backup og meta

မွေးကင်းစကလေး လေဖြတ်ခြင်း


Dr. Thant Zin မှ ရေးသားသည်။ · 18/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးကင်းစကလေး လေဖြတ်ခြင်း

    လူအများစုက လေဖြတ်ခြင်းဟာ သက်ကြီးပိုင်းတွေ ဖြစ်တာလိုပပဲ ထင်ကြပါတယ်။ ဒါပေမယ့် မွေးကင်းစတွေမှာလည်း သက်ကြီးပိုင်းတွေလိုပဲ လေဖြတ်နိုင်ပါတယ်။ မွေးပြီးစ ၂၈ ရက်အတွင်းမှာ လေဖြတ်ခြင်းဟာ တွေ့ရများတတ်ပြီး မိဘတွေ သတိမထားမိဘဲရှိတတ်ပါတယ်။

    ကလေးတွေ၊ သက်ကြီးရွယ်အိုတွေမှာ လေဖြတ်ခြင်းဟာ သတိမပြုမိဘဲ နေတတ်ပြီး ကုသခြင်း မပြုမိကြပါဘူး။

    လေဖြတ်ခြင်းဆိုတာ ဦးနှောက်ကိုသွားတဲ့ သွေးစီးဆင်းမှု ရပ်တန့်သွားခြင်း၊ လျော့နည်းသွားခြင်းကြောင့် ဦးနှောက်ကို ထိခိုက်စေတဲ့ အခြေအနေဖြစ်ပါတယ်။ လေဖြတ်ခြင်း ၂မျိုးရှိပါတယ်။ သွေးကြောပိတ်ပြီး လေဖြတ်ခြင်းနဲ့ သွေးကြောပေါက်ပြီး လေဖြတ်ခြင်းတို့ ဖြစ်ပါတယ်။

    သွေးကြောပိတ်၍ လေဖြတ်ခြင်းဟာ ဦးနှောက်သွေးကြော အတွင်းမှာ သွေးခဲပိတ်ဆို့သွားလို့ သွေးစီးဆင်းမှုလျော့နည်းသွားလို့ လေဖြတ်ခြင်း ဖြစ်ပါတယ်။ ကလေးတွေ အထူးသဖြင့် မွေးကင်းစအရွယ်တွေမှာဖြစ်တတ်တဲ့ သွေးကြောပိတ်လေဖြတ်ခြင်း ၂မျိုး ရှိပါတယ်။

    သွေးပြန်ကြောထဲမှာ သွေးခဲပိတ်လို့ လေဖြတ်ခြင်းနဲ့ သွေးလွှတ်ကြောထဲမှာ သွေးခဲပိတ်လို့ လေဖြတ်ခြင်း ဖြစ်ပါတယ်။

    သွေးကြောပေါက်၍ လေဖြတ်ခြင်းကတော့ ဦးနှောက်သွေးကြောဟာ ပေါက်ပြဲသွားပြီး ဦးနှောက်ထဲ သွေးယိုသွားရင် ဖြစ်တတ်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုတိန်းတွေဟာ အချင်းမှတဆင့် မိခင်ဆီကနေ ကလေးဆီကို ရောက်ရှိနိုင်ပြီး သွေးယိုနိုင်ခြေကို ကျဆင်းစေပါတယ်။ ဒါပေမယ့် သူတို့က သွေးခဲစေပြီး လေဖြတ်နိုင်ခြေရှိနေပါတယ်။ တစ်ခါတရံမှာ အချင်းထဲမှာ သွေးခဲဖြစ်ပေါ်ပြီး ကလေးဆီကို ရောက်သွားနိုင်ပါတယ်။

    ကလေးရဲ့ဦးနှောက်ထဲကို သွေးခဲရောက်သွားရင် လေဖြတ်နိုင်ပါတယ်။

    မီးဖွားခြင်းဟာ မွေးကင်းစကလေးငယ်တွေ လေဖြတ်ခြင်း ဖြစ်ပွားတတ်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ မွေးဖွားစဉ်မှာ ခေါင်းထိခိုက်ရင် သွေးကြောတွေကိုပါ ဒဏ်ဖြစ်စေပြီး သွေးခဲဖြစ်ပေါ်ခြင်း၊ လေဖြတ်ခြင်းတွေ ကြုံနိုင်ပါတယ်။

    ဒါ့အပြင် မွေးကင်းစကလေးတွေဟာ လူကြီးတွေထက် သွေးနီဥများတာကြောင့် သွေးပိုပျစ်တတ်ပြီး သွေးခဲနိုင်ခြေ ပိုများပါတယ်။ မွေးပြီးခါစ ရက်ပိုင်းတွေမှာ ရေဓာတ်ဆုံးရှုံးရင် သွေးခဲခြင်း ဖြစ်တတ်ပါတယ်။ မွေးကင်းစကလေးတွေ လေဖြတ်တဲ့အခါ လက္ခဏာ မပြတတ်တာကြောင့် ဒီပြဿနာကို သတိမပြုမိဘဲ ကြီးလာသည်အထိ ကုသခြင်း မရှိဘဲ ဖြစ်တတ်ပါတယ်။

    အရွယ်ရောက်ပြီးသူတွေမှာ လေဖြတ်ရင် တွေ့ရတတ်တဲ့ စကားပြောခက်ခဲခြင်း၊ ထုံခြင်း၊ ဟန်ချက်မညီခြင်း စတာတွေဟာ မွေးကင်းစကလေးတွေမှာ တွေ့ရဖို့ မဖြစ်နိုင်ပါဘူး။

    ကလေးအများစုရဲ့ လက္ခဏာဟာ တက်ခြင်းဖြစ်ပါတယ်။ မွေးကင်းစအရွယ်ပိုင်းတွေမှာ အသိသာဆုံးလက္ခဏာပဲ ဖြစ်ပါတယ်။ တစ်ခါတရံမှာ တက်ခြင်းဟာ ခန့်မှန်းရ ခက်တတ်ပါတယ်။ အောက်ပါအချက်တွေ တွေ့နိုင်ပါတယ်။

  • နို့စို့ခြင်း၊ ဝါးခြင်း၊ မျက်လုံးလှုပ်ရှားမှု အပါအဝင် မျက်နှာအမူအရာ ထပ်တလဲလဲဖြစ်နေတတ်ခြင်း
  • အသက်ရှူတန့်သွားပြီး နှလုံးခုန်စည်းချက်နှင့်အပြိုင် မျက်နှာ၊ လျှာ၊ လက်၊ ခြေထောက် စသည်တို့ လိုက်ပါလှုပ်ရှားနေတတ်ခြင်း
  • ကြွက်သားများတောင့်တင်းပြီး လက်၊ ခြေထောက် သို့မဟုတ် တကိုယ်လုံး အကြောလိုက်သကဲ့သို့ လှုပ်ရှားမှုများ ဖြစ်ပေါ်လာတတ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
  • အရွယ်ရောက်ပြီးသူတွေ လေဖြတ်ရင် ကိုယ်ခန္ဓာတစ်ဖက်ဖက်မှာ အားနည်းသွားတာ ဖြစ်တတ်ပါတယ်။ မွေးကင်းစကလေးတွေမှာတော့ ဦးနှောက်ဖွံ့ဖြိုးမှု မရှိသေးတာကြောင့် ဒီလက္ခဏာတွေ မပေါ်နိုင်သေးပါဘူး။

    ယေဘုယျအားဖြင့် လေဖြတ်တဲ့ မွေးကင်းစကလေးတွေရဲ့ ၁၅%ရဲ့ ကိုယ်ခန္ဓာတစ်ဖက်ဖက်က လှုပ်ရှားမှု နည်းတတ်ပါတယ်။ ကလေးကြီးလာတာနဲ့အမျှ ဒီလက္ခဏာကို သတိပြုရတာ ပိုမိုလွယ်ကူလာပါတယ်။

    လက်ရွေးခြင်းဟာ မွေးကင်းစကာလအလွန် ၆ပတ်ကနေ ၆လအတွင်း အရွယ်တွေမှာ ပြတတ်တဲ့ လေဖြတ်ခြင်းရဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ ဒီကလေးတွေဟာ ဘယ် သို့ ညာလက်ကို ပိုမိုအားပြုလုပ်ကိုင်တတ်ကြပါတယ်။ တချို့မိဘတွေဟာ သူတို့ကလေးတွေ သူတို့အရွယ်ထက် ပိုပြီးဖွံ့ဖြိုးတတ်တယ်လို့ ထင်တတ်ကြပေမယ့် တကယ်တမ်းတော့ လေဖြတ်ထားတဲ့ လက္ခဏာပါပဲ။ ကျန်းမာတဲ့ကလေးတွေမှာ ဘယ်ညာလက်ရွေးခြင်းဟာ ပုံမှန်အားဖြင့် ၁၂လအောက်ပိုင်းမှာ မပေါ်တတ်ပါဘူး။

    မွေးကင်းစကလေးတွေကို လေဖြတ်စေတဲ့ တခြားအကြောင်းအရာတွေ ရှိပါသေးတယ်။ နှလုံးမှာ အပေါက်ပါလာတာလိုမျိုး မွေးရာပါချို့ယွင်းချက်ဟာ သွေးခဲတွေနှလုံးကိုဖြတ်သန်းပြီး ဦးနှောက်ကို ရောက်သွားစေဖို့ ပိုမိုလွယ်ကူစေပါတယ်။

    သွေးခဲတတ်တဲ့ ပြဿနာ မိသားစုရာဇဝင်မှာရှိရင် မွေးကင်းစ ကလေးတွေမှာလည်း လေဖြတ်နိုင်ခြေ ပိုများပါတယ်။ ပိုးဝင်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်း စတဲ့ ရောဂါမျိုးတွေကြောင့်လည်း သွေးခဲခြင်းဖြစ်စေပါတယ်။ တခြားဖြစ်ပွားနိုင်ခြေတွေကတော့ ဖော်ပြခဲ့ပြီးသလို ရေဓာတ်ခမ်းခြောက်ခြင်း၊ မီးဖွားခြင်း စတာတွေ ဖြစ်ပါတယ်။

    မွေးကင်းစကာလမှာ လေဖြတ်တာဖြစ်ရင် သတိထားမိဖို့ဟာ မိဘတွေအတွက် အရေးကြီးပါတယ်။ သင့်ကလေး တစ်ခုခုဖြစ်နေတယ်ထင်ရင် ဆရာဝန်ပြပါ။ သိပ်ပြီး လွန်ကဲနေတယ်လို့ ထင်မှာ မစိုးရိမ်ပါနဲ့။ ဘေးကင်းခြင်းဟာ ဝမ်းနည်းရခြင်းထက်စာရင် ပိုကောင်းပါတယ်။

    သင့်ဆရာဝန်ဟာ ကလေးဟာ လေဖြတ်တာဖြစ်နိုင်ပြီဆိုရင် ကလေးအထူးကုဆရာဝန်ဆီမှာ လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ဖို့ညွှန်ပါလိမ့်မယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 18/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement