backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Breast Pain ( ရင်သားနာကျင်ခြင်း )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 14/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Breast Pain ( ရင်သားနာကျင်ခြင်း )

အမျိုးသမီးတွေမှာ ရင်သားနဲ့ ပတ်သက်ပြီး ဖြစ်နိုင်တဲ့ ပြဿနာတွေက အများကြီးပါ။ ရင်သားနာကျင်ခြင်း ကစလို့ ရင်သားမှာ အကျိတ်စမ်းမိတာ၊ နို့သီးခေါင်းကနေ အရည်တွေ ထွက်တာ စသဖြင့် အများကြီး ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရင်သားနာကျင်ခြင်းနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရအောင်။

Breast Pain ( ရင်သားနာကျင်ခြင်း ) ကဘာလဲ။

ရင်သားနာကျင်ခြင်းဆိုတာမှာ ရင်သားကို ထိကိုင်တဲ့အခါနာကျင်ခြင်း၊ တစ်ဆစ်ဆစ်နာခြင်း၊ တစ်ခုခုနဲ့ထိုးနေသလို နာကျင်ခြင်း သို့မဟုတ် တင်းကျပ်နေသလိုနာကျင်ခြင်းတို့ အကုန်ပါပါတယ်။ နာကျင်ခြင်းဟာ ဆက်တိုက်လည်းဖြစ်နိုင်သလို၊ တခါတရံဖြစ်ပေါ်တာလည်းဖြစ်နိုင်ပါတယ်။

သာမန်နာကျင်မှုကနေ ပြင်းပြင်းထန်ထန်ထိဖြစ်နိုင်တယ်။ အမျိုးမျိုး ရှိပါတယ်။

  • တစ်လမှာ ရက်အနည်းငယ် အထူးသဖြင့် ဓမ္မတာလာချိန်မတိုင်ခင် နှစ်ရက်သုံးရက်မှာ ရင်သားနှစ်ဖက်စလုံး သာမန်တင်းကျပ်နာကျင်ခြင်း။ ဒါကတော့ပုံမှန်ဖြစ်တယ်။
  • တစ်ပတ် သို့ တစ်လ တစ်လထက် ပိုကြာလာပြီး၊ ဓမ္မတာမစခင်မှ ပြီးသည်ထိ ဆက်တိုက်နာကျင်နေမယ်၊ နာကျင်မှုကလည်းပြင်းထန်မယ်၊ နှစ်ဖက်စလုံးနာကျင်မယ်။
  • ဓမ္မတာလာခြင်းနဲ့မဆိုင်ဘဲ တစ်လလုံးနာကျင်နေမယ်ဆိုရင်တော့ သတိထားသင့်ပါတယ်။

ရင်သားနာကျင်ခြင်းက သွေးဆုံးပြီးတဲ့ အမျိုးသမီးများမှာ တခါတရံမှ ဖြစ်တတ်ပေမယ့် သွေးမဆုံးသေးတဲ့ အမျိုးသမီးငယ်ငယ်တွေမှာ ပိုတွေ့ရများပါတယ်။

ဒါပေမယ့် များသောအားဖြင့် ဒီလို နာကျင်ခြင်းတွေက ကင်ဆာမဟုတ်တတ်ပါဘူး။ ဒါပေမယ့် ဓမ္မတာလာပြီးသည်ထိ အကြောင်းအရင်းမရှိ မပျောက်ဘဲကျန်နေသေးတဲ့ ရင်သားနာကျင်မှုများတွေကတော့ ဆရာဝန်ပြဖို့လိုပါတယ်။

ရင်သားနာကျင်ခြင်း ရဲ့ လက္ခဏာတွေက ဘာတွေလဲ

ရင်သားနာကျင်မှုတွေကို ရာသီစက်ဝန်းနဲ့ဆိုင်တဲ့နာကျင်မှုနဲ့ မဆိုင်တဲ့ နာကျင်မှုဆိုပြီး နှစ်မျိုးခွဲနိုင်ပါတယ်။ တစ်မျိုးဆီမှာ ထင်ရှားတဲ့အင်္ဂါရပ်တွေရှိပါတယ်။

ဓမ္မတာစက်ဝန်းနဲ့ ဆိုင်တဲ့ရင်သားနာကျင်မှု-

  • သိသိသာသာပဲ ဓမ္မတာစက်ဝန်းနဲ့ ဆက်နွယ်နေပါတယ်။
  • ဓမ္မတာမလာခင်  ၂ ပတ်အတွင်းမှာ တဖြေးဖြေးပိုဆိုးလာတတ်ပြီး၊ နောက်ပိုင်းသက်သာသွားလေ့ရှိတယ်။
  • အသက် ၂၀၊ ၃၀ ကြားဝန်းကျင်တွေမှာဖြစ်တတ်ပြီး သွေးဆုံးလုနီးအသက် ၄၀ ကျော်အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။
  • များသောအားဖြင့် တဆစ်ဆစ်ကိုက်လေ့ရှိပါတယ်။
  • ရင်သားရောင်ရမ်းခြင်း၊ အကျိတ်အဖုပေါ်ခြင်းတို့နဲ့ တွဲနိုင်တယ်။
  • အများအားဖြင့် ရင်သားနှစ်ဖက်စလုံးဖြစ်နိုင်ပြီး၊ အပေါ် အပြင်ပိုင်းဖြစ်ကာ ချိုင်းအထိ နာကျင်မှုပျံ့တတ်ပါတယ်။

ဓမ္မတာစက်ဝန်းနဲ့ မဆိုင်တဲ့ ရင်သားနာကျင်မှု-

  • ဓမ္မတာစက်ဝန်းနဲ့ မဆက်နွယ်တတ်ပါဘူး။
  • တင်းကျပ်ပြီး မီးစနဲ့ထိုးသလို နာကျင်တတ်ပါတယ်။
  • ဆက်တိုက် သို့ နာလိုက်ပျောက်လိုက် ဖြစ်တတ်ပါတယ်။
  • များသောအားဖြင့် ရင်သားတစ်ဖက်ထဲဖြစ်ပြီး တဖြည်းဖြည်း ပြန့်လာတတ်ပါတယ်။
  • သွေးဆုံးပြီးချိန်မှာ အဖြစ်များပါတယ်။

တစ်ခါတလေမှာ ရင်သားနာကျင်မှုက ရင်သားကြောင့် မဟုတ်ဘဲ ရင်ဘတ်ကြွက်သားများ ဒဏ်ဖြစ်ခြင်း၊ ထိခိုက်ခြင်းတွေကြောင့် ရင်ဘတ် သို့ နံရိုးနံရံများနာကျင်ပြီး ရင်သားတွေဆီပျံ့နှံ့ခြင်းမျိုး ဖြစ်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါအချက်များကြုံရပါက ဆရာဝန်နဲ့ပြသင့်တယ်-

  • ရက်သတ္တပတ်အနည်းငယ်ထက်ပိုပြီး နေ့စဉ်ရက်ဆက်နာကျင်နေပါက
  • ရင်သားတစ်နေရာထက်ပိုပါက
  • အချိန်နဲ့အမျှ ပိုဆိုးလာပါက
  • နေ့စဉ်လှုပ်ရှားမှုများကို ထိခိုက်လာပါက

ရင်သားနာကျင်ခြင်းကို ဘာတွေက ဖြစ်စေသလဲ

တခါတလေမှာတော့ အကြောင်းအရင်းအတိအကျရှာဖို့က ခက်ခဲပါတယ်။ တစ်ချက်ထက်လည်း ပိုနေနိုင်ပါတယ်။ ‌ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့

  • မျိုးပွားဟော်မုန်းများ – ဓမ္မတာစက်ဝန်းနဲ့ဆိုင်တဲ့ ရင်သားနာကျင်မှုတွေဟာ ဟော်မုန်းတွေနဲ့ ဆက်နွယ်မှုတွေရှိနေတတ်ပါတယ်။ ဒါကြောင့် ဒီလို ရင်သားနာကျင်မှုမျိုးဟာ ကိုယ်ဝန်ဆောင်ချိန် သို့ သွေးဆုံးချိန်မှာ သက်သာလေ့ရှိပါတယ်။
  • ရင်သားတည်ဆောက်ပုံ – ဓမ္မတာနဲ့မဆိုင်တဲ့ ရင်သားနာကျင်မှုမျိုးကတော့ နို့ထုတ်ပြွန် သို့ နို့ဂလင်းမ်တွေမှာ အပြောင်းအလဲတွေဖြစ်လို့ ဖြစ်နိုင်ပါတယ်။ ရင်သားကြီးထွားဖွံ့ဖြိုးလာမှု၊ ထိခိုက်မှု၊ ခွဲစိတ်မှု စတာတွေနဲ့ သက်ဆိုင်နေတတ်ပါတယ်။ ရင်သားအပြင်ဘက် ရင်ဘတ်ကြွက်သား၊ နံရိုး၊ နှလုံး စတာတွေကနေ စတင်ပြီး ရင်သားထိပျံ့သွားတာမျိုးဖြစ်နိုင်ပါတယ်။
  • ဆေးဝါးများ – တချို့သော သန္ဓေတားဆေးများ၊ ဟော်မုန်းကုသမှုများကြောင့်လည်း ရင်သားနာကျင်တတ်ပါတယ်။ သွေးဆုံးပြီး ဟော်မုန်းအစားထိုး ကုထုံးတွေကြောင့်လည်း ရင်သားနာကျင်ရတတ်ပါတယ်။ တချို့သော စိတ်ကျဆေးများနဲ့လည်း သက်ဆိုင်နေတတ်ပါတယ်။
  • ရင်သားအရွယ်အစား – ရင်သားကြီးတဲ့အမျိုးသမီးတွေမှာ ဓမ္မတာစက်ဝန်းနဲ့မဆိုင်ဘဲ ရင်သားနာကျင်မှုတွေဖြစ်တတ်ပါတယ်။ လည်ပင်း၊ ပုခုံး နဲ့ ကျောဘက်နာကျင်မှုတွေလည်းအတူတူဖြစ်နိုင်ပါတယ်။
  • ရင်သားခွဲစိတ်မှု – ခွဲစိတ်ခြင်း၊ အမာရွတ်ဖြစ်ခြင်းကြောင့် အနာကျက်သွားသည့်တိုင်အောင် နာကျင်နေသည်မျိုး ရှိတတ်ပါတယ်။

ရင်သားနာကျင်ခြင်းဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

  • ရာသီလာစဉ် ဟော်မုန်းပြောင်းလဲမှု
  • ရာသီလာစဉ် ခန္ဓာကိုယ် ဖောပြီး ရင်သားတင်းလာမှု
  • ရင်သားထိခိုက်မှု
  • ကိုယ်ဝန်ဆောင်ခြင်း
  • နို့တိုက်ခြင်း
  • ရင်သားရောဂါပိုးဝင်ခြင်း
  • ရင်သားကင်ဆာ (ရင်သားကင်ဆာကြောင့် ရင်သားနာတာက ရှားပါတယ်။ )

ရင်သားနာကျင်ခြင်း ကို ဘယ်လိုအတည်ပြုပါသလဲ

  • စမ်းသပ်မှု – ရင်သားအပြောင်းအလဲနဲ့ လည်ပင်းအောက်ပိုင်း၊ ချိုင်း၊ လက်မောင်းတို့က ပြန်ရည်ကြောအကျိတ်များကို စမ်းသပ်ပါလိမ့်မယ်။ နှလုံး၊ အဆုတ်တို့ကိုလည်း နားထောင်ကာ၊ ဝမ်းဗိုက်စမ်းသပ်ခြင်းများလည်း ပြုလုပ်ပါလိမ့်မယ်။
  • ရင်သားပုံရိပ်ရိုက်ကူးခြင်း – တကယ်လို့ ရင်သားမှာ အဖုအကျိတ်တွေ့မယ်၊ ပုံမှန်မဟုတ်တာ တစ်ခုခုတွေ့မယ်ဆိုရင် ဓာတ်မှန်ရိုက်ကြည့်ဖို့ လိုပါလိမ့်မယ်။
  • အယ်လ်ထရာဆောင်းရိုက်ခြင်း – အသံလှိုင်းများသုံးကာ ရင်သားတစ်သျူးများကို ပုံဖော်ကြည့်ရှုမှာဖြစ်ပြီး တခါတလေမှာ ရင်သားဓာတ်မှန်ရိုက်ခြင်းနဲ့ တွဲပြီးလုပ်တတ်ပါတယ်။ ရင်သားဓာတ်မှန်မှာ ပုံမှန်ဖြစ်နေရင်တောင် အယ်လ်ထရာဆောင်းရိုက်ကြည့်ဖို့ လိုနိုင်ပါတယ်။
  • ရင်သားတစ်သျူးစစ်ဆေးခြင်း – ပုံရိပ်ရိုက်ကူးစစ်ဆေးခြင်းတွေမှာ ပုံမှန်မဟုတ်တာတစ်ခုခု တွေ့မယ်ဆိုရင်တော့ အသားစစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။ ရင်သားတစ်သျူးနမူနာယူကာ ဓာတ်ခွဲစစ်ဆေးခြင်းဖြစ်တယ်။

ရင်သားနာကျင်ခြင်းကို ဘယ်လိုကုသပါသလဲ

အမျိုးသမီးအများစုမှာတော့ ဒီနာကျင်မှုက ဒီတိုင်းပျောက်သွားလေ့ရှိပါတယ်။

တကယ်လို့ ကုသမှုတစ်ခုခုလိုမယ်ဆိုရင်တော့ ဆရာဝန်က ဒါတွေညွှန်းနိုင်ပါတယ် –

  • နာကျင်မှုဖြစ်စေသော သို့ ပိုဆိုးစေသော အချက်ကိုကုသခြင်း – ဥပမာ ရင်သားကို ကောင်းကောင်းထောက်ပံ့ပေးနိုင်တဲ့ အတွင်းခံပြောင်းဝတ်တာလိုမျိုး ရိုးရှင်းတဲ့နည်းလေးတွေဖြစ်နိုင်ပါတယ်။
  • အကိုအခဲပျောက် လိမ်းဆေးသုံးခြင်း – နာကျင်မှု ဆိုးရွားမယ်ဆိုရင်တော့ အကိုအခဲပျောက်စေတဲ့ လိမ်းဆေးတစ်မျိုးမျိုးသုံးဖို့လိုပါလိမ့်မယ်။ ဆရာဝန်ညွှန်းတဲ့ဆေးကိုတိုက်ရိုက်လိမ်းနိုင်တယ်။
  • သန္ဓေတားခြင်းကို ထိန်းညှိခြင်း – တကယ်လို့ သန္ဓေတားဆေးတွေကြောင့် ဖြစ်တယ်ဆိုရင်တော့ တခြားနည်းပြောင်းခြင်းက အကူအညီဖြစ်နိုင်ပါတယ်။ ဆရာဝန်ကိုမမေးဘဲတော့မပြောင်းပါနဲ့။
  • သွေးဆုံးပြီးဟော်မုန်းကုသမှုကို လျှော့ချခြင်း သို့ ရပ်တန့်ခြင်း။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်တွင်းကုနည်းများ

  • Primrose oil – ရင်သားတစ်သျှူးထဲရှိ အဆီအက်စစ်များကို ညီမျှစေပါတယ်။
  • ဗီတာမင် E – ဓမ္မတာစက်ဝန်းကြောင့် ရင်သားနာကျင်တတ်တဲ့ အမျိုးသမီးများအတွက် ဗီတာမင် E ဟာ အကူအညီဖြစ်နိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

တချို့အမျိုးသမီးတွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝအောင်  နေထိုင်စားသောက်တာက ရင်သားနာကျင်ခြင်းကိုသက်သာစေနိုင်တယ်။ အားဆေးသောက်မယ်ဆိုရင် သောက်ရမယ့်ပမာဏ၊ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဆရာဝန်နဲ့သေချာတိုင်ပင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 14/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement