backup og meta

လေဖြတ်ပြီးနောက် အစာပိုက်သွင်းခြင်း

လေဖြတ်ပြီးနောက် အစာပိုက်သွင်းခြင်း

လေဖြတ်ဝေဒနာခံစားရပြီးနောက် ရင်ဆိုင်လာရတဲ့ အစာရေစာမြိုချရခက်ခဲခြင်းပြဿနာကြောင့် လူနာအနေနဲ့ စားဖို့သောက်ဖို့ အခက်တွေ့ရပါတယ်။ အာဟာရလည်း ပြည့်ဝစွာ မရရှိတော့ပါဘူး။ ဒီလို အခြေအနေမျိုးမှာ အစာပိုက်တွေက ကူညီပေးပါလိမ့်မယ်။ အစာပိုက်သွင်းပြီး ဘယ်လိုအာဟာရပေးမလဲဆိုတာနဲ့ပတ်သက်တဲ့ အခြေခံဗဟုသုတလေးတွေကို ဒီဆောင်းပါးက ပေးနိုင်ပါလိမ့်မယ်။

အစာသွင်းပိုက်ဘာကြောင့် လိုအပ်တာလဲ။

ကြွက်သားအများအပြား စည်းချက်ညီညီ၊ဟန်ချက်ကျကျ ပူးပေါင်းပြီး အစာနဲ့အရည်တွေအားလုံး အစာအိမ်ထဲဝင်သွားစေဖို့ လုပ်ဆောင်ရတာဟာ ရှုပ်ထွေးတဲ့ လုပ်ငန်းတခု ဖြစ်ပါတယ်။ လေဖြတ်ပြီးချိန်မှာ ဒီကြွက်သားတွေ ထိခိုက်သွားတဲ့အတွက် မြိုချရခက်ခဲလာသလို အစာနဲ့ရေမြိုချခြင်းဟာလည်း အန္တရာယ်ကြီးလာပါပြီ။ ဘာလို့လဲဆိုတော့ အစာ သို့မဟုတ် အရည်တခုခု မြိုချလိုက်ချိန်မှာ အဆိုပါအစာတွေ၊ရေတွေဟာ အသက်ရှုလမ်းကြောင်းထဲကို ဝင်သွားနိုင်ပြီး ရင်ခေါင်းတွင်း ကူးစက်ပိုးဝင်ခြင်း၊အသက်ရှုလမ်းကြောင်း ပိတ်ဆို့ခြင်း၊နမိုးနီးယားအဆုတ်ရောင်ရောဂါရခြင်း၊အာဟာရချို့တဲ့ခြင်း၊ရေဓါတ်ခမ်းခြောက်ခြင်း သို့မဟုတ် ကိုယ်အလေးချိန်ကျခြင်း စတဲ့ နောက်ဆက်တွဲပြဿနာတွေဆီ ဦးတည်သွားနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ သင့်အနေနဲ့ သောက်ဆေးတွေသုံးစွဲဖို့လည်း အခက်အခဲတွေ ရှိလာနိုင်တာကြောင့် ရောဂါသက်သာရေးကိုလည်း နှောင့်နှေးစေပါလိမ့်မယ်။ နောက်တခါ လေထပ်ဖြတ်တာမျိုးတောင် ဖြစ်လာနိုင်ပါသေးတယ်။ အစာရေစာမြိုချရခက်ခဲခြင်းဟာ ယာယီဖြစ်နိုင်သလို၊တသက်တာလုံးအတွက်လည်း ဖြစ်သွားနိုင်ပါတယ်။ လေဖြတ်ဝေဒနာခံစားရအပြီး ရက်သတ္တပတ်အနည်းငယ် သို့မဟုတ် လအနည်းငယ်အကြာမှာ မြိုရခက်တဲ့ ပြဿနာဟာ (အချို့လူနာတွေမှာ) ထပ်မံဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အစာသွင်းပိုက်ဟာ အသက်ကယ်ဆေးဖြစ်လာနိုင်တဲ့အထိ အရေးပါအရာရောက်လာပါတော့တယ်။

အစာသွင်းပိုက်ကို ဘယ်လိုသုံးမလဲ။

အစာသွင်းပိုက်အမျိုးအစားသုံးမျိုး ရှိပါတယ် : နှာခေါင်းကနေတဆင့် အစာအိမ်ထဲ ထည့်သွင်းတဲ့ပိုက်၊ဝမ်းဗိုက်ကို အပေါက်ဖောက်ပြီး အစာအိမ်ထဲ တိုက်ရိုက်ထည့်သွင်းတဲ့ပိုက်၊ဝမ်းဗိုက်ကို အပေါက်ဖောက်ပြီး အူသိမ်အလယ်ပိုင်းထဲ တိုက်ရိုက်ထည့်သွင်းတဲ့ပိုက် တွေပဲ ဖြစ်ပါတယ်။

နှာခေါင်းကနေတဆင့် အစာအိမ်ထဲ ထည့်သွင်းတဲ့ပိုက် (NG tube)

ဒီပိုက်အမျိုးအစားကတော့ အပေါက်ဖောက်ရတာတွေဘာတွေ ထူးထူးခြားခြားမရှိဘဲ နှာခေါင်းကတဆင့် အသာအယာ ထည့်သွင်းရုံပဲဖြစ်ပါတယ်။ ဒီပိုက်ဟာ အစာ၊ရေနဲ့ ဆေးတွေကို နှာခေါင်းလမ်းကြောင်းကနေတဆင့် အစာအိမ်ဆီ သယ်ဆောင်ပေးနိုင်ပါတယ်။ ဒီပိုက်ဟာ မြိုရခက်ခဲတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ လေဖြတ်ဝေဒနာရှင်တွေအတွက်သာမက အာဟာရဓါတ်ပိုမိုလိုအပ်သူတွေအတွက်လည်း သင့်လျော်ပါတယ်။ နှာခေါင်းပိုက်ကို ဘယ်လိုထည့်သွင်းရမယ်၊ဘယ်လိုဂရုတစိုက်ကိုင်တွယ် အသုံးပြုရမယ်ဆိုတဲ့အချက်တွေနဲ့ပတ်သက်ပြီး သူနာပြုကသင့်ကို သင်ကြားပြသပေးပါလိမ့်မယ်။ ဒါပေမယ့် သူနာပြုကိုယ်တိုင် ထည့်သွင်းကိုင်တွယ်ပေးရင်တော့ ပိုကောင်းပါတယ်။

သူနာပြုဟာ နှာခေါင်းပိုက်ကို (ထုံဆေးပါဝင်တဲ့)ချောဆီတမျိုး ဦးစွာ သုတ်လိမ်းပါမယ်။ တကယ်လို့ သင့်နှာခေါင်းမှာ ပြဿနာတစုံတရာရှိနေရင် သူနာပြုကို အသိပေးပါ။ ဒီနောက်မှာတော့ သူနာပြုဟာ ပိုက်ကို သင့်လည်ချောင်းအနောက်ဖက်ထဲရောက်သည်အထိ နှာခေါင်းမှတဆင့် ထည့်သွင်းပါလိမ့်မယ်။ ဒီလို ထည့်သွင်းနေစဉ်မှာ သင့်အနေနဲ့ အနည်းငယ် ကသိကအောင့်တော့ ခံစားရပါလိမ့်မယ်။ နှာခေါင်းပိုက်နေသားတကျရှိမရှိ သိနိုင်ဖို့အတွက် သူနာပြုဟာ ဆေးထိုးအပ်ကို အသုံးပြုပြီး အရည်အနည်းငယ်ကို စုပ်ထုတ်ကြည့်ပါလိမ့်မယ်။ အားလုံးအဆင်ပြေပြီ၊နေသားတကျ ဖြစ်ပြီဆိုရင် နှာခေါင်းပိုက်ကနေတဆင့် အစာ၊အရည်နဲ့ ဆေးတွေကို ထည့်သွင်းပေးလို့ရပါပြီ။ ဒီပိုက်ကလေးဟာ ပါးလျတဲ့အတွက် ပိတ်ဆို့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ရက်အနည်းငယ်ကြာတိုင်းမှာ ပိုက်ကို ဘယ်လိုဆေးကြောရမယ်၊အသစ်ထည့်သွင်းရမယ်ဆိုတာကို သူနာပြုဆရာမက ပြသပေးမှာ ဖြစ်ပါတယ်။

အစာအိမ်ထဲ တိုက်ရိုက်ထည့်သွင်းတဲ့ပိုက် (G-tube)

ဒီပိုက်ကိုတော့ အရေပြားနဲ့ အစာအိမ်နံရံကို ဖောက်ပြီး ထည့်သွင်းရတာပါ။ အစာနဲ့ဆေးတွေဟာ အစာအိမ်ထဲကို တိုက်ရိုက်ရောက်ရှိသွားပါလိမ့်မယ်။ ပိုက်ကလေးဟာ ပါးလျသေးငယ်ပြီး ကျုံ့ဆန့်လွယ်ပါတယ်။ ပိုက်ကိုထည့်သွင်းဖို့အတွက် စနစ်တကျလုပ်ဆောင်ရပါမယ်။ ခန္ဓါကိုယ်အတွင်းပိုင်းကို ကြည့်ရှုနိုင်ဖို့အတွက် ကင်မရာအသေးစားလေးတခု အဖျားမှာတပ်ဆင်ထားတဲ့ ပိုက်ပျော့လေးတချောင်းကို သင့်ဆရာဝန်က အသုံးပြုပါလိမ့်မယ်။ သင့်ဝမ်းဗိုက်ရဲ့ ဘယ်ဖက်ခြမ်းအရေပြားကို ဆရာဝန်က ဆေးကြောသန့်စင်ပြီး ထုံဆေးပေးပါလိမ့်မယ်။ ပြီးရင် ခွဲစိတ်ဓါးကို သုံးပြီး ခပ်သေးသေးခွဲကြောင်းရာလေးတခု ပြုလုပ်ကာ အဆိုပါအပေါက်ကလေးမှတဆင့် အစာပိုက်ကို ထည့်သွင်းပါလိမ့်မယ်။ နောက်ဆုံးမှာတော့ ဆရာဝန်ဟာ အစာသွင်းပိုက်တဝိုက်မှာရှိတဲ့ အစာအိမ်ကို ပြန်ချုပ်ပြီး ပိတ်လိုက်ပါလိမ့်မယ်။

အစာသွင်းပိုက် တိုက်ရိုက်ထည့်သွင်းထားတဲ့ အရေပြားနေရာတဝိုက်နဲ့ အဆိုပါပိုက်ကို ဂရုတစိုက်ထိန်းသိမ်းဖို့နည်းလမ်းတွေသာမက တခုခုမူမမှန်ပါက ပြသမယ့် လက္ခဏာများ၊ပိုက်ကို ဘယ်လိုဖုံးဖိထားနိုင်သလဲဆိုတဲ့ အချက်တွေကို သင့်ဆရာဝန်က သင်ကြားပြသပေးပါလိမ့်မယ်။

အူသိမ်အလယ်ပိုင်းထဲ တိုက်ရိုက်ထည့်သွင်းတဲ့ပိုက် (J-tube)

ဒီပိုက်ကိုလည်း ဝမ်းဗိုက်အရေပြားကိုဖောက်ပြီး အူသိမ်အလယ်ပိုင်းအတွင်းသို့ ထည့်သွင်းတာဖြစ်တဲ့အတွက် အစာအိမ်တွင်းထည့်တဲ့ ပိုက်နဲ့ အလားတူပါတယ်။ ဒါပေမယ့် ပိုက်မှတဆင့်ထည့်သွင်းလိုက်တဲ့ အစာနဲ့ဆေးတွေဟာ အစာအိမ်ထဲကို မရောက်ဘဲ အူသိမ်ထဲကို တိုက်ရိုက်ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ပိုက်တဝိုက်အရေပြားနဲ့ ပိုက်ကို ဘယ်လိုမျိုး ဂရုစိုက်ထိန်းသိမ်းရမလဲဆိုတာကို သင့်ဆရာဝန် သို့မဟုတ် သူနာပြုဆရာမက ညွှန်ကြားပြသပေးပါလိမ့်မယ်။ ပိုက်ထည့်ထားတဲ့ အရေပြားနေရာတဝိုက်ကို အမြဲတစေ သန့်ရှင်းခြောက်သွေ့နေအောင် ထားရပါမယ်။ ပိုက်ပြုတ်ထွက်သွားရင် သို့မဟုတ် နီရဲခြင်း၊အနံ့ဆိုးများထွက်ခြင်း၊ပြည်ထွက်ခြင်း၊နာကျင်ရောင်ရမ်းခြင်း အစရှိတဲ့ မူမမှန် လက္ခဏာများ ပေါ်ပေါက်လာရင် ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။

အစာသွင်းပိုက်ကနေ ဘယ်လိုအစာမျိုးတွေကို ထည့်သွင်းပေးနိုင်သလဲ။

အစားအသောက်နဲ့ ဆေးဝါးတွေကို လွယ်လင့်တကူ စားသောက်သုံးစွဲနိုင်စေဖို့အတွက် အစာသွင်းပိုက်တွေက ကူညီပေးပါတယ်။ ဒါပေမယ့် အစားအသောက်တွေနဲ့ ဆေးဝါးတွေဟာ အရည်ပုံစံဖြစ်သင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ပိုက်ထဲမှာဆို့ပြီး ပိတ်သွားနိုင်လို့ပါ။ အရည်ပုံစံပြုလုပ်ထားတဲ့ အာဟာရဓါတ်စာနဲ့ ဆေးဝါးတွေကို အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ ဘယ်လို အာဟာရဓါတ်စာ၊ဆေးဝါးတွေကို သုံးစွဲရမလဲဆိုတာနဲ့ ပတ်သက်ပြီး သင့်ဆရာဝန်ကို မေးမြန်းပါ။

အစားအသောက်စားဖို့၊မြိုချဖို့ အခက်အခဲရှိသူတွေအတွက် အစာသွင်းပိုက်တွေဟာ အင်မတန်အကျိုးများပါတယ်။ ဒီပိုက်တွေကို သင့်ခန္ဓါကိုယ်ထဲ ဘယ်လိုထည့်သွင်းမယ်၊ပိုက်ထဲကို ဘယ်လိုအစာတွေ ထည့်သွင်းပေးနိုင်မယ်၊ဒီအစာပိုက်ကို အချိန်ဘယ်လောက်ကြာကြာ ထည့်သွင်းထားနိုင်မယ် အစရှိတဲ့အချက်တွေကို သိရှိထားခြင်းအားဖြင့် အစာပိုက်သွင်းခြင်းနည်းလမ်းကို အကျိုးအရှိဆုံး အသုံးချနိုင်မှာပဲ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Cowen ME, Simpson SL, Vettese TE. Survival Estimates for Patients with Abnormal Swallowing Studies. Journal of General Internal Medicine. 1997;12(2):88-94. doi:10.1046/j.1525-1497.1997.00012.x.

Swallowing problems after stroke fact sheet. https://strokefoundation.org.au/About-Stroke/Help-after-stroke/Stroke-resources-and-fact-sheets/Swallowing-problems-after-stroke-fact-sheet. Accessed April 30, 2017.

Nasogastric feeding tube. https://medlineplus.gov/ency/patientinstructions/000182.htm. Accessed April 30, 2017.

Feeding tube insertion – gastrostomy. https://medlineplus.gov/ency/article/002937.htm. Accessed April 30, 2017.

Jejunostomy feeding tube. https://medlineplus.gov/ency/patientinstructions/000181.htm. Accessed April 30, 2017.

ယခုပုံစံ

14/11/2019

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လူလတ်ပိုင်းအရွယ်တွင် အရက်အလွန်အကျွံသောက်ခြင်းကြောင့် လေဖြတ်နိုင်ခြေကို မြင့်စေခြင်း

လေဖြတ်ခြင်းနဲ့ ပတ်သက်ပြီး လူတိုင်း ဘာသိထားဖို့လိုလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 14/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement