင်းကင်ဆာဆိုတဲ့ ရလဒ်နောက်မှာ ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး အကြံပေးချင်ပါတယ်။

    ၁။ ရောဂါအကြောင်းကို လေ့လာပါ။

    ကိုယ့်မှာရောဂါတစ်ခုရှိနေပြီဆိုရင် ဒီရောဂါနဲ့ပတ်သက်ပြီး ဘယ်လိုတွေ ပျံ့နှံ့နိုင်လဲ၊ ဘာတွေထိခိုက်နိုင်လဲ၊ ဘယ်လိုကုသမှုမျိုးတွေ ရှိလဲ၊ နောက်ဆက်တွဲဆိုးကျိုးတွေအကြောင်း လေ့လာထားဖို့ လိုပါတယ်။ ခံတွင်းကင်ဆာဆိုတာ စောစောသိပြီး ကုသမှုခံယူရင် ပျောက်ကင်းဖို့လွယ်ကူတဲ့ ကင်ဆာအမျိုးအစားထဲမှာ ပါဝင်တာကြောင့် သိပ်ပြီးမစိုးရိမ်ပါနဲ့။

    ၂။ ကိုယ့်ရောဂါက ဘယ်အဆင့်ရောက်နေပြီလဲဆိုတာ သေချာမေးပါ။

    ကိုယ်ဖြစ်နေတဲ့ ခံတွင်းကင်ဆာက အခုမှ ကင်ဆာဆဲလ်တွေ စပြီးပွားကာစအခြေအနေလား၊ တခြားကိုယ်တွင်းအစိတ်အပိုင်းတွေကိုရော ပျံ့နှံ့နေပြီလား၊ အန္တရာယ်များတဲ့ အခြေအနေလား၊ ဒါတွေကို သေချာသိမှပဲ ကိုယ့်အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ဆက်ပြီးလုပ်လို့ရမှာပါ။

    ၃။ ကင်ဆာကုထုံးတွေအကြောင်းကို ဆရာဝန်နဲ့ ဆွေးနွေးပါ။

    ကင်ဆာကုထုံးတွေနဲ့ပတ်သက်ပြီး နောက်ဆက်တွဲဆိုးကျိုး ပြင်းထန်တဲ့အကြောင်းကို တော်တော်များများ ကြားဖူးကြမှာပါ။ ခံတွင်းကင်ဆာအတွက် ကုထုံးနည်းလမ်းတွေထဲမှာ ဘယ်ကုထုံးက ကိုယ့်လက်ရှိကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး အသင့်တော်ဆုံးဖြစ်မလဲဆိုတာ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးကြည့်လို့ရပါတယ်။

    ၄။ မိသားစု၊ သူငယ်ချင်းတွေကို ရင်ဖွင့်ပြောပြပါ။

    ဒီလိုကျန်းမာရေးအခြေအနေဆိုတာ ကိုယ်တစ်ယောက်တည်း ကြိတ်မှိတ်မျိုသိပ်လို့ ရတဲ့ ပြဿနာမဟုတ်ပါဘူး။ ရောဂါဝေဒနာနဲ့ ဆေးကုသမှုခံယူနေစဉ် ခံစားရမယ့်ဝေဒနာသည် စိတ်နဲ့ ခန္ဓာ ၂ခုလုံးကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့အတွက် ကိုယ့်ကိုအနောက်ကနေ အမြဲအားပေးကူညီပေးနေမယ့်၊ စိတ်ခွန်အားဖြစ်စေမယ့်သူတွေကို ကိုယ့်အနားမှာ ရှိစေဖို့ ပြောပြသင့်ပါတယ်။

    ၅။ အရာရာကိုယုံကြည်ပါ။

    စိတ်ဆိုတာ လူရဲ့ ခန္ဓာတစ်ခုလုံးကို လိုရာမောင်းနှင်နိုင်တဲ့ နွားတစ်ကောင်ပါပဲ။ ဒီလိုအချိန်မှာသာ စိတ်က ကင်ဆာဆိုတဲ့ရောဂါအောက် လဲပြိုသွားပြီဆိုရင်တော့ လူနာအတွက် အသက်ရှင်ရပ်တည်နိုင်ခြေ ပိုပြီးနည်းသွားမှာပါ။ ဒါကြောင့် ကိုယ်ပြသနေတဲ့ ဆရာဝန်ကို ယုံပါ၊ ကိုယ့်ကိုယ်ကိုယ် ယုံပါ၊ ကိုယ်ဟာ ဒီကင်ဆာဆိုတဲ့တောင်ကြီးကို ကောင်းစွာကျော်လွှားသွားနိုင်မယ်ဆိုတဲ့ စိတ်ကို မွေးပါ၊ ဘယ်လောက်ပဲ ဒုက္ခခံနေရ၊ နာကျင်မှုဝေဒနာတွေ ခံစားနေရပါစေ အရာရာ အဆင်ပြေချောမွေ့သွားလိမ့်မယ်လို့ မျှော်လင့်ထားပါ။

    ၆။ ကင်ဆာကုထုံးဖြင့် ကုသမှုခံယူဖို့ ဆုံးဖြတ်ချက်မြန်မြန်ချပါ။

    အပေါ်မှာပြောခဲ့သလိုပါပဲ။ ရောဂါရှိတယ်ဆိုတာ စောစောသိလေ၊ ကုသမှုမြန်မြန်ခံယူလေ၊ လူနာအတွက် အသက်ရှင်နိုင်တဲ့ ရာခိုင်နှုန်း ပိုများလေပါပဲ။ လက်မလျှော့လိုက်ပါနဲ့။ မျှော်လင့်ချက်ကို လက်ကိုင်ထားပြီး ကုသမှုခံယူဖို့ မိသားစုနဲ့တိုင်ပင်ပြီး အမြန်ဆုံးဖြတ်ချက်ချလိုက်ပါ။

    ဒါကြောင့် ခံတွင်းကင်ဆာမဖြစ်အောင် ကာကွယ်ဖို့ ကိုယ့်ရဲ့ ခံတွင်းကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာအလေးပေးပြီး ဂရုစိုက်ဖို့ အရေးကြီးတယ်နော်။ သွားနဲ့ခံတွင်းဆေးခန်းကို ၆လတစ်ကြိမ်သွားရောက်ပြသခြင်းဟာလည်း ကိုယ့်မှာရောဂါရှိမရှိကို စောစီးစွာသိစေနိုင်တဲ့ အရေးကြီးဆုံးအချက်ဆိုတာ မမေ့လိုက်ပါနဲ့။

    အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement