သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အရပ်ရှည်တဲ့ အမျိုးသားတွေ dementia ဖြစ်နိုင်ခြေ နည်းသတဲ့

အရပ်ရှည်တဲ့ အမျိုးသားတွေ dementia ဖြစ်နိုင်ခြေ နည်းသတဲ့

လူတစ်ယောက်ရဲ့ အရပ်အမောင်းက သူ့ရဲ့ သွင်ပြင်ပေါ်မှာတင် သက်ရောက်နေတာမဟုတ်ဘဲ ကျန်းမာရေးအပေါ်မှာပါ သက်ရောက်မှုရှိနေပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်ပါ။

Dementia ဆိုတာ ဘာလဲ……..

Dementia ဆိုတာက သိမြင်မှုစွမ်းရည် ထိခိုက်မှုပြဿနာ တစ်မျိုးပါ။ သတိမေ့တာကနေစလို့ အမျိုးမျိုးသော သိမြင်မှု စွမ်းဆောင်ရည် ကျတာမျိုးတွေအထိ ပါဝင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်နိုင်သလို မတော်တဆ ဦးခေါင်းကို ထိခိုက် မိတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီဝေဒနာကို ခံစားနေရသူဦးရေဟာ ကမ္ဘာတလွှားမှာ သန်း ၅၀ နီးပါးရှိနေတယ်၊ လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အချက်အလက်တွေအရ သိရပါတယ်။ အခုလက်ရှိအချိန်အထိ ဒီကျန်းမာရေး ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ ကုထုံး မထွက်ပေါ်သေးပါဘူး။

လေ့လာမှု အသစ်တစ်ရပ်ရဲ့ ရလဒ်

အမျိုးသား ထောင်ပေါင်းများစွာပါဝင်တဲ့ လေ့လာမှုအသစ်တစ်ရပ်ရဲ့ ရလဒ်အရ အမျိုးသားတွေရဲ့ အရပ်အနိမ့်အမြင့်က dementia ရောဂါခံစားရနိုင်ခြေအပေါ်မှာ သက်ရောက်နေတယ်ဆိုတာပါ။ အခုချိန်ထိ ကုသပေးနိုင်မယ့် နည်းလမ်းမရှိတာ ကြောင့် သုတေသီတွေဟာ dementia ရောဂါဖြစ်နိုင်ခြေတွေကို လေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုတွေအရ အမျိုးသားတွေရဲ့ အရပ်အနိမ့်အမြင့်က dementia ရောဂါဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေတာကို တွေ့ရှိခဲ့ရပါတယ်။

ဒီလေ့လာမှုကို လက်ထောက်ပါမောက္ခ Terese Sara Høj Jørgensen ကဦးဆောင်လေ့လာခဲ့တာဖြစ်ပြီး ဒီလေ့လာမှု မတိုင်ခင်ကလည်း လေ့လာမှုများစွာကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီသုတေသနအတွင်း ပါဝင်သူတွေရဲ့ သိမြင်မှုစွမ်းရည်၊ ပညာရေးအဆင့်အတန်း၊ မှတ်ဉာဏ်စစ်ဆေးမှုရလဒ်တွေ၊ ပတ်ဝန်းကျင်အနေအထားတွေ၊ မျိုးဗီဇအချက်အလက်တွေကိုပါ ထည့်သွင်းလေ့လခဲ့ပါတယ်။

အရပ်အမောင်းက dementia ဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေတာလား………..

လေ့လာမှုအတွင်း သုတေသီတွေက ၁၉၃၉ ခုနှစ်ကနေ ၁၉၅၉ ခုနှစ်အတွင်းမွေးဖွားခဲ့ကြတဲ့ အမျိုးသား ၆၆၆၃၃၃ ဦးကို လေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုမှာပါဝင်ခဲ့သူတွေထဲက ၁၀၅၉၉ ဦးမှာ dementia ရောဂါခံစားနေရတာကို တွေ့ရှိခဲ့ရပါတယ်။

လေ့လာမှုအတွင်း သိရှိခဲ့ရတာတစ်ချက်က အမျိုးသားတွေရဲ့ အရပ်အနိမ့်အမြင့်က dementia ရောဂါဖြစ်နိုင်ခြေနဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတာပါ။ ပုံမှန်ရှိသင့်တဲ့ အရပ်ထက် ပိုမြင့်ကြတဲ့ အမျိုးသားတွေက ပုံမှန်ရှိသင့်တဲ့ အရပ်ထက် နိမ့်နေတဲ့ အမျိုးသားတွေထက် dementia ဖြစ်နိုင်ခြေ နည်းနေတာကို တွေ့ရှိခဲ့ရပါတယ်။

အရပ် ၅ ပေ ၇လက်မခန့်ရှိတဲ့ အမျိုးသားတွေက အခြားအမျိုးသားတွေထက်စာရင် dementia ဖြစ်နိုင်ခြေ ၁၀ ရာခိုင်နှုန်းလောက်ပိုနည်းနေပါတယ်။ ညီအစ်ကိုအချင်းချင်းမှာတောင် အရပ်အနိမ့်အမြင့်ကွာခြားမှုအလိုက် dementia ဖြစ်နိုင်ခြေက ကွာခြားတာကို တွေ့ရှိခဲ့ရပါတယ်။

ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေကလည်း လွှမ်းမိုးမှုရှိနိုင်ပါတယ်

သုတသနလုပ်ငန်းစဉ်အတွင်း Jørgensen နဲ့ လုပ်ဖော်ကိုင်ဖက်တွေက လူတစ်ယောက်ရဲ့ အရပ်အနိမ့်အမြင့်အပေါ်မှာ မျိုးဗီဇ သက်ရောက်မှုအပြင် ပတ်ဝန်းကျင်အခြေအနေတွေကပါ သက်ရောက်မှုရှိနိုင်လားဆိုတာကို လေ့လာခဲ့ပါတယ်။ လေ့လာမှုအရ သိရှိရတာက လူတစ်ယောက်ရဲ့က အရပ်အနိမ့်အမြင့်က မျိုးဗီဇပေါ်မှာပဲ မူတည်နေတာမဟုတ်ဘဲ ပတ်ဝန်းကျင်အခြေအနေတွေအပေါ်မှာလည်း တည်မှီနေသေးတယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။

ငယ်စဉ်အရွယ်မှာ အာဟာရမပြည့်ဝတာကိုယ်လက်လှုပ်ရှားမှုနည်းတာတွေက လူတစ်ယောက်ရဲ့ အရပ်အမောင်း အပေါ်မှာ များစွာသက်ရောက်နေပြီး ဒီအချက်တွေကြောင့် အရပ်က ရှိသင့်တာထက် နိမ့်သွားတဲ့အခါ dementia ဖြစ်နိုင်ခြေကလည်း ပိုများသွားနိုင်ပါတယ်။

– Prof. Merete Osler

ဒါကြောင့် ငယ်စဉ်ကတည်းက အာဟာရပြည့်ဝအောင်စားမယ်။ အိပ်ရေးဝဝအိပ်မယ်။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ကိုလုပ်ဆောင်မယ်ဆိုရင် ထိုက်သင့်တဲ့အရပ်အမြင့်ကိုရမှာဖြစ်သလို dementia ဖြစ်နိုင်ခြေကိုလည်း ကာကွယ်ရာ ရောက်မှာပါ။

ကဲ…..ဘယ်လိုလဲ။ အရပ်အမောင်းက သွင်ပြင်ပေါ်တင်မဟုတ်ဘဲ။ ကျန်းမာရေးအပေါ်မှာပါ သက်ရောက်မှုရှိနေသေးတယ်နော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Taller men might have a lower risk of dementia https://www.medicalnewstoday.com/articles/taller-men-might-have-a-lower-risk-of-dementia Accessed Date 23 February 2020

Height Advantage: Taller Young Men Have Lower Risk Of Developing Dementia https://www.studyfinds.org/height-advantage-taller-young-men-have-lower-risk-of-developing-dementia/ Accessed Date 23 February 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 20/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။