backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

9

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

လိင်တံ ပြဿနာ အဖြာဖြာ (Penile Disorders)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လိင်တံ ပြဿနာ အဖြာဖြာ (Penile Disorders)

အမျိုးသားတိုင်း ဖြစ်ပွားနိုင်တဲ့ လိင်တံ ပြဿနာ အဖြာဖြာ အကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။

ယောကျ်ားလေးတွေအတွက် လိင်တံက ဘယ်လောက်အရေးကြီးလဲ ဆိုတာတော့ အကျယ်တဝင့်ပြောနေစရာ မလိုလောက်ဘူး ထင်ပါတယ်။ လိင်တံဟာ အညစ်အကြေးစွန့်ဖို့ရော မျိုးဆက်ပွားဖို့အတွက်ပါ မရှိမဖြစ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပဲ မဟုတ်လား။ အခုဆောင်းပါးမှာတော့ ဒီလိုအရေးကြီးတဲ့နေရာမှာ ဖြစ်နိုင်တဲ့ ပြဿနာတချို့ကို တင်ပြဆွေးနွေးမှာပဲ ဖြစ်ပါတယ်။ ဆက်ပြီးလေ့လာကြည့်ရအောင်ပါ။

လိင်တံ ထိပ်ဖူးရောင်ရမ်းခြင်း

ဒါကတော့ရောဂါတစ်ခုပါ။ လိပ်တံထိပ်အရေပြား မဖြတ်ထားတဲ့သူတွေ၊ လိင်တံကို သန့်ရှင်းရေး သေချာမလုပ်တဲ့ သူတွေ အဖြစ်များတယ်။ လိင်တံထိပ်ဖူးနဲ့ အရေပြားကြားမှာ ချွေးတွေ၊အညစ်အကြေး (ဆီးအကြွင်းအကျန်တွေ)၊ ဆဲလ်အသေတွေစုပုံလာရင် ပိုးမွှားတွေပေါက်ပွားလာပြီး လိင်တံထိပ်ဖူးကို ရောင်ရမ်းစေပါတယ်။ လိင်အပျော်အပါးမက်တဲ့ ကိုယ်တော်ချောတွေလည်း ဂနိုတို့၊ ကာလသားရောဂါတို့ဝင်ရင် ဒါမျိုးဖြစ်နိုင်ပါတယ်။ တချို့ကျလည်း အရမ်းမွှေးတဲ့ ဆပ်ပြာတွေ၊ဆပ်ပြာဆီတွေသုံးပြီး ရေချိုးရင်ဖြစ်ပြန်ရော။ ဖြစ်တဲ့အကြောင်းရင်းကို သေချာသိရင် ကုသရတာ ပိုလွယ်သွားတယ် ဥပမာ – ပိုးဝင်လို့ဖြစ်တာဆို ပိုးသတ်ဆေးသောက်ရမယ်၊ လိပ်တံထိပ်အရေပြားရှည်ပြီး ပိတ်နေလို့ဖြစ်တာဆို အရေပြားဖြတ်ပစ်ရမယ်၊ ဒါမျိုးပေါ့။

လိင်တံတောက်လျှောက် တောင့်တင်းနေခြင်း

နည်းနည်းဂွကျတဲ့အခြေအနေပါ။ လိင်စိတ်ကြွနေလို့ တောင့်တင်းတာမဟုတ်တဲ့အတွက် အာသာဖြေဖျောက်ပြီးလည်း ပြန်မကျသွားတဲ့ ထူးထူးဆန်းဆန်းရောဂါတစ်မျိုးပါ။ ဖြစ်နိုင်တဲ့ အချက်နှစ်ချက်ရှိတယ်။ လိင်တံထဲမှာ သွေးစီးဆင်းမှု များလို့ ဖြစ်ရင် လိင်တံမနာကျင်ဘူး၊ သိပ်လည်းတောင့်တင်းမနေဘူး၊ ဒါ့ကြောင့်အရေးပေါ် ကုသမှုလည်းမလိုအပ်ပါဘူး။ ဒါပေမဲ့သွေးကြောပြဿနာကြောင့် လိင်တံတောင့်တင်းနေတာဆိုရင်တော့ သတိထားပါ။ လိင်တံက တောင့်တင်းနေပြီး တောက်လျှောက်နာကျင်နေနိုင်ပါတယ်။ ဒါကနာရီပိုင်း လည်းကြာနိုင်သလို နောက်တစ်ရက်လည်း ကူးသွားနိုင်ပါတယ်။

အရက်နဲ့မူးယစ်ဆေး သုံးစွဲသူတွေ၊ ကျောရိုးဆစ်မှာ  ပြဿနာတစ်ခုခုရှိသူတွေ၊ လိင်အင်္ဂါမှာထိခိုက်ဒဏ်ရာရဖူးသူတွေ၊ သွေးရောဂါတစ်ခုခု ရှိသူတွေ ကြုံရတတ်ပါတယ်။ အရေးပေါ်အခြေအနေဖြစ်ပြီး လိင်တံမပျက်စီးသွားအောင် အမြန်ကုသဖို့ လိုပါတယ်။ လိင်တံထဲက သွေးဖောက်ထုတ်တာ၊ လိင်တံတွင်း သွေးလည်ပတ်မှု နည်းသွားအောင်လုပ်ပြီး တောင့်တင်းမှုကို လျှော့ချပစ်တာ၊ နောက်ဆုံး မရရင် ခွဲစိတ်ကုသတာပါ လုပ်ရနိုင်ပါတယ်။

လိင်တံ ကွေးကောက်နေခြင်း

ရောဂါမဟုတ်ဘဲ ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့် ဖြစ်ရတာပါ။ လိင်တံကောင်းကောင်း မထောင်မတ်နိုင်ဘဲ လိင်ဆက်ဆံဖို့ အတင်းကြိုးစားရာက လိင်တံဒဏ်ရာရပြီး ဒီလိုအခြေအနေဖြစ်သွားတတ်ပါတယ်။ လိင်တံဆိုတာ ကျုံ့နိုင်ဆန့်နိုင်တဲ့ ကြွက်သားပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒီကြွက်သားတွေ ပုံမှန်အတိုင်း အလုပ်လုပ်မှ လိင်တံက အဖြောင့်အတိုင်း ထွက်တာပါ။ လိင်တံတစ်နေရာရာမှာ ထိခိုက်မိလို့ ဒဏ်ရာရပြီးရင် အမာရွတ်ကျန်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့အမာရွတ်က လိင်တံကြွက်သားကို ဆွဲထားသလို ဖြစ်သွားတာကြောင့် စိတ်ကြွလာချိန်မှာ လိင်တံက တည့်တည့်ထောင်မတ်နေခြင်း မရှိတော့ပါဘူး။ လိင်တံက အမာရွတ်ရှိတဲ့ဖက်ခြမ်းကို ကွေးကောက်နေမှာဖြစ်ပါတယ်။ ကံကောင်းတာက လိင်တံကွေးကောက်တဲ့ ပြဿနာကို ခွဲစိတ်ကုသလို့ရပါတယ်။

လိင်တံထိပ်အရေပြား အလွန်တင်းကျပ်နေခြင်း

လိင်တံထိပ်အရေပြားက လိင်တံထိပ်ဖူးကိုငုံပြီး တင်းကျပ်နေတာကို phimosis လို့ခေါ်ပြီး လိင်တံထိပ်ဖူးနောက်မှာ လိင်တံအရေပြားကပ်နေရင်တော့ paraphimosis လို့ခေါ်ပါတယ်။ Phimosis က ရောဂါပိုးဝင်လို့၊ လိင်တံကြွက်သားရောင်ရမ်းလို့ ဒါမှမဟုတ် လိပ်တံထိပ်အရေပြား ပုံမှန်ထက် တင်းကျပ်နေလို့ ဖြစ်နိုင်ပြီး ကလေးတွေမှာ အများဆုံး ဖြစ်တတ်ပါတယ်။ အရေပြားတင်းကျပ်လွန်းပြီး ဆီးသွားဖို့တောင် အခက်အခဲဖြစ်လာရင် အချိန်မဆွဲဘဲ အမြန်ဆုံးကုသပေးရပါမယ်။ Paraphimosis အခြေအနေကလည်း အရေးပေါ် ကုသဖို့လိုပါတယ်။ လိင်တံထိပ်အရေပြားက လိင်တံထိပ်ဖူးကို ဆွဲညှစ်ထားသလို ဖြစ်နေတာကြောင့် အချိန်ကြာလေ ပိုနာကျင်ရောင်ရမ်းလာလေ ဖြစ်မှာပါ။ နောက်ဆုံးသွေးစီးဆင်းမှု လုံးဝရပ်သွားပြီး ပုပ်သွားရင်တော့ လိပ်တံပါ ဖြတ်ပစ်ရနိုင်ပါတယ်။

လိင်အင်္ဂါကင်ဆာ

အဖြစ်နည်းတဲ့ကင်ဆာရောဂါတစ်ခုပါ။ ဖြစ်ရတဲ့အကြောင်းကို သေချာမသိရသေးပေမဲ့ ငယ်ငယ်တုန်းက လိင်တံထိပ်အရေပြားမဖြတ်ခဲ့သူတွေ၊ လိင်ဆက်ဆံရာကနေ ကူးစက်တဲ့ HPV ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ၊ ဆေးလိပ်သောက်သူတွေ၊ လိပ်တံထိပ်အရေပြားထဲက အဆီအထွက်များသူတွေ၊ Phimosis ခေါ် လိင်တံထိပ် အရေပြားကျဉ်းသူတွေ၊ အသက် ၅၀ ကျော်တွေဆို တခြားသူတွေထက် လိင်အင်္ဂါကင်ဆာပိုဖြစ်တတ်တာကို တွေ့ရပါတယ်။ လိင်အင်္ဂါကင်ဆာကို ကုသရာမှာ ခွဲစိတ်ကုသတဲ့နည်းကို အဓိက အသုံးပြုပါတယ်။

အခုလောက်ဆို အမျိုးသားတိုင်း ဖြစ်ပွားနိုင်တဲ့ လိင်တံ ပြဿနာ အဖြာဖြာ အကြောင်း သိလောက်ပြီ ထင်ပါတယ်။

ရေးသားသူ – Dr.Htoo Tint

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement