backup og meta

အမျိုးသားတွေရော ဘာကြောင့် ရင်သားကင်ဆာဖြစ်တာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 28/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေရော ဘာကြောင့် ရင်သားကင်ဆာဖြစ်တာလဲ

    ရင်သားကင်ဆာလို့ ပြောလိုက်ရင် အမျိုးသမီးတွေမှာအဖြစ်များတဲ့ ကင်ဆာရောဂါတစ်မျိုးဆိုတာကို လူအတော်များများသိကြမှာ ဖြစ်ပါတယ်။ အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်တယ်ဆိုတာကို အရင်ကတော့ လူသိနည်းခဲ့ကြပါတယ်။ တကယ်တော့ အမျိုးသားတွေမှာဖြစ်တတ်တဲ့ ရင်သားကင်ဆာရောဂါ (Men Breast Cancer) ဟာ အကြမ်းဖျဉ်းအားဖြင့် အသက် ၃၅ အောက် အမျိုးသားတွေမှာ ဖြစ်လေ့ဖြစ်ထ သိပ်မရှိပါဘူး။ အလွန် အဖြစ်နည်းပါတယ်။ အမျိုးသားတစ်ယောက်ရဲ့ ရင်သားကင်ဆာဖြစ်နိုင်ချေဟာ အသက်အရွယ်ကိုလိုက်ပြီး မြင့်တက်လာလေ့ရှိပြီးတော့ များသောအားဖြင့်က အသက် ၆၀ နဲ့ ၇၀ ကြားမှာ အဖြစ်ပါတယ်။ ဒါဆိုရင် အမျိုးသားတွေရော ဘာကြောင့် ရင်သားကင်ဆာဖြစ်တာလဲ ဆိုတာကို မေးစရာ ရှိပါတယ်။

    ခုချိန်မှာတော့ အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်တယ်ဆိုတာကို သိတဲ့သူတွေများလာကြပါပြီ။ ဒီလိုသိတဲ့သူတွေကလည်း ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေမှာအဖြစ်များတဲ့ ဝေဒနာတစ်မျိုးမို့ ကိုယ့်မှာဖြစ်မှာကို သိပ်စိုးရိမ်တတ်ကြပါတယ်။

    အမျိုးသားတွေရော ဘာကြောင့် ရင်သားကင်ဆာဖြစ်တာလဲ

    လက်ရှိအချိန်အထိ အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကို တိတိကျကျ ရှာဖွေဖော်ထုတ်နိုင်သေးခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ဖြစ်စေဖို့ တွန်းအားဖြစ်စေတဲ့ အချက်တွေကိုတော့ သိရှိထားနိုင်ပါတယ်။

    အမျိုးသားတွေရဲ့ ရင်သားကင်ဆာ ဖြစ်ခြင်း အကြောင်းရင်းဟာ သေချာမှု မရှိဘဲ ဖြစ်နှုန်းမြင့်စေတဲ့ အချက်တွေကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။

    • ရင်သားကင်ဆာ မိသားစု ရာဇဝင် ရှိဖူးခြင်း
    • အဝလွန်ခြင်း (BMI 30 နဲ့ အထက်များခြင်း)
    • မိသားစုထဲမှ အမျိုးသမီးတစ်စုံတစ်ယောက်ထံတွင် ရင်သားကင်ဆာရှိခြင်း
    • ရင်ဘတ်ကို ဓာတ်ရောင်ခြည်ပြဖူးခြင်း
    • ဟော်မုန်းကုသမှု ခံယူခြင်း၊ ရောဂါပိုးဝင်ခြင်း၊ အဆိပ်မိခြင်းစတဲ့ ကိစ္စတွေကြောင့် ရင်သားကြီးထွားမှုရောဂါ (Gynaecomastia) ဖြစ်ဖူးခြင်း
    • Estrogen ခေါ် မဟော်မုန်းသုံးစွဲဖူးခြင်း
    • Klinefelter’s ရောဂါဟုခေါ်သော ရှားပါးမျိုးရိုးလိုက်ရောဂါရှိခြင်း
    • ပြင်းထန်အသည်းရောဂါဖြစ်ဖူးခြင်း (အသည်းခြောက်ခြင်း)
    • ပါးချိတ်ရောင်ပိုးကြောင့် ဝှေးစေ့ရောင်ခြင်း၊ ထိခိုက်ခြင်း
    • မွေးရာပါဝှေးစေ့ဗိုက်ထဲမှာ ကျန်ခြင်းစတဲ့ ရောဂါများဖြစ်ဖူးခြင်း စတာတွေပဲဖြစ်ပါတယ်။

    အသက်အန္တရာယ်များတယ်၊ သတိထားပါ

    အမျိုးသားတွေ ရင်သားကင်ဆာဖြစ်ပြီဆိုရင် စိုးရိမ်စရာကောင်းတတ်ပါတယ်။ ပျောက်ကင်းဖို့လည်း ခက်ပါတယ်။ အန္တရာယ်လည်းများပါတယ်။ အမျိုးသားအများစုဟာ ကင်ဆာ စတင်ပြန့်ပွားပြီးမှ ရောဂါရှိနေမှန်း သိသွားကြတာ များပါတယ်။ လူသိများတဲ့ရောဂါ မဟုတ်တာကြောင့် နားလည်မှုလွဲမှားပြီး မှားယွင်းကုသမှုခံယူနေတတ်ကြတာ များလို့ပါ။ အခြေအနေကို သိရှိမှု နောက်ကျတတ်တာကြောင့် အန္တရာယ်များရခြင်းဖြစ်ပါတယ်။

    အမျိုးသားတွေအနေနဲ့ အဆိုပါရောဂါရှိနေပြီဆိုရင် အသက်ရှင်နိုင်ခြေပမာဏဟာ စတင်သိရှိချိန်မှာ ရောဂါဘယ်လောက် ပြန့်နေပြီလဲဆိုတာပေါ် အများအပြား မူတည်ပါတယ်။ ရင်သားကင်ဆာကို စောစောတွေ့ရင် အောင်မြင်စွာ ကုသနိုင်ပေမယ့် ရင်သားတစ်ရှူးတွေ ပြင်ပအထိ ပြန့်သွားပြီဆိုရင်တော့ ထိရောက်စွာ ကုသဖို့ ခက်ခဲပါတယ်။

    အမျိုးသားဖြစ်တဲ့ ရင်သားကင်ဆာ ရောဂါလက္ခဏာများ

    အဓိက လက္ခဏာကတော့ ရင်သားတစ်ဖက်မှာ အကျိတ်တွေ့ခြင်း ဖြစ်ပြီး ဒီအကျိတ်ဟာ နာကျင်ခြင်းမရှိတတ်ပါဘူး။ အကျိတ်ဟာ နို့သီးခေါင်းနဲ့ ပတ်လည်ရဲ့ အောက်မှာ တည်ရှိတတ်ပါတယ်။

    ဒါပေမယ့် ရင်သားအကျိတ် အတော်များများဟာ Gynaecomastia လို့ ခေါ်တဲ့ အခြေအနေတစ်ခုကြောင့် လည်းဖြစ်တတ်ပါတယ်။ ဒါဟာ အဖြစ်များပြီး ကင်ဆာမဟုတ်ဘဲ အမျိုးသားတွေရဲ့ ရင်သားကြီးထွားလာခြင်းသာ ဖြစ်ပါတယ်။ များသောအားဖြင့် အဆိုပါ ရောဂါ ၂ ခုကို မှားယွင်းကုသမိတာမျိုးတွေဖြစ်တတ်ပါတယ်။

    အဖြစ်နည်းတဲ့ ရောဂါလက္ခဏာတွေကတော့

    • နို့သီးခေါင်း အထဲဝင်ခြင်း
    • နို့သီးခေါင်း မာလာခြင်း၊ ရောင်လာခြင်း၊ နာလာခြင်း
    • နို့သီးခေါင်းမှ အရည်ထွက်ခြင်း
    • အရိုးနာခြင်း
    • ပြန်ရည်ကျိတ် ရောင်ရမ်းခြင်း
    • မောခြင်း
    • တစ်ချိန်လုံး ပင်ပန်းနေခြင်း
    • ပျို့ခြင်း
    • အရေပြားနဲ့ မျက်လုံးတွေ ဝါခြင်း စတာတွေဖြစ်နိုင်ပါတယ်။

    ဘယ်လိုကာကွယ်ကြမလဲ

    ဒီရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ရောဂါဆိုတာမျိုးက ဖြစ်ပွားချိန်မှာ ကုသတာထက် မဖြစ်ခင်က ကြိုတင်ကာကွယ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်မဟုတ်လား။

    အမျိုးသားတွေမှာဖြစ်တတ်တဲ့ ရင်သားကင်ဆာကို လျှော့ချဖို့ဆိုရင် အောက်ပါနည်းလမ်းတွေကို လိုက်နာ အသုံးပြုဖို့လိုအပ်ပါတယ်။

    • အရက်ကို လျှော့ချသောက်သုံးပါ
    • ကိုယ်အလေးချိန်ကို ပုံမှန်စစ်ဆေးပါ/ထိမ်းသိမ်းပါ
    • လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ။ ရုပ်ပိုင်းဆိုင်ရာအရ တက်ကြွလန်းဆန်းနေဖို့ လိုအပ်ပါတယ်။
    • ဆေးလိပ်မသောက်ပါနဲ့
    • ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ များများစားပါ။
    • ရင်သားမှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုခု ပေါ်လာရင်  ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 28/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement