backup og meta

ကလေးလေဖြတ်ခြင်းနှင့် လူကြီးလေဖြတ်ခြင်း ဘာကွာသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးလေဖြတ်ခြင်းနှင့် လူကြီးလေဖြတ်ခြင်း ဘာကွာသလဲ

    လေဖြတ်လူနာအကြောင်းကို စဉ်းစားတဲ့အခါ သင့်အတွေးထဲရောက်လာမှက သွေးပေါင်တွေမတရားထိုးတက်နေတဲ့ သက်ကြီးရွယ်အိုတယောက်ပဲ ဖြစ်ဖို့များပြီး ကလေးတွေ၊မွေးကင်းစလေးတွေအကြောင်း ယောင်လို့တောင် တွေးမိမယ် မထင်ပါဘူး။ ဒါပေမယ့် ဝမ်းနည်းဖို့ကောင်းတာက အသက်အရွယ်မရွေး ဘယ်သူမဆို လေဖြတ်ဝေဒနာ ခံစားရနိုင်တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။။ ဒါပေမယ့် လူကြီးမှာဖြစ်တဲ့ လေဖြတ်ခြင်းနဲ့ ကလေးမှာဖြစ်တဲ့ လေဖြတ်ခြင်းဟာ မတူညီပါဘူး။ ဒါကြောင့် ဘာတွေကွာခြားသလဲ ကြည့်ကြရအောင်။

    အတွေ့ရအများဆုံးသော လေဖြတ်ဝေဒနာအမျိုးအစားများ

    အရွယ်ရောက်ပြီးသူတွေမှာ လေဖြတ်တဲ့အခါ ရာခိုင်နှုန်းရှစ်ဆယ်လောက်ဟာ သွေးခဲတွေ၊သွေးကြောပိတ်ဆို့မှုတွေကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။ ကျန်တဲ့ နှစ်ဆယ်ရာခိုင်နှုန်းကတော့ ဦးနှောက်တွင်း သွေးယိုစီးမှုကြောင့် ဖြစ်ပွားရပါတယ်။ ကလေးတွေမှာတော့ သွေးခဲခြင်းကြောင့် လေဖြတ်ခြင်းနဲ့ ဦးနှောက်တွင်း သွေးယိုစီးမှုကြောင့် လေဖြတ်ခြင်းဟာ ငါးဆယ်၊ငါးဆယ်စီပဲဖြစ်ပါတယ်။

    ကလေးတွေဟာ အသက်တနှစ်မပြည့်ခင်မှာ လေဖြတ်ဖို့ အလားအလာ အများဆုံး ရှိပါတယ်။ မိခင်ဝမ်းထဲက ကျွတ်နေစဉ်အချိန်မှာလည်း လေဖြတ်ခြင်း ဖြစ်ပေါ်လာနိုင်ပါတယ်။၈၀ – ၉၀ ရာခိုင်နှုန်းသော လူနာတွေဟာ သွေးကြောပိတ်၊သွေးခဲလို့ လေဖြတ်ရတာဖြစ်ပြီး ၁၀ – ၂၀ ရာခိုင်နှုန်းကတော့ ဦးနှောက်တွင်းသွေးယိုစီးခြင်းကြောင့် လေဖြတ်ရပါတယ်။

    ဘာကြောင့်ဖြစ်တာလဲ။ ဘယ်အချက်တွေကြောင့် ဖြစ်နိုင်ချေ ပိုများလာသလဲ။

    ကလေးတွေမှာ လေဖြတ်ခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့ အချက်အလက်တွေဟာ လူကြီးတွေမှာ လေဖြတ်ခြင်းကို ဖြစ်စေနိုင်တဲ့ အချက်အလက်တွေနဲ့ ကွဲပြားပါတယ်။ သွေးတိုး၊ဆီးချို၊ကိုလက်စထရောပမာဏများပြားခြင်း၊နှလုံးနဲ့သွေးကြောပြဿနာများရှိခြင်း (နှလုံးပိုးဝင်ခြင်း၊နှလုံးရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ မမှန်ခြင်း၊နှလုံးကောင်းစွာ အလုပ်မလုပ်ခြင်း၊နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်း စသည်)၊အဝလွန်ခြင်း၊အလှုပ်အရှားနည်းခြင်း စတဲ့အချက်တွေဟာ အရွယ်ရောက်ပြီးသားလူတွေမှာ လေဖြတ်ခြင်းကိုဖြစ်စေနိုင်တဲ့ အချက်အလက်တွေဖြစ်ပြီး နှလုံးရောဂါ၊မွေးရာပါရောဂါများ၊sickle cell disease လို့ခေါ်တဲ့ သွေးအားနည်းရောဂါတမျိုး၊ဦးနှောက်သွေးကြောများမှာ ပြဿနာရှိခြင်း၊သွေးခဲခြင်းဆိုင်ရာ ပြဿနာများရှိခြင်း၊ကူးစက်ပိုးဝင်ခြင်း၊ဦးခေါင်းထိခိုက်မိခြင်း၊ရေဓါတ်ခမ်းခြောက်ခြင်း စတဲ့အချက်တွေဟာ ကလေးတွေမှာ လေဖြတ်ခြင်းကိုဖြစ်စေနိုင်တဲ့ အချက်အလက်တွေဖြစ်ပါတယ်။ မီးဖွားနေစဉ်ကာလမှာ လေဖြတ်ရခြင်းရဲ့ အဓိကအကြောင်းရင်းကို မသိရှိရသေးပေမယ့် မွေးရာပါနှလုံးရောဂါရှိခြင်း၊ရေဓါတ်ခမ်းခြောက်ခြင်း၊ကူးစက်ရောဂါပိုးဝင်ခြင်း၊သွေးခဲခြင်းဆိုင်ရာ ပြဿနာများ ရှိခြင်း၊အချင်းမှာ ပြဿနာရှိခြင်း စတဲ့ အချက်တွေဟာ မီးဖွားစဉ်လေဖြတ်ခြင်းကို ဖြစ်စေနိုင်တဲ့ အချက်တွေဖြစ်ပါတယ်။ လူကြီးလေဖြတ်ခြင်းနဲ့ ကလေး လေဖြတ်ခြင်းရဲ့ နောက်ခံအကြောင်းအရာတွေဟာ အင်မတန်ကွဲပြားကြောင်း အခုလောက်ဆို သင်သိလောက်ပါပြီ။

    ရောဂါလက္ခဏာများ

    ငယ်ရွယ်တဲ့ကလေးတွေမှာ ပြတတ်တဲ့ လေဖြတ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာကတော့ ခြေတဖက် သို့မဟုတ် လက်တဖက်အကြောဆွဲပြီး တက်ခြင်းပဲ ဖြစ်ပါတယ်။ မွေးကင်းစကလေးတွေဟာ စကားမပြောတတ်၊လမ်းမလျှောက်တတ်သေးတဲ့အတွက် (လူကြီးတွေ လေဖြတ်ရင် ဖြစ်သလို) လမ်းမလျှောက်နိုင်တာမျိုး၊စကားပီပီသသ မပြောနိုင်တာမျိုး စတဲ့ လက္ခဏာတွေကို ပြသနိုင်မှာ မဟုတ်ပါဘူး။

    လေဖြတ်ခြင်းကို ကြိုတင်ကာကွယ်ခြင်းနှင့် ကုသခြင်း

    ကလေးမှာ ဖြစ်တဲ့ လေဖြတ်ခြင်းကို ကာကွယ်ဖို့၊ကုသဖို့ ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်တွေဟာလည်း လူကြီးနဲ့ ကွဲပြားခြားနားလှပါတယ်။

    လူကြီးတွေမှာဆိုရင် သွေးခဲတွေကို ဖျော်ပစ်၊ဖျက်စီးပစ်နိုင်တဲ့ ပစ္စည်းတမျိုး (Tissue Plasminogen Activator)ကို အသုံးပြုပြီး သွေးခဲခြင်းကြောင့် လေဖြတ်ခြင်းကို ကုသပေးနိုင်ပါတယ်။ ဒီဆေးဟာ သွေးခဲတွေကို ဖျော်ပစ်နိုင်ပါတယ်။ ဒါပေမယ့် tPA ကို ကလေးသူငယ်တွေ (အထူးသဖြင့် မွေးကင်းစကလေးတွေ)မှာ အသုံးမပြုရပါဘူး။ အဆိုပါ ငယ်ရွယ်တဲ့ ကလေးတွေမှာ tPA ကို စိတ်ချလက်ချအသုံးပြုနိုင်ကြောင်း ထောက်ခံထားတဲ့ သက်သေသာဓကတွေ၊စမ်းသပ်သုတေသန ပြုချက်တွေ ရှိမနေပါဘူး။

    လေဖြတ်ခြင်းရဲ့ ရောဂါလက္ခဏာစပြပြီဆိုကတည်းက အနည်းနဲ့အများ ထိခိုက်နေပြီဖြစ်တဲ့အတွက် ကလေးတွေမှာ လေဖြတ်ခြင်းကို ကာကွယ်ဖို့ ခဲယဉ်းပါတယ်။ စောနိုင်သမျှ စောစောသိရှိခြင်းဟာ နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်မလာအောင် ကာကွယ်ပေးနိုင်သလို လေဖြတ်ဝေဒနာဆီ ဦးတည်နေတဲ့ အချက်အလက်တွေကို ဆင်ခြင်နေထိုင်ခြင်းအားဖြင့် နောက်တခါ လေထပ်ဖြတ်နိုင်ချေကို လျှော့ချပေးနိုင်ပြီး မူလအတိုင်း(နီးပါး) သွားလာလှုပ်ရှားနေထိုင်စားသောက်စေနိုင်ပါမယ်။

    ကလေးတွေမှာဖြစ်တဲ့ လေဖြတ်ဝေဒနာဟာ လူကြီးတွေမှာ တွေ့မြင်ရတဲ့ လေဖြတ်ဝေဒနာနဲ့ ကွဲပြားပါတယ်။ ဒီလို မတူညီတဲ့ အချက်တွေကို သိရှိထားခြင်းအားဖြင့် မိဘတွေအနေနဲ့ ကိုယ့်ရင်သွေးလေး လေမဖြတ်အောင် ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးနိုင်သလို ရောဂါရှာဖွေဖော်ထုတ်ရာ၊ကုသရာနဲ့ နာလန်ထချိန်ပြန်လည်လေ့ကျင့်လှုပ်ရှားရာမှာလည်း သိသိသာသာကြီး ပိုမိုထူးခြားကောင်းမွန်စေနိုင်ပါတယ်။ သင့်ရဲ့ လူမမည်ရင်သွေးလေးဟာလည်း အခြားလူတွေလိုပဲ လေဖြတ်နိုင်တယ်ဆိုတာ စိတ်ထဲအမြဲတမ်း နှလုံးသွင်းထားပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement