backup og meta

ကိုဗစ်ကုသရေးအတွက် အရေးပါလာနိုင်တဲ့ သွေးရည်ကြည်ကုထုံး


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 17/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်ကုသရေးအတွက် အရေးပါလာနိုင်တဲ့ သွေးရည်ကြည်ကုထုံး

    ကိုဗစ်ရောဂါ ကုသပျောက်ကင်းအောင် တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်တဲ့  သွေးရည်ကြည် အစားထိုးကုထုံးအကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။

    ကိုဗစ်က ၂၀၁၉ နှစ်ကုန်မှာ စတင်ဖြစ်ပွားပေမဲ့ အခုပြောပြမယ့် သွေးရည်ကြည်ကုထုံးကိုတော့ ရောဂါကုသရေးမှာ သုံးစွဲလာတာ နှစ်ပေါင်းများစွာရှိပါပြီ။ ကိုဗစ်ကုသရာမှာ သွေးရည်ကြည်ကုထုံးကို ဘာကြောင့်သုံးရသလဲဆိုတာ မပြောခင် အရင်ဆုံး သွေးရည်ကြည်ဆိုတာ ဘာလဲ၊ သွေးရည်ကြည်ကုထုံး ဘယ်လိုအလုပ်လုပ်သလဲဆိုတာ အကြမ်းဖျင်းပြောပြဖို့ လိုပါလိမ့်မယ်။

    ကျွန်တော်တို့ ခန္ဓာကိုယ်အနှံ့အပြားမှာ သွေးတွေလှည့်ပတ် သွားလာနေတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ သွေးရည်ကြည်ဆိုတာ သွေးဖြစ်အောင် ပါဝင်ဖွဲ့စည်းပေးထားတဲ့ အရည်တွေဖြစ်ပါတယ်။ သွေးရည်ကြည်ထဲမှာ ပရိုတင်းဓာတ်တွေရယ်၊ ရောဂါတိုက်ထုတ်တဲ့ အခန်းကဏ္ဍမှာ အရေးကြီးတဲ့ ပဋိပစ္စည်း (antibodies) တွေရယ်ပါဝင်နေတာကြောင့် သွေးရည်ကြည်က သွေးခဲဖို့နဲ့ ခုခံအားကောင်းဖို့လည်း ကူညီပေးနိုင်ပါတယ်။ တစ်ကိုယ်လုံးက သွေးတွေရဲ့ ၅၅% ကို သွေးရည်ကြည်တွေနဲ့ ဖွဲ့စည်းထားပါတယ်။

    ရောဂါပျောက်သွားသူရဲ့ သွေးရည်ကြည်ကို တခြားတူညီတဲ့ရောဂါခံစားနေရသူတွေကို ကုသဖို့သုံးစွဲလာတာ ဟိုးအရင် ဝက်သက်ရောဂါနဲ့ ပိုလီယိုရောဂါကုသမှုကနေ ဆားစ် (SARS) ရောဂါအထိ နှစ်ပေါင်း ၁၀၀ ကျော်ရှိနေပါပြီ။ ဒီနေ့အချိန်ထိလည်း သွေးရည်ကြည်ကုထုံးကို ခုခံအားနဲ့သက်ဆိုင်တဲ့ ရောဂါအတော် များများအတွက် သုံးစွဲကုသနေတုန်းပါပဲ။ ဒီရောဂါတွေ အများစုက တခြားနည်းနဲ့ကုသဖို့ ခက်ခဲသလို ဖြစ်ပွားနှုန်းလည်း နည်းတဲ့အတွက် အခုချိန်ထိ သွေးရည်ကြည်ကုထုံးက အဓိကကျတဲ့နေရာမှာ ပါဝင်နေဆဲဖြစ်ပါတယ်။ သွေးမတိတ်ရောဂါ၊ ခန္ဓာကိုယ်ခုခံအားမမှန်တဲ့ရောဂါတွေနဲ့ Alpha-1 Antitrypsin လို့ခေါ်တဲ့မွေးရာပါ ရှားပါးအဆုတ်ရောဂါ စတဲ့ရောဂါတွေမှာ သွေးရည်ကြည်ကုထုံးနဲ့ ကုသပါတယ်။ အခုချိန်မှာတော့ ကိုဗစ်ရောဂါကုသဖို့ပါ သုံးစွဲနေပါပြီ။

    အားလုံးသိတဲ့အတိုင်း ကိုဗစ်ရောဂါပိုးက လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်တာ တအားမြန်ပါတယ်။ ဒါပေမဲ့လည်း ရောဂါကူးစက်ခံရရင် သေဆုံးနိုင်ချေက သိပ်မမြင့်သလို ရောဂါကနေ သူ့အလိုလို ပြန်သက်သာသွားတဲ့ သူတွေလည်း အများကြီးပါ။ ဒီလိုကိုဗစ်ရောဂါ လုံးဝပျောက်ကင်းသွားတဲ့သူရဲ့ သွေးထဲမှာ ရောဂါကို တိုက်ထုတ်နိုင်စွမ်းရှိတဲ့ antibodies တွေထွက်လာပြီး ဒီ antibodies တွေက ကိုဗစ်ကိုကုသဖို့ အများကြီးအထောက်အကူပေးပါတယ်။ ဒါ့ကြောင့် ကိုဗစ်ရောဂါအပြင်းအထန်ခံစားနေရသူတွေမှာ သွးရည်ကြည်ကုထုံးနဲ့ ကုသပေးနေတာ ဖြစ်ပါတယ်။

    ကိုဗစ်ကရောဂါသစ်ဖြစ်တဲ့အတွက် အခုချိန်မှာကိုဗစ်နဲ့ပတ်သက်သမျှက စမ်းသပ်ပြီးသုံးစွဲနေရတယ်ဆိုတာ ကိုလည်း သတိပြုရပါမယ်။ ရောဂါစတင်ဖြစ်ပွားတဲ့တရုတ်နိုင်ငံက ဆေးပညာရှင်တွေကတော့ သွေးရည်ကြည်ကုထုံးနဲ့ ကုသပေးလိုက်တဲ့ကိုဗစ်ဝေဒနာရှင်တွေက ရောဂါကနေပိုမြန်မြန်ပျောက်ကင်းသွားပေမဲ့ ဒိ့ထပ်ပိုသေချာတိကျတဲ့ သုတေသနတွေလုပ်ဖို့တော့လိုအပ်နေဆဲပဲလို့ ဆိုပါတယ်။ အခုချိန်မှာတော့ တခြားနိုင်ငံတချို့ကပါ သွေးရည်ကြည်ကုထုံးနဲ့စမ်းသပ်ကုသပေးနေပြီး လိုအပ်တဲ့ သုတေသနတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

    သွေးရည်ကြည်ကုထုံးအတွက် ကိုဗစ်ရောဂါလုံးဝပျောက်ကင်းသွားသူဆီက သွေးရည်ကြည်လိုအပ်ပါတယ်။ ရောဂါပျောက်တယ်ဆိုတဲ့နေရာမှာ လုံးဝအရှင်းပျောက်သွားသူပဲဖြစ်ရပါမယ်။ အမေရိကန်နိုင်ငံဆိုင်ရာ အစားအသောက်နှင့်ဆေးဝါးအသင်းကြီးကတော့ သွေးရည်ကြည်လှူမယ့်သူဟာ ကိုဗစ်ရောဂါပိုးမတွေ့ဆိုတဲ့ ဓာတ်ခွဲအဖြေနဲ့တင် မလုံလောက်ဘဲ ရောဂါလက္ခဏာတွေအကုန် နှစ်ပတ်ဆက်တိုက် လုံးဝမတွေ့ရတော့သူ ဖြစ်ရမယ်လို့ဆိုပါတယ်။ သွေးလှူသလိုပဲ ကိုယ့်သွေးအမျိုးအစားနဲ့တူသူမှာပဲ လှူလိုက်တဲ့သွေးရည်ကြည်ကိုပြန် အသုံးပြုနိုင်မှာဖြစ်ပါတယ်။နောက်ပြီး သွေးရည်ကြည်လှူမယ့်သူမှာ ကူးစက်ရောဂါတစ်ခုခုရှိနေရင်တော့ လှူလို့မရနိုင်ပါဘူး။

    သွေးရည်ကြည်လှူတဲ့ပုံစံက ရိုးရိုးသွေးလှူတာနဲ့ နည်းနည်းကွဲပြားပါတယ်။ ရိုးရိုးသွေးလှူသလို ခန္ဓာကိုယ်ထဲက သွေးတွေက သွေးအိတ်ထဲတန်းမဝင်သွားပါဘူး။ သွေးရည်ကြည်လှူမှာဖြစ်တဲ့အတွက် ကြားထဲမှာသွေးနဲ့ သွေးရည်ကြည်ကို ခွဲခြားပေးမယ့် စက်တစ်လုံးခံထားပါတယ်။ သွေးကြောထဲက ထုတ်လိုက်တဲ့ သွေးတွေက စက်ထဲကို အရင်ဝင်သွားပြီး ရိုးရိုးသွေးနဲ့သွေးရည်ကြည်ကို ခွဲခြားပစ်ပါတယ်။ ခွဲခြားပြီးတဲ့သွေးရည်ကြည်တွေကိုသွေး စုဆောင်းတဲ့အိတ်ထဲပို့လွှတ်ပြီး ရိုးရိုးသွေးကိုတော့ သွေးရည်ကြည်လှူသူဆီ ပြန်ပို့ပေးပါတယ်။ ပုံမှန်ဆိုရင်တော့ သွေးရည်ကြည်လှူပြီး ၂၄-၄၈ နာရီအကြာမှာ ဆုံးရှုံးသွားတဲ့ သွေးရည်ကြည်ကို ခန္ဓာကိုယ်က ပြန်ဖွဲ့စည်းပေးနိုင်ပါတယ်။ နောက်ပြီးရိုးရိုးသွေးလှူသလို ၄ လတစ်ကြိမ်မဟုတ်ဘဲ သွေးရည်ကြည်ကို ၂၈ ရက်တစ်ကြိမ်လှူနိုင်ပါတယ်။

    သွေးရည်ကြည်လှူဒါန်းပြီးရင် အားနည်းသွားတာမျိုးမဖြစ်အောင် ဒီအချက်တွေဂရုစိုက်ဖို့လိုပါတယ်

    – အားရှိတဲ့အစားအသောက်တွေစားရပါမယ်

    ရေများများသောက်ဖို့အရေးကြီးပါတယ်

    – သွေးရည်ကြည်လှူထားတဲ့နေ့မှာ ပင်ပင်ပန်းပန်းအလုပ်မလုပ်သင့်ဘဲ နားနေရပါမယ်

    – သွေးရည်ကြည်လှူပြီးပြီးချင်း ရေနွေးနဲ့ရေမချိုးသင့်ပါဘူး

    – သွေးရည်ကြည်လှူထားတဲ့နေ့မှာ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်သင့်ပါဘူး

    ရေးသားသူ – Dr.Htoo Tint

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 17/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement