backup og meta

သားအိမ်ခေါင်းကင်ဆာကုသပြီးနောက် နေထိုင်နည်း


Kyaw Thura Htun မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားအိမ်ခေါင်းကင်ဆာကုသပြီးနောက် နေထိုင်နည်း

    သားအိမ်ခေါင်းကင်ဆာ ကုသမှု ပြီးတာနဲ့ သင့်စိတ်ထဲမှာ ပေါ်လာမယ့် ပထမဆုံး မေးခွန်းက ငါနောက်ဆို ကျန်းမာအောင် ဘယ်လိုနေရမလဲ ဆိုတာပါပဲ။ တကယ်လို့ အဖြေကို မစဉ်းစားရသေးဘူးဆိုရင် အခု ပြောပြသွားမှာတွေက သင့်ရဲ့ ကျန်တဲ့နှစ်တွေမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားရမလဲ ဆိုတာပါ။

    ဆရာဝန်တွေရဲ့ ကုသမှု နောက်ပိုင်း ချိန်းဆိုမှုတွေကို မှန်မှန်သွားပါ။

    သင့်ကင်ဆာကို ပြုစုစောင့်ရှောက်သူတွေနဲ့ မှန်မှန် ဆွေးနွေးခြင်းက သင့်ကို အကူအညီပေးပါလိမ့်မယ်။ ဒါက သင့်ရဲ့ ကုသမှုပြီးနောက် အခြေအနေကို ထိန်းချုပ်ပေးလို့ပါ။ သူတို့ကို သင်ခံစားနေရတာတွေ အပြင် ထူးဆန်းတဲ့ လက္ခဏာတွေကိုပါ ပြောပြထားပါ။ ဒါက ကင်ဆာ ပြန်မဖြစ်အောင် ကူညီပေးပါတယ်။

    သင့်ဆရာဝန်တွေက တစ်ခုခု မူမမှန်တာ ကြိုသိတဲ့အခါ သင်နဲ့ သင့်လျော်မယ့် ဆေးတွေကို ပေးပြီး ကြိုတင်ကာကွယ်လို့ ရပါတယ်။ သူတို့က တစ်ခုခု ဖြစ်ရင်လည်း ပိုမဆိုးလာဖို့ တတ်နိုင်တဲ့နေရာကနေ ကာကွယ်ပေးမှာပါ။ ဒီလို ဆရာဝန်ဆီ နောက်ပိုင်း မှန်မှန်သွားတာက သင့်စိတ်ကို အေးချမ်းစေပါလိမ့်မယ်။

    ကျန်းမာစွာ စားသောက်ပါ။

    ကျန်းမာစွာ စားသောက်ခြင်းက ကင်ဆာ ပြန်ကောင်းခါစ လူတွေအတွက် အရေးကြီးပါတယ်။ ကျန်းမာစေတဲ့ အစားအသောက်တွေက သင် နာလန်ထရာမှာ ကူညီတဲ့အပြင် နှလုံးရောဂါ သွေးတိုး အဝလွန်ခြင်းနဲ့ ဆီးချို မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဒီလို စားသောက်တာက သင့်ကို ကျန်းမာနေစေပါလိမ့်မယ်။

    အောက်ဖော်ပြပါ နာမည်ကြီး အစားအသောက် ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်တွေကို လိုက်နာသင့်ပါတယ်။

    • လတ်ဆတ်တဲ့ အသီးနဲ့ ဟင်းသီးဟင်းရွက်များနဲ့ အသင့်စား မဟုတ်တဲ့ အစားအစာများ၊ အဆီနည်းသော နို့ထွက်ထုတ်ကုန်များ၊ ဆန်၊ ဂျုံမား၊ အဆီနည်းသော ပရိုတိန်းများကို စားသင့်ပါတယ်။ တစ်ရက်ကို အသီးအရွက် နှစ်ခွက်နဲ့ တစ်ဝက် စားပေးတာ အကောင်းဆုံးပါ။

    • ဆယ်လမွန်ငါးမှာပါတဲ့ omega 3 fatty acid လိုမျိုး ကျန်းမာစေတဲ့ အဆီတွေ စားပါ။

    • အဆီနည်းတဲ့ ပရိုတိန်းတွေကို ရွေးပါ၊ ဥပမာ – ငါး၊ အဆီမပါတဲ့ အသားများ၊ ဥ၊ အစေ့အဆံတွေနဲ့ ပဲတောင့်ရှည်တွေပဲ ဖြစ်ပါတယ်။

    • နေ့စဉ် ဗိုက်တာမင် လုံလုံလောက်လောက် စားပါ။

    • အသင့်ပြင်ဆင်ထားတဲ့ အစားအစာတွေ အသားတွေကို မစားမိအောင် ရှောင်ပါ။

    မကောင်းတဲ့ အတွေးတွေကို ဘယ်လို ထိန်းချုပ်ရမလဲ သင်ယူပါ။

    လူနာတစ်ယောက်ရဲ့ နာလန်ထချိန်မှာ စိတ်ဖိစီးမှု၊ စိုးရိမ်ကြောင့်ကြမှု၊ ရောဂါပြန်ဖြစ်မှာ ကြောက်လန့်မှု တွေကြောင့် မကောင်းတဲ့အတွေးတွေ ဖြစ်နိုင်ပါတယ်။

    ရောဂါတစ်ခုက တခြားရောဂါတစ်ခုကို ဖြစ်စေနိုင်ပြီး အိပ်မရခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာအိမ် မကောင်းခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီအတွေးတွေ မဖြစ်ဖို့ သင်လှုပ်ရှားမှု တစ်ခုခု ဇောက်ချလုပ်ဖို့ လိုပါလိမ့်မယ်။ မှတ်တမ်းရေးခြင်း၊ အထောက်အကူပြု အသင်းအဖွဲ့တွေမှာ ပါဝင်ခြင်း၊ အနားယူခြင်း နည်းလမ်းတွေကလည်း သင့်ကို ခံစားရ သက်သာလာစေပါမယ်။

    အရက်သေစာကို တော်ရုံပဲ သောက်ပါ။

    သင် အရက်သောက်ချင်တယ် ဆိုရင်လည်း ထိန်းသောက်ပါ။ အသက်အရွယ်အလိုက် သောက်သင့်တဲ့ ပမာဏတွေ ရှိပါတယ်။ ကျန်းမာတဲ့ အရွယ်ရောက်သူတွေ ထဲမှာတော့ အမျိုးသမီး အသက်အရွယ်တိုင်းနဲ့ အမျိုးသား ၆၅ နှစ် ကျော်သူတွေက တစ်ရက် တစ်ခွက်သာ သောက်သင့်ပြီး အမျိုးသား ၆၅ နှစ်အောက်တွေက တစ်ရက် နှစ်ခွက်သောက်လို့ ရပါတယ်။

    လေ့လာမှုတွေ အရ တစ်နေ့ကို အရက် တစ်ခွက် သောက်တာက နှလုံးရောဂါ ဖြစ်နိုင်ခြေ လျော့စေတယ် ဆိုပေမယ့် အရက်သောက်ခြင်းက ကင်ဆာ ပြန်ဖြစ်စေနိုင်ပါတယ်။ လိုအပ်ရင်တော့ သင့်ဆရာဝန်နဲ့ အရက်သောက်သင့်၊ မသောက်သင့် ဆွေးနွေးပါ။

    ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပါ။

    လူနာ တစ်ယောက်ချင်းစီက ကုသမှုအပြီး သူတို့ရဲ့ ကိုယ်အလေးချိန်ကို သင့်လျော်တဲ့ ထိန်းညှိမှုတွေ လုပ်ပေးရပါမယ်။ သင်နဲ့ သင့်တော်တဲ့ ကိုယ်အလေးချိန်နဲ့ အဲဒီ ကိုယ်အလေးချိန် ရအောင် ဘယ်လို လုပ်ရမလဲ ဆရာဝန်နဲ့ ဆွေးနွေးပါ။ သင့် ကိုယ်အလေးချိန်က သင့် အစားအသောက်နဲ့ ဆက်စပ်နေတာ သိသာပါတယ်။

    သင့် အနေနဲ့ သင့် အစားအစာတွေမှာ ဖယ်သင့်တာ၊ ထည့်သင့်တာတွေကို ဆရာဝန်တွေ၊ အစားအသောက် ကျွမ်းကျင်သူတွေ အကြံပေးချက်အတိုင်း လုပ်သင့်ပါတယ်။ သူတို့ရဲ့ လမ်းညွှန်မှုတွေနဲ့ ကင်ဆာကုသမှုတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေဖြစ်တဲ့ မအီမသာဖြစ်ခြင်း၊ နာကျင်မှု ဖြစ်ခြင်းနဲ့ တခြား ပြဿနာတွေကို သက်သာစေပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Kyaw Thura Htun မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement