backup og meta

လေဖြတ် တဲ့အခါ အဓိက ကုသမှုတွေက ဘာတွေလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေဖြတ် တဲ့အခါ အဓိက ကုသမှုတွေက ဘာတွေလဲ

    ရှေ့မှာရေးခဲ့တဲ့ “လေဖြတ် တယ်ဆိုတာ”  ဆောင်းပါးကို ဖတ်ဖူးထားရင် အခုဆောင်းပါးကို ဖတ်တဲ့ အခါ ပိုပြီး သဘောပေါက်လွယ်ပါလိမ့်မယ်။

    CVA ( cardiovascular accident ) ဦးနှောက်သွေးကြောပြတ်ခြင်း ခေါ် လေဖြတ်ခြင်းကို ကုသဖို့ရာမှာ ဦးနှောက်သွေးကြောပိတ်တာလား၊ ပေါက်တာလား ဆိုတာ သိဖို့လိုပါတယ်။ ဒီအကြောင်းရင်းခံ နှစ်မျိုး ကုသနည်း မတူကြလို့ပါ။

    လူတစ်ယောက် လေဖြတ်ပြီဆိုတာနဲ့ ၁နာရီအတွင်း ဦးနှောက်ကို ကွန်ပျူတာဓာတ်မှန်ရိုက်ပြီး သွေးကြောပိတ်တာလား ပေါက်တာလား ခွဲဖို့လိုပါတယ်။ ဒါ့ကြောင့်မို့လို့ လေဖြတ်ရင် တခြား ဘာမှလုပ်မနေဘဲ ဆေးရုံကြီးကိုသာ အချိန်မီအောင် အမြန်ပြေးဖို့ တိုက်တွန်းကြတာပါ။ ဒါဆို ကွန်ပျူတာဓာတ်မှန် မရှိတဲ့နေရာတွေမှာ ဘယ်လိုခွဲလဲ ဆိုပြီးမေးစရာဖြစ်လာပါတယ်။ အဲ့ဒီလိုမရှိတဲ့ နေရာမှာဆိုရင်တော့ ဖြစ်လာတဲ့ ရောဂါလက္ခဏာ ရဲ့ အဆိုးဘက်ကိုရွေ့တဲ့ အချိန် အနှေးအမြန်ကို ကြည့်ပြီးဖြစ်ဖြစ်၊ လူနာရဲ့ အခြေအနေကို ကြည့်ပြီးဖြစ်ဖြစ် ဆရာဝန်ရဲ့ အတွေ့အကြုံနဲ့ပေါင်းစပ်ပြီး ခန့်မှန်းရပါတယ်။ ကွန်ပျူတာဓာတ်မှန်လိုတော့ ရာနှုန်းပြည့်မသိနိုင်ပါဘူး။ ဒါကြောင့် ဦးနှောက်သွေးကြောပြတ်ရင် ပိတ်ပြီးပြတ်တာလား၊ ပေါက်ပြီးပြတ်တာလားဆိုတာ မျက်မြင်နဲ့ ခွဲခြားရတာ အင်မတန်ခက်ပါတယ်။ ခြေလက်မလှုပ်နိုင် စကားပြော ဗလုံးဗထွေးဖြစ်ပြီး နာရီပိုင်းလောက်နဲ့ ပြန်ကောင်းသွားတာမျိုးလည်းရှိနိုင်ပါသေးတယ်။ လေဖြန်းတဲ့ သူတွေပေါ့။ သူတို့က သာမန် လူထက် လေဖြတ်နိုင်ချေ အများကြီးပိုများပါတယ်။ ၇ ရက်အတွင်း လေပြန်ဖြတ်နိုင်တာမို့ ကာကွယ်ကုသမှု လိုပါတယ်။ သွေးတွင်းအဆီကျဆေး၊ သွေးပေါင်ထိန်းဆေး နဲ့ သွေးကျဲဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ အဆက်မပြတ် မှီဝဲ နေဖို့ လိုပါတယ်။

    ဦးနှောက်သွေးကြောပိတ်တဲ့ အကြောင်းကိုပြန်သွားကြည့်ရအောင်။ ပိတ်ပြီးပြီးချင်း ၄နာရီခွဲ အတွင်း ဆေးရုံကြီးကိုရောက်လာခဲ့တယ်ဆိုရင် သွေးခဲဖျော်ဆေး ထိုးပေးလို့ရနိုင်တယ်။  လေဖြတ်ပြီးပြီးချင်း မိနစ် ၉၀ အတွင်းထိုးရင်တော့ အကောင်းဆုံးရလဒ်ကို ပေးတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် သည်ဆေးဟာလည်း လူတိုင်းကို ထိုးပေးလို့မရဘူး။ ဆေးနဲ့ ကိုယ့်ရောဂါ အခံနဲ့ တည့်မတည့်ဆိုတာကို အဆင့်ဆင့်စစ်ဆေးဖို့ လိုပါသေးတယ်။

    ဆေးက ကောင်းသလို စျေးလည်း အင်မတန်ကြီး ဘေးထွက်ဆိုးကျိုး လည်းအင်မတန်များပါတယ်။ ဆေးပေးလိုက်မှ သွေးခဲပျော်ရုံမက သွေးကျဲသွားပြီး အစာအိမ်သွေးယိုခြင်း၊ ဦးနှောက်သွေးယိုခြင်း စတာတွေဖြစ်လာနိုင်တယ်။ ဒါကြောင့် သွေးခဲပျော်ဆေးထိုးထားတဲ့လူနာကိုဆိုရင် ဦးနှောက်ဓာတ်မှန်ပြန်ရိုက်ကြည့်ဖို့လိုသလို အနီးကပ် စောင့်ကြည့်နေပေးဖို့လည်းလိုအပ်တယ်။ လေဖြတ်တာချင်းတူတူကို သူ့ကျ ဆေးထိုးပေးတယ်၊ ငါ့ကျ မထိုးပေးဘူး ဆိုတဲ့ အငြင်းပွါးမှုတွေ တွေ့တွေ့နေရတတ်တာမို့  နည်းနည်းရှင်းပြပါ့မယ်။ ဒီဆေးက ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်တဲ့လူနာမှသာထိုးလို့ရပါတယ်။ ဒါတောင် ပိတ်တဲ့သွေးကြောက ကြီးလို့ ဦးနှောက်ပုပ်တဲ့ ဧရိယာကြီးရင် ပေးလို့မရပြန်ပါဘူး။ ပေးလိုက်မိရင် ပုပ်တဲ့နေရာက သွေးယိုပြီး ပိုဆိုးတတ်လို့ပါ။ သွေးကျဲဆေးထိုးပေးလို့မရတဲ့ တခြားအကြောင်းရင်းခံတွေကို လက်လှမ်းမီသလောက် ပြောပြရရင်

    သွေးရောဂါတစ်ခုခုရှိနေတာမျိုး၊ မကြာခင်ကမှ ခွဲစိတ်ကုသမှု ခံယူထားတာ (သို့) ဒဏ်ရာရထားတာမျိုး၊ အရင်က ဦးနှောက်သွေးယိုဖူးတာမျိုး (သို့) ၂၁ ရက်အတွင်း အစာအိမ်သွေးယိုဖူးတာမျိုး၊ အစာရေမြိုမှာ (သို့) ခန္ဓာကိုယ်တွင်း သွေးကြောထုံးရှိနေတာမျိုး၊ အသည်းမကောင်းတာ (သို့) အသည်းကြောင့်ဖြစ်တဲ့ သွေးတိုးရှိတာမျိုး၊ ဆီးချိုက သတ်မှတ်ပမာဏထက်ကျော်လွန်ပြီး တအားတက်နေတာမျိုး၊ လေဖြတ်တဲ့ လက္ခဏာ မထင်ရှားတာ သို့ အချိန်တိုအတွင်းတအားပိုဆိုးလာတာမျိုး စတဲ့ အချက်တွေပါပဲ။

    သွေးကျဲဆေးက သောက်ဆေးအဖြစ်လည်း လာပါတယ်။ သူ့ကိုလည်း ဖြစ်ဖြစ်ချင်းကုသမှု အနေနဲ့ရော၊ နောက်ပိုင်း ရောဂါ ပိုဆိုးမလာအောင် ထိန်းပေးဖို့အတွက်ပါ သုံးသလို လေမဖြတ်သေးတဲ့ လူတွေမှာဆိုရင် လေဖြတ်နိုင်ချေကို လျှော့ချပေးဖို့ အတွက်ရော သုံးကြပါတယ်။ ဆေးဝါးနဲ့ မဟုတ်ဘဲ ခွဲစိတ်ကုသ ပညာရပ် အပိုင်းကနေ ပိတ်နေတဲ့ သွေးကြောကို ပိုက် (stent) ထည့်ပြီးချဲ့တာမျိုး ၊ သွေးခဲဖယ်တာမျိုးကိုလည်း အတိုင်းအတာတစ်ခုထိ လုပ်ပေးလို့ရပါတယ်။ ဒီနေရာမှာလည်း စောစောက ထိုးဆေးလိုပါပဲ…..ဖြစ်တဲ့နေရာ နဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး  လုပ်ပေးလို့ရနိုင်တဲ့သူ၊ မရနိုင်တဲ့သူ ဆိုတာမျိုးရှိပါတယ်။ လုပ်လို့ရခဲ့ရင်တောင် ကုန်ကျစရိတ်ကြီးမားတဲ့အပြင် ရောဂါအခံ၊ လုပ်ပေးမယ့်သူရဲ့ ကျွမ်းကျင်မှုနဲ့ အခြားသော အခြေအနေတေွပေါ် မူတည်ပြီးလည်း ရလဒ်ကွာပါတယ်။

    သွေးကြောပေါက်တာဆိုရင်တော့ အဓိက ကုသမှုက ဦးခေါင်း ခွဲစိတ်မှုလုပ်ပြီး သွေးခဲကိုဖယ်ထုတ်/စုပ်ထုတ်တာနဲ့ ပေါက်နေတဲ့သွေးကြောကိုချည်တာပါပဲ။ အကယ်၍ လူနာအခြေအနေကြောင့်ဖြစ်ဖြစ်၊ ပစ္စည်းကိရိယာ မရှိလို့ဖြစ်ဖြစ် ခွဲစိတ်မှု လုပ်မရဘူးဆိုရင်တော့ ပိုဆိုးမလာအောင် အရံကုသမှုများသာလုပ်ပေးလို့ရမှာပါ။ ဦးနှောက်သွေးကြောပေါက်ခြင်းက အသက်အန္တရာယ် အများကြီးပိုရှိနိုင်တဲ့အတွက် ပြန်ကောင်းလာနိုင်တဲ့ ရာခိုင်နှုန်းလည်း နည်းပါတယ်။

    အကယ်၍ အဓိကကုသမှု လုပ်ပေးလိုက်လို့ အသက်အန္တရာယ်က လွတ်ပြီဆိုရင် ဘာတွေဆက်လုပ်ပေးဖို့ ဆရာဝန်တွေညွှန်ကြားလေ့ရှိသလဲ၊ လေဖြတ်နိုင်ချေ လျော့နည်းအောင် ဘာတွေ လိုက်နာရမလဲ ဆိုတာနဲ့ အခု ခေတ်စားနေတဲ့ လေမဖြတ်ကာကွယ်ဆေးဆိုပြီးထိုးပေးနေတဲ့ဆေးတွေက ဘာဆေးတွေလဲ။ တကယ်ကာကွယ်ချင်ရင် ဘာတွေလုပ်ရမလဲ ဆိုတဲ့ အကြောင်းအရာတွေကို နောက်ဆောင်းပါးမှာ ပြောပြပေးသွားပါမယ်နော်။

    ဘေးအန္တရာယ်ကို သဘောပေါက်လွယ်ကြပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။

    ရေးသားသူ – ဒေါက်တာနှင်းနုအေး

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement