backup og meta

အဝမလွန်စေနဲ့...ရင်သားကင်ဆာ ဖြစ်စေနိုင်တယ်နော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဝမလွန်စေနဲ့...ရင်သားကင်ဆာ ဖြစ်စေနိုင်တယ်နော်

    အဝမလွန်စေနဲ့…ရင်သားကင်ဆာ ဖြစ်စေနိုင်တယ်နော် ….. ဒီလို ပြောလို့ ဟုတ်ပါ့မလားလို့ တွေးနေပြီလား လေဒီတို့ရေ။ ဝလို့ လှတာ မှန်ပေမယ့် ဝတဲ့ နောက်ကွယ်မှာ ချစ်စရာ ကောင်းတာ တစ်ခုတည်း ရှိနေတာ မဟုတ်ပါဘူးနော်။ ဝနေခြင်းရဲ့ နောက်ကွယ်မှာ ရောဂါ အန္တရာယ်တွေ ပေါင်းစုံ ရှိနေပါတယ်။ လူကို ဒုက္ခပေးနိုင်တဲ့ အဖြစ်များဆုံး အန္တရာယ်ကြီးတွေ ဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေဆို ဝတဲ့သူတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒီတစ်ခါလည်း အဖြစ်များတဲ့ ရင်သားကင်ဆာ နဲ့ပတ်သက်ပြီး သတိပေးဖို့ ရည်ရွယ်ထားတာမို့ ဆက်ပြီးဖတ်ကြည့်ပေးပါဦး။

    အဝမလွန်စေနဲ့…ရင်သားကင်ဆာ ဖြစ်စေနိုင်တယ်နော်

    ရင်သားကင်ဆာ ဖြစ်စေနိုင်တဲ့ အန္တရာယ်တွေ တချို့က အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုတို့လို ကိုယ့်ရဲ့ အမူအကျင့်တွေနဲ့လည်း သက်ဆိုင်နေပါတယ်။

    • လှုပ်ရှားမှုနည်းတယ်လား

    ပုံမှန် လှုပ်ရှားမှု မရှိတဲ့ သူတွေ၊ အထိုင်များတဲ့ သူတွေမှာ ရင်သားကင်ဆာ အန္တရာယ် ရှိနိုင်တယ်လို့ သုတေသန အထောက်အထားတွေက ဖော်ပြထားပါတယ်။ ဆက်နွှယ်မှုကို အတိအကျ အဖြေ မထုတ်နိုင်ပေမယ့် ကိုယ်အလေးချိန်၊ ရောင်ရမ်းမှုတွေ၊ ဟော်မုန်းနဲ့ ခွန်အား ထိန်းညှိမှုတွေရဲ့သက်ရောက်မှုတွေကြောင့် ဖြစ်နိုင်ပါတယ်။

    The American Cancer Society ရဲ့အကြံပြုချက်အရ တစ်ပတ်ကို အတော်အသင့်ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း မိနစ် ၁၅၀ သို့မဟုတ် အားစိုက်ရတဲ့ လေ့ကျင့်ခန်း ၇၅ မိနစ်လောက် လုပ်သင့်ပါတယ်။ မလှုပ်ရင် ဝလာမယ်၊ ဝလာလို့ လေးလံပြီး ပိုမလှုပ်ဖြစ်တော့ဘူး။ ဒါနဲ့ပဲ သံသရာလည်ရင်း ရောဂါတွေ တိုးလာနိုင်ပါတယ်။

    • ဝနေပြီဆိုရင်

    ကိုယ့်ရဲ့  BMI မှာ overweight( ကိုယ်အလေးချိန် များနေ) ဖြစ်နေပြီ၊ အဝလွန်ဘက် ရောက်နေပြီ ဒါမှမဟုတ် ခန္ဓာကိုယ်အလယ်ပိုင်း ဝမ်းဗိုက်မှာ အဆီတွေ စုနေပြီဆိုရင် အဝလွန်နေပြီလို့ အကြမ်းဖျင်းသတ်မှတ်လို့ ရပါတယ်။

    သွေးဆုံးပြီးတဲ့အမျိုးသမီးတွေမှာ အဝလွန်လာရင် ရင်သားကင်ဆာအန္တရာယ်ရှိပါတယ်။ သွေးမဆုံးခင်က အီစထရိုဂျင်ဟော်မုန်းအများစုကို သားဥအိမ်ကနေ ထုတ်ပေးတာဖြစ်ပြီး အဆီတစ်ရှူးကတော့ အီစထရိုဂျင်ပမာဏအနည်းငယ်သာထုတ်လုပ်ပါတယ်။

    သွေးဆုံးပြီးတဲ့နောက် (သားဥအိမ်က အီစထရိုဂျင်မထုတ်တော့တဲ့အခါ) ဒီဟော်မုန်းကို အဆီတစ်ရှူးဆီက အများဆုံးရရှိပါတယ်။ သွေးဆုံးပြီးနောက်ပိုင်း အဆီတစ်ရှူးတွေများလာခြင်းက အီစထရိုဂျင်ပမာဏကိုမြင့်တက်စေပြီး ရင်သားကင်ဆာဖြစ်နိုင်ခြေကိုပိုများစေပါတယ်။

    အကောင်းဆုံးကတော့ အစားအသောက်ကို ညီညွတ်မျှတအောင် စားသုံးပြီး လှုပ်လှုပ်ရှားရှားနေထိုင်ဖို့၊ ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုထိန်းသိမ်းဖို့ပါပဲ။

    ဒါ့အပြင် ရင်သားကင်ဆာအန္တရာယ်ရှိစေနိုင်တဲ့ တခြားအချက်တွေက ဘာတွေရှိသေးလဲဆိုတော့ –

    • အရက်သောက်ခြင်း

    လေဒီတို့ကအရက်မသောက်ပါဘူး၊ ဝိုင်လေး၊ ဘီယာလေး၊ ကောက်တေးလေးသောက်တာပါဆိုလို့ မရဘူးနော်။ အယ်လ်ကိုဟောပါတာအကုန် ဒီထဲမှာအကျုံးဝင်ပါတယ်။ ကိုယ်သောက်တဲ့ပမာဏကိုလိုက်ပြီး ရင်သားကင်ဆာအန္တရာယ်ကပိုပြီးတိုးလာတာပါ။

    လေ့လာမှုတွေအရ ဝိုင်၊ ဘီယာ ဒါမှမဟုတ် အရက်တစ်ခုခုကို တစ်နေ့ နှစ်ခွက်၊ သုံးခွက်သောက်တဲ့ အမျိုးသမီးတစ်ယောက်ဟာ အယ်လ်ကိုဟောမသောက်တဲ့သူတွေထက် ရင်သားကင်ဆာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းပိုများပါတယ်။

    လုံးဝမရှောင်နိုင်ရင်တောင် တစ်နေ့ကို တစ်ခွက်ထက်ပိုမသောက်သင့်ပါဘူးလို့ ပညာရှင်တွေကသတိပေးပါတယ်။ မဟုတ်ရင် တဖြည်းဖြည်းနဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေကိုတိုးစေနိုင်ပါလိမ့်မယ်။

    • ကလေးမမွေးဖူးခြင်း

    ကလေးမမွေးဖွားဖူးတဲ့ အမျိုးသမီးတွေ ဒါမှမဟုတ် အသက် ၃၀ ကျော်ပြီးမှ ပထမဆုံးကလေးမွေးဖူးသူတွေမှာ တခြားသူတွေထက် ရင်သားကင်ဆာဖြစ်နိုင်ခြေ အနည်းငယ်ပိုများပါတယ်။ အသက်ငယ်ငယ်မှာ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးဖူးလေ ရင်သားကင်ဆာအန္တရာယ်ပိုနည်းလေဖြစ်ပါတယ်။

    • မိခင်နို့မတိုက်ဖူးခြင်း

    ဒါကတော့ ကလေးမွေးဖူးတဲ့မိခင်တွေနဲ့ပဲ ဆိုင်မှာပေါ့။ မိခင်နို့တိုက်ကျွေးခြင်းက ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

    ရင်သားကင်ဆာဆိုတာ မျိုးဗီဇကြောင့်ဖြစ်ရတာကလွဲလို့ ဖြစ်နိုင်ခြေကို လျှော့ချလို့ရတဲ့ရောဂါဖြစ်ပါတယ်။ ကိုယ့်မိသားစုမှာ မျိုးရိုးရှိတယ်ဆိုရင်တောင် အပြုအမူ၊ နေထိုင်မှုပုံစံတွေကို ဂရုစိုက်ပြီး ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဒါ့ကြောင့် အစားအသောက်ကို ကျန်းမာရေးနဲ့ညီတာတွေပဲ စားပါ၊ ကိုယ်လက်လှုပ်ရှားမှုမှန်မှန်လုပ်ပါ၊ ကိုယ်အလေးချိန်ထိန်းပါ ဆိုတဲ့အချက်သုံးချက်နဲ့တင် ရောဂါအတော်များများကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 05/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement