backup og meta

သံဓာတ်အားဖြည့်ဆေးသောက်မယ်ဆိုရင်


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သံဓာတ်အားဖြည့်ဆေးသောက်မယ်ဆိုရင်

    သံဓာတ်အားနည်းနေသူတွေ သံဓာတ်အားဖြည့်ဆေးသောက်တော့မယ်ဆို သိထားသင့်တာလေးတွေပြောပြ ချင်ပါတယ်။

    သံဓာတ်အားနည်းတာနဲ့ သွေးအားနည်းတာက ဆက်စပ်နေပါတယ်။ သံဓာတ်လုံလုံလောက်လောက်ရှိမှ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သွေးနီဥများများ ဖွဲ့စည်းနိုင်မှာ ဖြစ်ပါတယ်။ သွေးနီဥတွေက ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အောက်ဆီဂျင်ဓာတ်ကို အဆုတ်ကနေ တစ်ကိုယ်လုံးရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်။ အကယ်၍ လူတစ်ယောက်က သံဓာတ်နည်းနေရင် အောက်ဆီဂျင်ပို့ဆောင်ဖို့ လိုအပ်တဲ့ သွေးနီဥမရှိတော့ပါဘူး။ ဒီအချိန်မှာ သွေးအားနည်းတဲ့ပြဿနာ ကြုံရတော့တာပါပဲ။

    ခန္ဓာကိုယ်အတွက် လိုအပ်တဲ့သံဓာတ်ကို အစားအသောက်တွေ စားရင်လည်း ရရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးမှာတော့ သံဓာတ်အားဖြည့်ဆေးနဲ့ဆိုင်တာကိုပဲ အဓိကပြောပြသွားမှာပါ။ သံဓာတ်အားဆေးကို ဆေးတောင့်၊ ဆေးပြား၊ ဆေးရည် စသဖြင့် ပုံစံအမျိုးမျိုးနဲ့ သုံးစွဲနိုင်ပါတယ်။ သံဓာတ်အားဆေးမသောက်ခင် တစ်ရက်ကို ဘယ်လောက်ပမာဏသော က်သင့်သလဲဆိုတာကို ဆရာဝန်နဲ့သေချာတိုင်ပင်ဖို့ အရေးကြီးပါတယ်။ သံဓာတ်က မရှိမဖြစ်လိုအပ်တာ မှန်ပေမဲ့ လိုအပ်တာထပ်ပိုသောက်မိရင်လည်း ပြဿနာရှိပါတယ်။ ယေဘုယျအားဖြင့် အရွယ်ရောက်ပြီး လူတစ်ယောက် သံဓာတ်အားနည်းတာကို ကုသဖို့အတွက် သံဓာတ်အားဆေး 100mg ကနေ 200mg အထိ နေ့စဉ်သောက်သုံးနိုင်တယ်လို့ ဆိုပါတယ်။

    သောက်လိုက်တဲ့သံဓာတ်ကို ခန္ဓာကိုယ်က အကောင်းဆုံး စုပ်ယူအသုံးပြုနိုင်ဖို့အတွက် တစ်ရက်ကို ၂ ကြိမ်၊ ဒါမှမဟုတ် ၃ ကြိမ်ခွဲပြီး သောက်သင့်ပါတယ်။ ဒါကယေဘုယျပြောတာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်တော့ နည်းနည်းကွဲပြားနိုင်ပါတယ်။ သံဓာတ်အားဆေးသောက်တော့မယ်ဆိုရင် ဒီအချက်တွေကို သတိထားရပါမယ်

    – ဗိုက်ဆာနေချိန်မှာ သံဓာတ်အားဆေးမသောက်ပါနဲ့၊ ဗိုက်အောင့်ဗိုက်နာဖြစ်တတ်ပါတယ်

    သံဓာတ်စုပ်ယူမှုကို အားကောင်းစေတဲ့ ဗီတာမင် စီနဲ့တွဲပြီး သောက်သုံးပါ၊ ဗီတာမင် စီ အားဖြည့်ဆေး (ဒါမှမဟုတ်) ဗီတာမင် စီကြွယ်ဝတဲ့ သစ်သီးဖျော်ရည်တစ်မျိုးမျိုးနဲ့ တွဲသောက်ပါ

    – သံဓာတ်အားဆေးကြောင့် တချို့သောက်ဆေးတွေ ကောင်းကောင်းအလုပ်မလုပ်တာမျိုး ဖြစ်တတ်ပါတယ်၊ ဥပမာ – Tetracycline, penicillin, ciprofloxacin လို ဆေးတွေ၊ အတက်ကျဆေး၊ ပါကင်ဆန်ရောဂါအတွက်ဆေး၊ သိုင်းရွိုက်ဟော်မုန်းနည်းလို့ သောက်တဲ့ဆေး စတဲ့ဆေးတွေဖြစ်ပါတယ်။

    – တချို့ဆေးတွေကလည်း သံဓာတ်ကို ကောင်းကောင်းမစုပ်ယူနိုင်အောင် တားဆီးထားသလို ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အစာအိမ်အက်စစ်ဓာတ်လျှော့ချပေးတဲ့ဆေးမျိုး (antacid) တွေပါ၊ ဒီလိုဆေးမျိုးတွေနဲ့ သံဓာတ်အားဆေးတွေကို အနည်းဆုံး ၂ နာရီလောက်ခွာပြီး သောက်သင့်ပါတယ်

    – သံဓာတ်စွန့်ထုတ်ဖို့အားပေးတဲ့ ကော်ဖီ၊ လက်ဖက်ရည်လို ကဖင်းဓာတ်ပါတဲ့ သောက်စရာတွေကိုလည်း သံဓာတ်အားဆေးနဲ့ တွဲပြီးမသောက်သင့်ပါဘူး

    သံဓာတ်အားဆေးအရည်သောက်ရင် သွားအရောင် ပြောင်းတတ်ပါတယ်။ အန္တရာယ်မရှိပေမဲ့ သွားအလှထိခိုက်မှာစိုးရင် သံဓာတ်အားဆေးရည်ကို ရေ၊ သစ်သီးဖျော်ရည်၊ ခရမ်းချဉ်သီးဖျော်ရည် တစ်ခုခုနဲ့ တွဲပြီးသောက်လို့ရပါတယ် ဒါမှမဟုတ် အားဆေးရည်ကို ပိုက်နဲ့ပဲ စုပ်သောက်လို့ရပါတယ်။ သွားမှာ အားဆေးရည် စွန်းသွားခဲ့ရင် မုန့်ဖုတ်ဆိုဒါအမှုန့်နဲ့ ပွတ်တိုက်ပြီး ချွတ်လို့ရပါတယ် (မုန့်ဖုတ်ဆိုဒါအမှုန့်တွေ မျိုမချမိအောင်တော့ ဂရုစိုက်ပါ)

    သံဓာတ်အားဆေးသောက်ပြီးရင် ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ ဝမ်းအမည်းရောင်တွေသွားတာ ဖြစ်တတ်ပါတယ်။ အားဆေးသောက်တာ ကြာလာရင်တော့ ကျင့်သားရလာပြီး ဒီလက္ခဏာတွေ သက်သာသွားမှာပါ။ သံဓာတ်အားဆေး စသောက်ပြီး ၂-၄ ပတ်လောက်ကြာရင် သံဓာတ်ပမာဏ ပြန်စစ်ဆေးဖို့ လိုပါလိမ့်မယ်။

    နောက်ထပ်သတိထားရမယ့် တစ်ချက်က တချို့အစားအစာတွေကို သံဓာတ်အားဆေး သောက်တဲ့အချိန်နဲ့ နည်းနည်းခွာပြီး စားသောက်ဖို့လိုပါတယ်။ ချိစ် (ဒိန်ခဲ)၊ ကြက်ဥ၊ နွားနို့၊ ပေါင်မုန့်ကြမ်းလို အစားအစာတွေကို သံဓာတ်အားဆေးနဲ့ အနည်းဆုံး ၂ နာရီလောက်ခွာပြီးစားသောက်ပါ၊ ဒီအစားအသောက်တွေက သံဓာတ်စုပ်ယူမှုကို အတားအဆီးဖြစ်စေလို့ပါ။ ဆရာဝန်နဲ့ မတိုင်ပင်ဘဲ သံဓာတ်အားဆေးကို အချိန် ၆ လထက် ကျော်ပြီးမသောက်သင့်ပါဘူး။ တန်ဆေးလွန်ဘေးဆိုသလိုပဲ ခန္ဓာကိုယ်ထဲမှာ သံဓာတ်တွေ လိုတာထက် များသွားရင်လည်း ကျန်းမာရေးထိခိုက်နိုင်လို့ ဖြစ်ပါတယ်။

    ရေးသားသူ – Dr. Htoo Tint

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement