
လေဖြတ်တော့မယ်ဆိုရင် ဘာတွေဖြစ်လာမှာလဲ။ လူတော်တော်များများက လေဖြတ်မှာကို ကြောက်ကြပါတယ်။ တစ်ခါတစ်ရံ သာမန်ခေါင်းကိုက်ချိန်မှာ ခေါင်းများ လျှော်မိခဲ့ရင် လေဖြတ်တော့မလားဆိုပြီး တွေးပူတတ်ကြပါတယ်။
လေဖြတ်ပြီဆိုရင် ဦးနှောက်ကသွေးကို အလုံအလောက်မရတဲ့အတွက် အချိန်မီမကုနိုင်ရင် ဦးနှောက်ပျက်စီးတာ၊ မသန်စွမ်းဖြစ်သွားတာ၊ အသက်သေဆုံးတာတွေအထိ ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ အချိန်မီသိရအောင် အောက်က အတိုကောက် စာလုံးတွေနဲ့ မှတ်ထားရအောင်။
F A S T
Face (မျက်နှာ) ပြုံးပြီး ပါးရွဲ့နေတာရှိမရှိ စစ်ဆေးပါ။
Arms (လက်) လက်နှစ်ဖက် ရှေ့ထုတ်ဆန့်ကြည့်ပါ။မဆန့်နိုင်ဘဲ အားပျော့သွားတဲ့ လက်ရှိမရှိ စစ်ဆေးပါ။
Speech (စကား) စကားပြောကြည့်ပါ။ စကားလေးတာ၊ လုံးတာရှိမရှိစစ်ဆေးပါ။
Time (အချိန်) အပေါ်မှာပြောထားတဲ့အချက်တခုခုရှိနေပြီဆိုရင် ဆေးရုံကားအချိန်မီခေါ်ပါ။ လက္ခဏာပြတဲ့အချိန်ကို မှတ်ထားပါ။
လေဖြတ်တာကို ကုတဲ့နေရာမှာ အချိန်က အရေးကြီးပါတယ်။ ဆရာဝန်ကို အိမ်ပင့်တာ၊ ဆေးရုံကို ကိုယ်တိုင်မောင်းသွားတာက အချိန်ဖြုန်းတာပါပဲ။ ဆေးရုံကားခေါ်လိုက်တာက ကားပေါ်မှာ လိုအပ်တာလုပ်သွားလို့ရတဲ့အပြင် ဆေးရုံကို မြန်မြန်ဆန်ဆန်ရောက်ရှိပြီး စောစောကုသမှုခံယူနိုင်မှာပါ။
လေဖြတ်ရတဲ့အကြောင်းရင်းပေါ်မူတည်ပြီး သွေးကြောပိတ်ရင် သွေးကျဲဆေးတိုက်တာ၊ သွေးကြောပေါက်ရင် သွေးထွက်ရပ်အောင်လုပ်တာ စသဖြင့် ကုသနည်းတွေ အများကြီး ရှိပါတယ်။ အရေးကြီးတာက လေဖြတ်ပြီး ၃နာရီအတွင်း ကုသမှုခံယူနိုင်ဖို့ပါပဲ။
အရေးကြီးသည့်လက္ခဏာများ
တစ်ခါတစ်လေ အထဲမှာ တဖြည်းဖြည်းခြင်း သွေးကြောပိတ်တာ၊ ပေါက်တာဖြစ်ပြီး လေဖြတ်ပါတယ်။ ဒါပေမယ့် အပြင်က သင်ကတော့ ရုတ်တရက်
-မျက်နှာက စပြီး ခြေထောက်ထိ ကိုယ်တစ်ခြမ်း ထုံတာ၊ အားနည်းတာ ဖြစ်လာပါတယ်။
-တခြားလူတွေနဲ့ ဆက်သွယ်ရတာ အခက်အခဲဖြစ်လာပါတယ်။
-စကားတွေ လေးလာပါတယ်။
-မျက်စိတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံး အမြင်အာရုံချို့တဲ့လာပါတယ်။
-လမ်းလျှောက်ရခက်တာ၊ ယိုင်တိယိုင်တိုင်လျှောက်တာမျိုး ဖြစ်လာပါတယ်။
–ခေါင်းမူးလာပါတယ်။
-အကြောင်းရင်းမရှိဘဲ ပြင်းပြင်းထန်ထန်ခေါင်းကိုက်လာပါတယ်။
ဒီလက္ခဏာတွေ ခံစားနေရပြီ။ လေဖြတ်တာလားလည်းမသေချာဘူး။ ဒါဆိုရင် ဆေးရုံကားအမြန်ခေါ်ပြီး ဆေးရုံကို သွားလိုက်ပါ။
Take home massage
ဒီဆောင်းပါးဖတ်ပြီးရင် ဘာတွေသိသွားရမလဲဆိုတော့ လေဖြတ်ခြင်းရဲ့ ကနဦးလက္ခဏာတွေပါပဲ။ FASTလို့မှတ်ထားပါ။ မျက်နှာတစ်ခြမ်းရွှဲ့တာ၊ လက်မမြှောက်နိုင်တာ၊ စကားလေးတာတွေဖြစ်လာပြီဆိုရင် (လက္ခဏာတစ်ခုပဲဖြစ်ဖြစ် အကုန်လုံးပဲဖြစ်ဖြစ်) အချိန်မဆိုင်းဘဲ ဆေးရုံကားအမြန်ခေါ်ပြီး ဆေးရုံသွားပါ။ ဒီလက္ခဏာတွေကို မိသားစုတွေ အပေါင်းအသင်းတွေကိုလည်း ပြောပြပေးပါ။ အားလုံးပဲ လေဖြတ်တာကို စောစောသိပြီး စောစော ကုသမှုခံယူနိုင်ကြပါစေ။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



