backup og meta

လေဖြတ်ပြီးနောက် ကြွက်သားတောင့်တင်းမှုကို ဖြေရှင်းနိုင်မည့် နည်းလမ်း ၅ သွယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 14/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေဖြတ်ပြီးနောက် ကြွက်သားတောင့်တင်းမှုကို ဖြေရှင်းနိုင်မည့် နည်းလမ်း ၅ သွယ်

    မိတ်ဆွေအနေနဲ့ လေဖြတ်ရောဂါခံစားခဲ့ရပေမယ့် သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရပြီ။ ဒါပေမယ့် သင့်ခန္ဓါကိုယ်တခုလုံးက သံချောင်းလို မာတောင့်နေတယ်၊တင်းနေတယ်။ ဟို အရင်တုန်းကလို စိတ်သွားတိုင်းကိုယ်ပါ လှုပ်လှုပ်ရှားရှားလည်း မလုပ်နိုင်ဘူး။ ဒါမျိုးကို လေဖြတ်ပြီးနောက် ကြွက်သားတောင့်တင်းခြင်းလို့ ခေါ်ပါတယ်။ ကံကောင်းတဲ့အချက်က ခန္ဓါကိုယ်ပြန်လည်သန်စွမ်းထူထောင်ရေး ကျွမ်းကျင်သူဆရာဝန်တွေက သင့်ကို ကူညီပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။

    လေ့ကျင့်ခန်းပြုလုပ်ခြင်း

    ကြွက်သားတောင့်တင်းခြင်းကို ကုသရာမှာ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ လေဖြတ်ဝေဒနာအိပ်မက်ဆိုးကနေ ရုန်းထွက်လာခဲ့ပြီးနောက်မှာ ပြန်လည်ကြံ့ခိုင်သန်စွမ်းရေး အစီအစဉ်တွေ ပြုလုပ်နိုင်စေဖို့အတွက် ကျွမ်းကျင်သူပညာရှင်နဲ့ တွေ့ဆုံဆွေးနွေးသင့်တယ်လို့ သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။ အဆိုပါကျွမ်းကျင်သူပညာရှင်ဟာ သင့်ကို အကူအညီများစွာပေးမှာဖြစ်ပြီး အချို့သောလှုပ်ရှားမှုတွေကို မူလကအတိုင်း ပြန်လည်လုပ်ဆောင်နိုင်စေဖို့၊သင့်ခြေလက်တွေ ပြန်လည်ကျန်းမာသန်စွမ်းလာစေဖို့၊လှုပ်ရှားနိုင်တဲ့ အတိုင်းအတာ ပိုမိုကျယ်ပြန့်များပြားလာစေဖို့နဲ့ ကြွက်သားတွေ (ထာဝရ)တိုသွား၊ကျုံ့သွားခြင်းကို ကာကွယ်နိုင်ဖို့ ကူညီပေးမှာပါ။ ကျွမ်းကျင်သူပညာရှင်ရဲ့ အကူအညီနဲ့ ဖြစ်စေ၊အထူးစီမံထားတဲ့ စက်ကိရိယာတွေရဲ့ အထောက်အကူပြုမှုနဲ့ဖြစ်စေ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်ပါတယ်။ ကြွက်သားတွေ ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့အတွက် ရေခဲကပ်ခြင်း ဒါမှမဟုတ် လျှပ်စစ်အသုံးပြုလှုံ့ဆော်ခြင်း စတဲ့ နည်းလမ်းတွေကို အသုံးပြုဖို့ အချို့သော အခြေအနေတွေမှာ ကျွမ်းကျင်သူပညာရှင်က သင့်ကို အကြံပြုပါလိမ့်မယ်။

    စက်ကိရိယာများ

    ခြေထောက်အစည်းပါတဲ့ ချိုင်းထောက်တွေဟာ ကြွက်သားတွေ ပုံမှန်အတိုင်း နေရာတကျရှိနေစေဖို့ အကူအညီပေးနိုင်ပါတယ်။ လက်စည်းများ စည်းပေးထားခြင်း၊ခြေလက်အထိန်းများ ဝတ်ဆင်ပေးထားခြင်းဟာလည်း ကြွက်သားတွေကို ဆန့်တန်းဖြေလျှော့စေတဲ့အတွက် ကြွက်သားတွေ ကျုံ့သွားမှာကို ကာကွယ်ပေးနိုင်ပါတယ်။

    ဆေးဝါးများ

    ကြွက်သားတောင့်တင်းမှုကို ကုသရာမှာ ဆေးဝါးတွေဟာလည်း တထောင့်တနေရာက ပါဝင်အကျိုးပြုနေပါတယ်။ အောက်ဖော်ပြပါ ကြွက်သားပျော့ပြောင်းဆေးတွေကို သင့်ဆရာဝန်က အသုံးပြုနိုင်ပါတယ်။

  • Baclofen (Lioresal) ဟာ ဗဟိုအာရုံကြောအဖွဲ့အစည်းကို အာနိသင်သက်ရောက်ပါတယ်။ ဒီဆေးအမျိုးအစားဟာ ကြွက်သားတောင့်တင်းမှုတွေ၊တဆတ်ဆတ်တုန်ခါမှုတွေကို လျှော့ချပေးနိုင်ပြီး နာကျင်မှုကို သက်သာစေသလို လှုပ်ရှားနိုင်တဲ့ အတိုင်းအတာကိုလည်း ပိုလာစေမှာ ဖြစ်ပါတယ်။Baclofen ရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ကြွက်သားများ တခုနဲ့တခု လိုက်လျောညီထွေစွာ လှုပ်ရှားနိုင်စွမ်းပျက်စီးခြင်း၊ကယောင်ကတမ်းများ မြင်ယောင်ခြင်း၊ကြွက်သားအားနည်းခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ကြွက်သားတောင့်တင်းခြင်းကို ကုသဖို့အတွက် Baclofen ကို အများဆုံး အသုံးပြုလေ့ရှိကြပါတယ်။
  • Tizanidine hydrochloride (Zanaflex) ဟာ အာရုံကြောများမှ ထုတ်လွှတ်သော အချက်ပြမှုတွေအပေါ် အာနိသင်သက်ရောက်ပါတယ်။ ဒီဆေးအမျိုးအစားဟာလည်း ကြွက်သားတောင့်တင်းမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် tizanidine ရဲ့ အာနိသင်က ကြာရှည်မခံပါဘူး။ ဘေးထွက်ဆိုးကျိုးတွေကတော့ အိပ်ငိုက်ခြင်း၊အာခြောက်ခြင်း နဲ့ သွေးပေါင်ကျခြင်းတို့ပဲ ဖြစ်ပါတယ်။
  • Dantrolene sodium (Dantrium) ဟာ ကြွက်သားတွေ ညှစ်အောင် ခိုင်းစေတဲ့ အချက်ပြမှုတွေကို ပိတ်ဆို့ပေးခြင်းအားဖြင့် အာနိသင်ပြပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ အားနည်းခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း၊စိတ်ကျဝေဒနာခံစားရခြင်း၊ဝမ်းလျှောခြင်း စတာတွေပဲဖြစ်ပါတယ်။
  • အခြားသော ဆေးတွေကတော့ diazepam (Valium) သို့မဟုတ် clonazepam (ဥပမာ Klonopin)တို့ပဲ ဖြစ်ကြပါတယ်။
  • ဆရာဝန်တွေဟာ များသောအားဖြင့် ဆေးဝါးတွေကို ပေါင်းစပ်အသုံးပြုလေ့ရှိကြပါတယ်။

    အာရုံကြောတွေကို ပိတ်ဆို့ပေးတဲ့ အာနိသင်ရှိ ထိုးဆေးတွေဟာလည်း ကြွက်သားတောင့်တင်းမှုကို သက်သာစေပါတယ်။ ယေဘုယျအားဖြင့် ထိုးဆေးဟာသောက်ဆေးထက် အာနိသင်ပိုများသလို ပိုပြီးတော့လည်း အန္တရာယ်ကင်းပါတယ်။ ကြွက်သားတောင့်တင်းမှုကို ကုသဖို့ အဓိကအသုံးပြုလေ့ရှိတဲ့ ထိုးဆေးတွေကတော့ botulinum toxin (Botox) နဲ့ phenol တို့ပဲ ဖြစ်ကြပါတယ်။

  • Botulinum toxin (Botox) ဟာ ကြွက်သားတောင့်တင်းမှုကို ဖြစ်စေတဲ့ အထူးဓါတ်ပစ္စည်းတမျိုးကို ပိတ်ဆို့ပေးခြင်းအားဖြင့် အာနိသင်ပြပါတယ်။ ဒါကြောင့် Botox ဟာ ကြွက်သားတောင့်တင်းမှုကို သက်သာစေပါတယ်။ သင့်အနေနဲ့ တကြိမ်ထက်ပိုထိုးဖို့ လိုအပ်ပါတယ်။ ပြီးတော့ ဒီထိုးဆေးရဲ့ အာနိသင်ဟာလည်း တသက်လုံးတည်နေမှာ မဟုတ်ပါဘူး။Botox ရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ အားနည်းခြင်း၊အစာရေစာ မြိုချရခက်ခြင်း၊ဆေးထိုးတဲ့ နေရာမှာ နာကျင်ခြင်း စတာတွေပဲ ဖြစ်ကြပါတယ်။
  • Phenol ရဲ့ အာနိသင်ကတော့ Botox ထက် ကြာကြာ ပိုခံပါတယ်။Phenol ရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ နာကျင်ခြင်း၊ပူစပ်ပူလောင်ဖြစ်ခြင်း၊တဆစ်ဆစ်ဖြစ်ခြင်း၊ရောင်ရမ်းခြင်း စတာတွေပဲ ဖြစ်ပါတယ်။
  • ခွဲစိတ်ကုသခြင်း

    တကယ်လို့ သင်ခံစားနေရတဲ့ ကြွက်သားတောင့်တင်းခြင်းဟာ အတော်လေးပြင်းထန်လာပြီဆိုရင်တော့ ခွဲစိတ်ကုသမှု ခံယူသင့်ပါတယ်။ တကယ်လို့ သင့်လက်ကြွက်သားတွေတောင့်တင်းနေတယ်ဆိုရင် ဖိညှပ်ခံထားရတဲ့ လက်မောင်းရှေ့၊နောက် အရွတ်ကြောတွေ လွတ်မြောက်သွားအောင် သင့်ဆရာဝန်က ဆွဲထုတ်ပေးမှာဖြစ်ပြီး လမ်းလျှောက်ရခက်နေတဲ့ လူနာတွေမှာ ပေါင်နောက်ကြွက်သားတွေကို ဆွဲဆန့်ပေးမှာဖြစ်ပါတယ်။ ဒါမှမဟုတ် ခြေမ ကွေးနိုင်ဖို့ လုပ်ဆောင်ပေးတဲ့ ကြွက်သားတွေ လွတ်မြောက်အောင် ဆွဲထုတ်ပေးပါလိမ့်မယ်။

    အိမ်နေရင်း မိမိဖာသာ ကုသခြင်း

    သင့်ကိုယ်သင် ဂရုစိုက်ပါ။ သင်ခံစားနေရတဲ့ ကြွက်သားတောင့်တင်းမှုဝေဒနာ ပိုဆိုးရွားမလာအောင် အောက်ဖော်ပြပါ အရာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။

    • တင်းကျပ်ပြီး သက်တောင့်သက်သာ မရှိတဲ့ အဝတ်အစားတွေကို မဝတ်ပါနဲ့။
    • စိတ်ဖိစီးမှုတွေကို လျှော့ချပါ။
    • အိပ်၊ထိုင်၊ရပ်၊သွားလာတဲ့အခါ သင့်အတွက် သက်တောင့်သက်သာအရှိဆုံး အနေအထားကို ရွေးချယ်ပါ။
    • ပင်ပန်းနွမ်းနယ်မှုတွေကို ရှောင်ကျဉ်နိုင်ဖို့ရာ အိပ်ရေးဝဝအိပ်ပါ။
    • မပူလွန်း၊မအေးလွန်းဘဲ သင့်အတွက် သက်တောင့်သက်သာရှိတဲ့ အပူချိန်မှာ ရွေးချယ်နေထိုင်ပါ။

    ကြွက်သားတောင့်တင်းခြင်းပြဿနာဟာ လေဖြတ်ပြီးသူတွေမှာ ဖြစ်လေ့ရှိတဲ့ အခြေအနေတခု ဖြစ်ပါတယ်။ ဒီလို ကြွက်သားတောင့်တင်းခြင်းဟာ သင့်လှုပ်ရှားသွားလာနေထိုင်မှုကို အနှောင့်အယှက်ပေးနိုင်ပေမယ့် ပြန်လည်ထူထောင်သန်စွမ်းရေး အစီအစဉ်တွေ၊သောက်ဆေးထိုးဆေးတွေနဲ့ ခွဲစိတ်ကုသခြင်းတွေဟာ သင့်ကို ကူညီပေးမှာဖြစ်ပြီး ပိုမိုလွတ်လွတ်လပ်လပ် လှုပ်ရှားလုပ်ကိုင်နိုင်အောင် စွမ်းဆောင်ပေးမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 14/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement