backup og meta

ဆရာဝန်က လေဖြတ်ရောဂါကို ဘယ်လိုစစ်ဆေးတွေ့ရှိသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 14/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆရာဝန်က လေဖြတ်ရောဂါကို ဘယ်လိုစစ်ဆေးတွေ့ရှိသလဲ

    လေဖြတ်ရောဂါဟာ အရေးပေါ်ကုသရမယ့် အခြေအနေတခု ဖြစ်ပါတယ်။ ဆေးရုံရောက်တဲ့အခါ ဆရာဝန်တွေအနေနဲ့ သင့်ရောဂါကို ဖော်ထုတ်အဖြေရှာဖို့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်ပြီး နောက်ဆက်တွဲပြဿနာတွေ၊မသန်မစွမ်းဖြစ်မှုတွေကို အတတ်နိုင်ဆုံး လျှော့ချဖို့အတွက် သူတို့ဘာတွေလုပ်နိုင်မလဲဆိုတာကို သုံးသပ်ပါလိမ့်မယ်။ လေဖြတ်ဝေဒနာခံစားနေရတယ်လို့ ယူဆရတဲ့ လူနာတဦးကို ဘယ်လိုစစ်ဆေးစမ်းသပ်မှုတွေပြုလုပ်မလဲဆိုတာ ကြည့်ကြရအောင်။

    ရောဂါရာဇဝင်မေးမြန်းခြင်း၊စမ်းသပ်ခြင်း

    ရောဂါလက္ခဏာတွေ ဘယ်အချိန်က စပေါ်လာတာလဲ၊အိမ်မှာရော ဘာတွေလုပ်လာသေးလဲဆိုတာ သင့်ကိုပဲဖြစ်ဖြစ် (သင် သတိလစ်မသွားသေးဘူးဆိုရင်ပေါ့)၊သင့်မိသားစုဝင်တွေကိုပဲဖြစ်ဖြစ် ဆရာဝန်က မေးပါလိမ့်မယ်။ လေဖြတ်စေနိုင်တဲ့ အကြောင်းခြင်းရာတွေ (ဥပမာ သွေးတိုးရှိခြင်း၊နှလုံးရောဂါရှိခြင်း၊ဆေးလိပ်သောက်ခြင်း၊သင်နဲ့ သင့်မိသားစုဝင်တွေမှာ နှလုံးရောဂါ ရာဇဝင်ရှိခြင်း ဒါမှမဟုတ် လေဖြတ်ဖူးခြင်း စသည်) ရှိမရှိကို သိနိုင်ဖို့ သင့်ရောဂါရာဇဝင်ကို မေးမြန်းပါလိမ့်မယ်။ ဒီနောက်မှာတော့ ဆရာဝန်ဟာ သင့်သွေးပေါင်ချိန်၊သတိကပ်မှု အတိုင်းအတာ၊ခန္ဓါကိုယ်ဟန်ချက်ထိန်းနိုင်မှု၊ခန္ဓါကိုယ်အစိတ်အပိုင်းများ တခုနဲ့ တခု ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ခြင်းရှိမရှိ စတဲ့အချက်တွေကို စမ်းသပ်စစ်ဆေးပါလိမ့်ဦးမယ်။ လည်ပင်းသွေးလွှတ်ကြော (carotid artery)မှာ ဘာရောဂါတွေရှိနေမလဲသိနိုင်ဖို့အတွက် အဆိုပါသွေးကြောကို ဆရာဝန်က နားကြပ်နဲ့ နားထောင်ပါလိမ့်မယ်။

    သွေးစစ်ခြင်း

    သင့်သွေးခဲဖို့လိုအပ်တဲ့ အချိန်ပမာဏ၊သွေးမွှားဥအရေအတွက်၊သွေးတွင်းသကြားဓါတ်ပမာဏ (များလွန်း၊နည်းလွန်းခြင်း)၊သွေးတွင်းရှိ အရေးကြီး ဓါတ်ပစ္စည်းတွေရဲ့ ပမာဏ မညီမမျှဖြစ်ခြင်း၊ကမောက်ကမဖြစ်ခြင်း သို့မဟုတ် ကူးစက်ပိုးဝင်ခြင်း စတဲ့အချက်တွေကို သွေးစစ်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။ သွေးတွင်းသကြားဓါတ်နည်းပါးခြင်းဟာ လေဖြတ်ခြင်းနဲ့ ဆင်တူတဲ့ လက္ခဏာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သွေးမွှားဥအရေအတွက် ပုံမမှန်ခြင်းဟာ ဦးနှောက်တွင်းသွေးယိုစီးခြင်း သို့မဟုတ် မူမမှန်သွေးခဲခြင်းရဲ့ လက္ခဏာတခုဖြစ်နိုင်ပါတယ်။

    CT ရိုက်ခြင်း

    ဦးနှောက်ကို အသေးစိတ်ပုံရိပ်ဖော်ပေးနိုင်တဲ့ CT scan ရိုက်ကူးမှုဟာ နာကျင်မှုမရှိတဲ့ စစ်ဆေးမှုတခုဖြစ်ပြီး ဓါတ်ရောင်ခြည်တွေကို အသုံးပြုပါတယ်။CT scan ရိုက်ကူးစစ်ဆေးခြင်းအားဖြင့် ကင်ဆာအကြိတ်ရှိနေရင် သိနိုင်သလို ဦးနှောက်တွင်း သွေးယိုစီးခြင်း၊ဦးနှောက်ဆဲလ်များကို ထိခိုက်ခြင်းအပါအဝင် သင်လက်ရှိခံစားနေရတဲ့ ရောဂါလက္ခဏာတွေကို ဖြစ်ပေါ်စေနိုင်တဲ့ အခြားသော အကြောင်းရင်းတွေကို ရှာဖွေဖော်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ လေဖြတ်ဝေဒနာခံစားရပြီလို့ သံသယရှိရှိချင်းမှာပဲ CT scan ရိုက်ကူးစစ်ဆေးမှုကို ပြုလုပ်နိုင်ပါတယ်။

    အသံလှိုင်းသုံး ပုံရိပ်ဖော်စစ်ဆေးခြင်း (Magnetic resonance imaging)

    ဒီစစ်ဆေးမှုဟာ သံလိုက်နဲ့ ရေဒီယိုလှိုင်းတို့ကို အသုံးပြုပြီး ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေကို အသေးစိတ်ကြည့်ရှုနိုင်တဲ့ နည်းလမ်းတမျိုးပဲ ဖြစ်ပါတယ်။ဦးနှောက်တစ်ရှူးပြောင်းလဲမှုတွေကိုသာမက လေဖြတ်ခြင်းဟုတ်မဟုတ်ကိုပါ စစ်ဆေးပေးနိုင်တဲ့ နည်းလမ်းလေးတခုပါ။ ဒီစစ်ဆေးမှု(MRI)ကနေ ရရှိတဲ့ ပုံရိပ်တွေဟာ CT scan ဓါတ်မှန်ကရရှိတဲ့ ပုံရိပ်တွေထက် ပိုမိုအသေးစိတ်ကျပြီး ပြတ်သားပါတယ်။

    သွေးကြောဓါတ်မှန်ရိုက်ခြင်း

    ဒီစစ်ဆေးမှုမှာတော့ အထူးစီမံထားတဲ့ ဓါတုဆေးရည်တမျိုးကို သင့်သွေးလွှတ်ကြောထဲ ထိုးသွင်းလိုက်မှာဖြစ်ပြီး သွေးကြောတွေရဲ့ ပုံရိပ်တွေကို ဓါတ်ရောင်ခြည်အသုံးပြု ရိုက်ကူးရယူကာ မူမမှန်တဲ့အချက်တွေကို သင့်ဆရာဝန်က ရှာဖွေမှာပဲ ဖြစ်ပါတယ်။

    သံလိုက်နဲ့ အသံလှိုင်းကို အသုံးပြုပြီး သွေးကြောများအား စစ်ဆေးခြင်း

    ဒီစစ်ဆေးမှုဟာ ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောအကြီးစားတွေမှာ ဘာပြဿနာရှိနေလဲဆိုတာကို ဖော်ပြပေးပါလိမ့်မယ်။ဦးနှောက်တွင်း သွေးခဲဖြစ်ပေါ်ခြင်း ရှိမရှိ၊သွေးစီးဆင်းမှုကောင်းမကောင်း စတဲ့အချက်တွေကို သိရှိနိုင်ပါမယ်။

    လည်ပင်းသွေးလွှတ်ကြောအား အာထရာဆောင်းရိုက်ခြင်း

    လည်ပင်းသွေးလွှတ်ကြောကို အာထရာဆောင်းရိုက်ခြင်းဟာ အသံလှိုင်း အသုံးပြုပြီး လည်ပင်းသွေးလွှတ်ကြောတွေရဲ့ အတွင်းဖက်ပုံရိပ်ကို ဖန်တီးရယူတာပဲဖြစ်ပါတယ်။ ဒီစစ်ဆေးမှုနည်းလမ်းဟာ နာကျင်မှုမရှိပါဘူး။ လည်ပင်းသွေးလွှတ်ကြောတွေဟာ လည်ပင်းတလျှောက်ဖြတ်သန်းသွားပြီး ဦးနှောက်ကို သွေးထောက်ပံ့ပေးပါတယ်။ သွေးကြောထဲမှာ plaques လို့ခေါ်တဲ့ အချပ်အပြားတွေ ဖြစ်ပေါ်နေတာကြောင့် သွေးစီးဆင်းမှုကို ပိတ်ဆို့နေသလားဆိုတဲ့အချက်ကို ဒီစစ်ဆေးမှုက ဖော်ထုတ်ပေးပါလိမ့်မယ်။

    ဦးနှောက်သွေးကြောများအား စစ်ဆေးခြင်း

    ဒီစစ်ဆေးမှုမှာတော့ ဆရာဝန်ဟာ သင့်ရဲ့ လည်ပင်းသွေးလွှတ်ကြောတွေထဲကို ခပ်ပါးပါးပျော့ပျော့ ပြွန်လေးတခုထည့်သွင်းလိုက်မှာဖြစ်ပြီး အဆိုပါပြွန်ကလေးကို catheter လို့ခေါ်ပါတယ်။ ဒီနောက်မှာတော့ ပြွန်ကလေးဟာ လည်ပင်းသွေးလွှတ်ကြောအတိုင်း အပေါ်ကို တက်သွားပါလိမ့်မယ်။ အထူးစီမံထားတဲ့ ဓါတ်တုဆေးရည်တမျိုးကို လည်ပင်းသွေးလွှတ်ကြောထဲ ထိုးထည့်မှာဖြစ်ပြီး ဓါတ်ရောင်ခြည်သုံးရိုက်ကူးပုံဖော်ခြင်းအားဖြင့် လည်ပင်းနဲ့ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောတွေရဲ့ အသေးစိတ်ပုံရိပ်တွေကို မြင်တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။

    အက်ကိုးရိုက်ခြင်း

    အက်ကိုးရိုက်ခြင်းဟာ အသံလှိုင်းတွေကို အသုံးပြုတဲ့ စစ်ဆေးမှုတခုဖြစ်ပြီး နာကျင်မှုမရှိတဲ့အပြင် နှလုံးရဲ့ အသေးစိတ်ပုံရိပ်တွေကိုလည်း ဖန်တီးပေးနိုင်စွမ်းရှိပါတယ်။ ဒီစစ်ဆေးမှုကနေ နှလုံးရဲ့ အရွယ်အစား၊ပုံရိပ်တို့ကိုသာမက နှလုံးရဲ့ လုပ်ငန်းဆောင်တာများ ပုံမှန်အတိုင်း ဆောင်ရွက်နိုင်ခြင်းရှိမရှိဆိုတဲ့ အချက်ကိုလည်း သိရှိနိုင်ပါလိမ့်မယ်။ဦးနှောက်ထဲထိ ခြေဆန့်ကာ လေဖြတ်ခြင်းကို ဖြစ်ပေါ်စေနိုင်မယ့် သွေးခဲတွေ သင့်နှလုံးထဲမှာရှိနေသလားဆိုတဲ့အချက်ကို ဒီစစ်ဆေးမှုက ဖော်ထုတ်ပေးမှာပါ။

    ဒီစစ်ဆေးမှုမှာ ပါးလျလျပြွန်လေးတခုပါဝင်တဲ့ စက်ကိရိယာလေးကို သင့်လည်ချောင်းထဲ ထည့်လိုက်မှာဖြစ်ပြီး အစာရေမြိုအတိုင်း အောက်ကိုဆင်းစေပါမယ်။ အစာရေမြိုဟာ နှလုံးရဲ့ အနောက်ဖက်တည့်တည့်မှာရှိနေတာကြောင့် အက်ကိုးရိုက်ခြင်းဟာ ကြည်လင်ပြတ်သားတဲ့ နှလုံးပုံရိပ်တွေကို ရရှိစေမှာပါ။

    ခန္ဓါကိုယ်အားစမ်းသပ်စစ်ဆေးမှုများ၊ပုံရိပ်ဖော်စစ်ဆေးမှုများ၊သွေးစစ်ခြင်းများ အစရှိတဲ့ နည်းလမ်းအသွယ်သွယ်ကို အသုံးပြုပြီး လေဖြတ်ခြင်းဟုတ်မဟုတ် စစ်ဆေးနိုင်ပါတယ်။ ဒီလို စစ်ဆေးခြင်းအားဖြင့် သွေးခဲပြီး လေဖြတ်တာလား၊သွေးယိုစီးပြီး လေဖြတ်တာလား၊ဘာလို့သွေးခဲ/သွေးယိုစီးရတာလဲ၊ဦးနှောက်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို ထိခိုက်စေသလဲ အစရှိတဲ့ အချက်တွေကို သိရှိစေနိုင်ပါတယ်။ ရောဂါကို စောစီးစွာ သိရှိဖော်ထုတ်နိုင်ခြင်းဟာ ဦးနှောက်ထိခိုက်မှုကို အတိုင်းအတာတခုထိ လျှော့ချပေးနိုင်တာကြောင့် လေဖြတ်ပြီလို့ သိလျှင်သိချင်း အရေးပေါ်ဆေးဝါးကုသမှုခံယူဖို့ အထူးပင် အရေးကြီးလှပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 14/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement