backup og meta

ရင်သားကင်ဆာ လက္ခဏာနဲ့ ကုသမှုနည်းလမ်းများ


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သားကင်ဆာဟာ အမျိုးသားရော အမျိုးသမီးတွေမှာ ဖြစ်နိုင်ပေမယ့် အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များပါတယ်။ အမျိုးသမီးတွေအတွက် အဖြစ်အများဆုံးကင်ဆာတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။

    ကင်ဆာလို့ သံသယဖြစ်သင့်တဲ့ အခြေအနေ

    ဒီလက္ခဏာတွေ ရှိနေရင်တော့ ကင်ဆာများလားလို့ သတိထားသင့်ပါတယ်။

    • ရင်သား ဒါမှမဟုတ် ချိုင်းမှာ အလုံးစမ်းမိတာ
    • ရင်သားအရေပြားမှာ အချိုင့်လေးတွေ ဖြစ်နေတာ
    • နို့သီးခေါင်းနဲ့ ရင်သားက အရေပြားတွေ ရဲနေတာ၊ ပွန်းနေတာ
    • အရင်နဲ့မတူဘဲ နို့သီးခေါင်းက အထဲချိုင့်ဝင်သွားတာ
    • နို့သီးခေါင်းကနေ သွေးအပါအဝင် အရည်တွေ ထွက်တာ
    • ရင်သားအရွယ်အစားနဲ့ ပုံစံ ရုတ်တရက် ပြောင်းလဲလာတာ
    • ရင်သားနာလာတာ စတာတွေပဲ ဖြစ်ပါတယ်။

    ဒီလက္ခဏာတွေက ကင်ဆာမဟုတ်တဲ့ တခြားရင်သားရောဂါတွေမှာလည်း တွေ့ရတတ်ပါတယ်။ အပေါ်က လက္ခဏာတွေမဟုတ်ဘဲ တခြားသံသယဖြစ်တဲ့ အချက်တွေ ရှိရင်လည်း ဆရာဝန်နဲ့ စောစောစီးစီး စစ်ဆေးတာ အကောင်းဆုံးပါ။

    ဘယ်လိုနည်းလမ်းတွေနဲ့ ကုသလို့ရမလဲ။

    လူနာအခြေအနေ၊ ရောဂါအခြေအနေပေါ်မူတည်ပြီး ကုသနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။

  • ခွဲစိတ်နည်း

  • ခွဲစိတ်တယ်ဆိုတဲ့နေရာမှာ ခွဲစိတ်တဲ့ နည်းက နှစ်ခုရှိပါတယ်။ ဒါကတော့ အကျိတ်ပဲ ထုတ်မှာလား၊ ရင်သားပါ ထုတ်မှာလား။

    အကျိတ်ပဲ ထုတ်မယ်ဆိုရင် အကျိတ်ရှိတဲ့ နေရာလေးပဲ ကွက်ပြီး ခွဲမှာလား၊ အကျိတ်ရှိတဲ့ ရင်သား အစိတ်အပိုင်းကိုပါ ခွဲမှာလား။ ဒီနည်းလမ်းကတော့ ရင်သားတစ်ခုလုံး ထုတ်တာ မဟုတ်ပါဘူး။ တစ်ခါတလေ အကျိတ်က ကြီးတယ်ဆိုရင်တော့ အကျိတ်ရော၊ ရင်သားတစ်ခုလုံးပါ ထုတ်ရတတ်ပါတယ်။

    • စက်ရုပ်လက်တံ အသုံးပြု ခွဲစိတ်နည်း

    ခွဲစိတ်တဲ့အခါ ချုပ်ရိုးသေးသေးနဲ့ အနာမြန်မြန်သက်သာအောင် အပေါက်လေးတွေ ဖောက်ပြီး စက်ရုံလက်တံ ရှည်ရှည်လေးနဲ့ မှန်ပြောင်းကို သုံးပြီး ခွဲစိတ်ရတဲ့ minimally invasive surgery ဆိုတာလည်း ရှိပါတယ်။ ဒါက အကျိတ်ရှိတဲ့နေရာကို ကွန်ပျူတာ ဖန်သားပြင်ကနေ အသေးစိတ် ကြည့်ပြီး  ကင်ဆာဆဲလ်တွေကို အတိအကျ ဖယ်ရှားပေးနိုင်တဲ့ ခေတ်သစ်ခွဲစိတ်နည်းပေါ့။

    ချုပ်ရိုးက မကြီးသလို နာလန်ထတာလည်း မြန်ပါတယ်။

    • ရင်သားတစ်စိတ်တစ်ပိုင်းကို ဖယ်ရှားတဲ့နည်းလမ်း (lumpectomy)

    ဒါကတော့ ရင်သားတစ်ခုလုံးကို ဖယ်ရှားတာမျိုး မဟုတ်ဘဲ။ ရင်သားက ကင်ဆာကျိတ်ရှိတဲ့နေရာကိုပဲ ဖယ်ထုတ်တဲ့နည်းလမ်းပါ။ ရင်သားက အကျိတ်နဲ့အတူ ရင်သားအကျိတ်တဝိုက်က တစ်ရှူးတွေကိုပါ ဖယ်ရှားလိုက်ပါတယ်။ ကင်ဆာဆဲလ်တွေ မပြန့်အောင် တားဆီးလိုက်တဲ့ သဘောပေါ့။

    ဒီ lumpectomy ရဲ့ အားသာချက်က ရင်သားကို အကျိတ်ကို ဖယ်ရှားလိုက်ပေမယ့် တစ်ချိန်တည်းမှာ ရင်သား ပုံပျက်မသွားအောင်ပါ လုပ်ဆောင်ပေးတာပါ။ ရင်သားကင်ဆာကြောင့် ရင်သား ပုံပျက်မှာ စိုးသူတွေအတွက် သင့်တော်တဲ့ ကုထုံးတစ်ရပ်ပေါ့။

    • ရောင်ခြည်ပြနည်း

    စွမ်းအားမြင့်ရောင်ခြည်ကို သုံးပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတာပါ။

    ရင်သားတစ်ခုလုံးထုတ်တာဖြစ်ဖြစ်၊ ရင်သားအကျိတ်ပဲ ထုတ်တာဖြစ်ဖြစ် စတဲ့ ခွဲစိတ်မှုတွေ အပြီးမှာ ရောင်ခြည်ပြလို့ရပါတယ်။ နောက်ပြီး ကင်ဆာက တခြားနေရာကို ပြန့်သွားလို့ရှိရင်လည်း (ဥပမာ အရိုး) ရောင်ခြည်ပြပြီး ကင်ဆာဆဲလ်တွေကို ရှင်းလို့ရပါတယ်။

    • ဆေးသွင်းတာ

    ကင်ဆာဆေးတွေကို သွေးကြောထဲက သွင်းပြီးဖြစ်ဖြစ်၊ ပါးစပ်က သောက်ပြီးဖြစ်ဖြစ် ကုသတာပါ။

    ဆေးသွင်းရတဲ့ အခြေအနေတွေကတော့ မခွဲစိတ်ခင်ဆို ကင်ဆာကျိတ်ကို သေးစေပြီး ခွဲရလွယ်အောင်၊ ခွဲစိတ်အပြီးမှာ လက်ကျန်ကင်ဆာဆဲလ်တွေ အမြစ်ပြတ်အောင်၊ တခြားနေရာကို ပြန့်နေတဲ့ ကင်ဆာဆဲလ်တွေကို လိုက်ရှင်းနိုင်အောင် ပေးလေ့ရှိပါတယ်။

    • ဟော်မုန်းကုထုံး

    တချို့သော ရင်သားကင်ဆာအမျိုးအစားတွေက အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း စတဲ့ ဟော်မုန်းတွေနဲ့ ဆက်စပ်နေပါတယ်။ ဒီလို ကင်ဆာတွေဆိုရင်တော့ ဟော်မုန်းကုထုံးက အထောက်အကူဖြစ်ပါတယ်။

    ဟော်မုန်းကုထုံးကို ခွဲစိတ်ပြီးစမှာ ကင်ဆာပြန်ကြွမလာအောင်ပေးလေ့ရှိပါတယ်။ တစ်ခါတလေ မခွဲစိတ်ခင်မှာ ကြိုပေးလေ့ရှိပါတယ်။ တခြားနေရာကို ပြန့်သွားတဲ့ ကင်ဆာပဲ ဖြစ်ဖြစ်၊ ကုပြီးမှ ပြန်ဖြစ်တဲ့ ကင်ဆာတွေပဲ ဖြစ်ဖြစ် သူတို့ကို ထိန်းချုပ်နိုင်အောင် ဟော်မုန်းကုထုံးပေးလေ့ရှိပါတယ်။

    • Targeted therapy

    Targeted therapyဆိုတာကတော့ ကင်ဆာဆေးသွင်းသလိုပါပဲ။ သူတို့က သွေးထဲကနေတဆင့် ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ သူတို့ ပစ်မှတ်ထားတဲ့၊ သူတို့နဲ့ ကိုက်ညီတဲ့ ကင်ဆာဆဲလ်တွေကို ရှင်းလင်းပေးပါတယ်။ ဒီကုထုံးက တခြားသော ကုသနည်းတွေ ပိုပြီးအောင်မြင်အောင် ထောက်ပံ့နိုင်စွမ်းလည်း ရှိပါတယ်။

    ဒီလိုကုသမှုတွေ ခံယူနေတဲ့အချိန်မှာ လူနာမပင်ပန်းအောင်၊ ကုသမှုတွေကို ထိထိရောက်ရောက်လက်ခံနိုင်အောင် လိုအပ်တဲ့ အာဟာရဖြည့်စွက်မှုတွေ၊ ပြန်လည်သန်စွမ်းရေးတွေ လုပ်ပေးရပါတယ်။ ဒါဟာလည်း ကုသမှုရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ အရင်လို ကင်ဆာကုထုံးကြောင့် လူနာအားနည်းသွားတယ်တို့၊ ကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို ခံစားရတယ်တို့ဆိုတာ မရှိသလောက် နည်းသွားမှာပါ။

    ရင်သားကင်ဆာဟာအဖြစ်များတဲ့ ကင်ဆာဆိုပေမယ့် ကုထုံးတွေလည်း ပိုပိုပြီး များလာတာကို တွေ့ရမှာပါ။ ကိုယ်နဲ့ ကိုက်ညီတဲ့ ကုထုံးကိုသာ စနစ်တကျ ခံယူမယ်ဆိုရင် ပြန်ကောင်းနိုင်တာမို့လို့ ရင်သားကင်ဆာဆိုတာ ကြောက်စရာမဟုတ်တော့ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement