backup og meta

ဦးနှောက်ကင်ဆာ ကုသနည်းတွေ အကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဦးနှောက်ကင်ဆာ ကုသနည်းတွေ အကြောင်း

    ကင်ဆာဆိုတာ ကမ္ဘာပေါ်မှာ အန္တရာယ်အကြီးမားဆုံး ရောဂါဖြစ်ပါတယ်။ ဆေးပညာဆိုင်ရာ တိုးတက်မှုတွေကတောင်မှ ကင်ဆာအတွက် ကုသဆေးကို မဖော်ထုတ်နိုင်သေးပါဘူး။ လူတွေမှာ အဖြစ်မများ ရှားပါးတဲ့ ကင်ဆာအမျိုးအစား တစ်ခုကတော့ ဦးနှောက် ကင်ဆာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ သင့်ကို ဦးနှောက်ကင်ဆာဆေးကုသမှု နည်းလမ်း အချို့ကို ဖော်ပြသွားမှာဖြစ်ပါတယ်။

    ဦးနှောက်ကင်ဆာဆိုတာ ဦးနှောက်အတွင်းဘက်မှာ ဆဲလ်များအပွားလွန်ပြီး ဖြစ်လာတဲ့ အကျိတ်လို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ ကင်ဆာကျိတ်တွေဟာ ကြီးလာနိုင်ပြီးတော့ အလွန်လျင်မြန်စွာ ပွားတတ်ကြပါတယ်။ အခြား ကင်ဆာတွေလိုပဲ အကျိတ်တွေဟာ ခန္ဓါကိုယ်ရဲ့ အခြားနေရာတွေကို ပြန့်ပွားဖို့အတွက် သွေးနဲ့ အာဟာရကိုလိုအပ်ပါတယ်။ ဒါ့ပြင် သူတို့ဟာ ခန္ဓါကိုယ်လုပ်ငန်းဆောင်တာတွေကို ကောင်းစွာမလုပ်နိုင်အောင် တားဆီးပြီး အဆိုးဝါးဆုံးအခြေအနေတွေမှာ အသက်အန္တရာယ်ကိုတောင် ခြိမ်းခြောက်နိုင်ပါတယ်။

    ဦးနှောက်ကို ပြန့်လာနိုင်တဲ့ ကင်ဆာတွေကတော့ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာနဲ့ ကျောက်ကပ်ကင်ဆာတို့ပဲ ဖြစ်ပါတယ်။ အခြားအရာတွေဟာလည်း ဦးနှောက်ကင်ဆာ ဖြစ်ပွားမှုနဲ့ ဆက်စပ်မှု ရှိပါတယ်။ ဒါတွေကတော့

    • အသက်အရွယ် ကြီးရင့်လာခြင်း
    • ဆေးလိပ်စွဲခြင်း နဲ့
    • ပိုးသတ်ဆေး၊ပေါင်းသတ်ဆေး နဲ့ မြေသြဇာ စသည်တို့နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့မှုရှိခြင်းတို့ ဖြစ်ပါတယ်။

    ကင်ဆာဖြစ်ပွားတဲ့ တိကျတဲ့အကြောင်းရင်းကိုတော့ သိရှိခြင်း မရှိပါဘူး။ အခုအချိန်မှာတော့ ဦးနှောက်ရဲ့ နေရာအစိတ်အပိုင်းပေါ်မူတည်ပြီး ဖြစ်ပွားတဲ့ ဦးနှောက်ကင်ဆာ အမျိုးပေါင်း ၁၂၀ ကျော်ရှိပြီးတော့ ကင်ဆာအဆင့်တွေဟာ သူတို့ ဘယ်လောက်မြန်မြန်ကြီးထွားလဲဆိုတာ ညွှန်ပြပါတယ်။ ကင်ဆာအဆင့်တွေဟာ အဆင့် ၁ကနေ ၄ အထိ ရှိတတ်ပါတယ်။ အဆင့်လေးကတော့ ပွားနှုန်းအမြန်ဆုံးဖြစ်ပါတယ်။

    အဖြစ်များတဲ့ ဦးနှောက်ကင်ဆာ လက္ခဏာတွေ ရှိပါတယ်။ ၎င်းတို့မှာ

    • မနက်ပိုင်းမှာ ပိုဆိုးတဲ့ ခေါင်းကိုက်ခြင်း
    • ပျို့ခြင်း
    • အန်ခြင်း
    • ဟန်ချက်ညီအောင် ထိန်းချုပ်နိုင်မှု ပျောက်ဆုံးခြင်း
    • ခန္ဓါကိုယ် အစိတ်အပိုင်းများ တစ်ခုနဲ့တစ်ခု ပူးပေါင်းလုပ်ဆောင်နိုင်မှု၊ ညီမျှမှု ပျောက်ဆုံးခြင်း
    • မှတ်ဉာဏ်ပျောက်ဆုံးခြင်း
    • လမ်းလျှောက်ရာတွင် ခက်ခဲခြင်း
    • တွေးတောရာတွင် အခက်အခဲဖြစ်ခြင်း
    • စကားပြောရာတွင် ခက်ခဲလာခြင်း
    • အမြင်အာရုံ ပြဿနာများ
    • ပင်ကိုယ်အရည်အသွေးပြောင်းလဲမှုများ
    • ပုံမှန်မဟုတ်သော မျက်လုံး လှုပ်ရှားပုံများ
    • ကြွက်သား ဆတ်ခနဲ လှုပ်ရှားမှု
    • ကြွက်သားတွန့်ခြင်း။

    သင့်ကုသမှုနည်းလမ်း ရွေးချယ်ဆုံးဖြတ်ခြင်းဟာ အရေးကြီးပြီးတော့ စိတ်ရှုပ်ထွေးဖွယ် ကြောက်ရွံ့ဖွယ်လဲ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ အရာအများကြီးပေါ်မှာ မူတည်လို့ပါပဲ

    • အသက်အရွယ်၊ ယေဘုယျ ကျန်းမာရေးအခြေအနေနဲ့ ဆေးပညာဆိုင်ရာ ရာဇဝင်
    • အကျိတ်ရဲ့ အမျိုးအစား၊ နေရာနဲ့ အရွယ်အစား
    • အကျိတ်က ဘယ်လောက် ပြန့်ပွား (သို့) ပြန်ဖြစ်နိုင်ဖွယ်ရှိလဲ
    • အချို့ဆေးတွေ၊ လုပ်ဆောင်မှုတွေ၊ ကုသမှုတွေကို သင်ခံနိုင်ရည်အားဘယ်လောက်ရှိလဲ

    ဦးနှောက်ကင်ဆာအတွက် ကုသမှုတွေကတော့

    • ခွဲစိတ်ကုသခြင်း – ဒီကုသမှုဟာ အကျိတ်တွေရဲ့ အချို့အစိတ်အပိုင်းတွေအတွက်ပဲ အကျိုးရှိပါတယ်။ အချို့အခြေအနေတွေမှာ အကျိတ်ဟာ သင့်ဦးနှောက်ရဲ့ အထိခိုက်မခံနိုင်တဲ့နေရာ၊ မရောက်ရှိနိုင်တဲ့ နေရာတွေမှာ ရှိခဲ့မယ်ဆိုရင် ခွဲစိတ်ကုသမှုကို မလုပ်ဆောင်နိုင်ပါဘူး။
    • ကင်ဆာဆေးသွင်းကုသမှုနဲ့ ဓါတ်ရောင်ခြည်ဖြင့် ကုသမှု – ဓါတ်ရောင်ခြည်ဖြင့် ကုသမှုကို ခွဲစိတ်မှုနဲ့ မရောက်ရှိနိုင်တဲ့ နေရာတွေက ကင်ဆာဆဲလ်တွေ၊ တစ်ရှူးတွေ ဖျက်ဆီးဖို့အတွက် အသုံးပြုပါတယ်။ ဒါကို စွမ်းအားမြင့် လှိုင်း တွေ ဖြစ်တဲ့ X-ray တွေ သုံးပြီး ပြုလုပ်ပါတယ်။
    • ပြန်လည်ထူထောင်မှု – ကင်ဆာဟာ သင့်ဦးနှောက်အပေါ် မကောင်းတဲ့သက်ရောက်မှုတွေရှိပြီး စကားပြောဆိုမှု၊ လမ်းလျှောက်မှုနဲ့ အခြားပုံမှန်လုပ်ငန်းဆောင်တာတွေအပေါ် ထိခိုက်မှု ရှိမယ်ဆိုရင် ဒီကုသမှုကို အသုံးပြုပါတယ်။
    • ဆေး – သင့်ဆရာဝန်ဟာ သင့်ကို ခန္ဓါကိုယ်ရဲ့ သဘာဝခံစစ်တွေကို အားမြှင့်ပေးဖို့ ဇီဝဗေဒ ဆေးတွေ ညွှန်ကြားနိုင်ပါတယ်။
    • ပစ်မှတ်ထားကုသမှု – ပုံမှန်ကင်ဆာဆေးသွင်းကုသခြင်း အပြင် ပစ်မှတ်ထားကုသမှုဟာ အကျိတ်ကြီးထွားပွားများနိုင်အောင် အားပေးတဲ့ တိကျတဲ့ ဗီဇ genes တွေ၊ ပရိုတိန်းတွေနဲ့၊ တစ်ရှူးတွေကို ပစ်မှတ်ထားပြီး ကုသတာဖြစ်ပါတယ်။ ဒီကုသမှု ပုံစံဟာ ကောင်းမွန်တဲ့ ဆဲလ်တွေကို ထိခိုက်မှု မဖြစ်စေပဲ အကျိတ်ဆဲလ်တွေရဲ့ ကြီးထွားပြန့်ပွားမှုကိုသာ တားမြစ်တာဖြစ်ပါတယ်။

    ဦးနှောက်ကင်ဆာရဲ့ လက္ခဏာတွေကို သင့်ဆရာဝန်နဲ့ ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးပြီး အစွမ်းအထက်ဆုံး ဆေးကုသမှုကို ရယူဖို့ လိုအပ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement