backup og meta

Simple partial seizure အမျိုးအစား အတက်ရောဂါများအကြောင်းသင်သိထားသင့်သော အရာများ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Simple partial seizure အမျိုးအစား အတက်ရောဂါများအကြောင်းသင်သိထားသင့်သော အရာများ။

    ဝက်ရူးပြန်ရောဂါဟာ မကြာခဏ တက်ခြင်းနှင့် ပတ်သက်ဆက်နွယ်နေတဲ့ ရောဂါအမျိုးအစားအုပ်စုတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့ တင်ပြချက်များအရ ကမ္ဘာပေါ်မှာ အတက်ရောဂါခံစားနေရတဲ့ လူနာပေါင်းဟာ အကြမ်းဖျင်းအားဖြင့် ၅၀မီလီယံရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဝက်ရူးပြန်ရောဂါနှင့် အတက်ရောဂါမှာ အမျိုးအစားများစွာရှိပါတယ်။ သူတို့ထဲကအုပ်စု တစ်ခုကတော့ simple partial seizure အမျိုးအစား အတက်ရောဂါအုပ်စု ဖြစ်ပါတယ်။ ခံစားရတဲ့ ရောဂါလက္ခဏာတွေရဲ့ သဘာဝတွေပေါ် မူတည်ပြီး အမျိုးအစား၄မျိုး ထပ်မံခွဲခြား နိုင်ပါတယ်။

    simple partial seizure ရောဂါဆိုတာ ဘာလဲ

    Simple partial seizure ဟုခေါ်သောအတက်ရောဂါ အမျိုးအစားကို လူနာရဲ့တွေ့ကြုံခံစားရတဲ့ ရောဂါလက္ခဏာ အမျိုးအစားပေါ် မူတည်ပြီး အမျိုးအစားများ ခွဲခြားနိုင်ပါတယ်။

    ကြွက်သားပိုင်းဆိုင်ရာလှုပ်ရှားမှုများနှင့် ဆိုင်သော တက်ခြင်း

    ဒီအတက် ရောဂါအမျိုးအစားမှာ ကြွက်သားများ ဆတ်ခနဲ ကျုံ့ခြင်း၊ ဆန့်ခြင်းနှင့် ကြွက်သားများ တောင့်တင်းခြင်းကဲ့သို့ ပြောင်းလဲမှုတွေ ဖြစ်လာပြီဆိုရင် ဒီအတက်ရောဂါခံစားနေရပြီလို့ ဆိုနိုင်ပါတယ်။ ဒီလိုပုံမှန်မဟုတ်တဲ့ ကြွက်သားတွေရဲ့ လှုပ်ရှားမှုဟာ ခန္ဓါကိုယ်ရဲ့ တစ်ဖက်တည်းမှာပဲ ရှိနေနိုင်သလို အခြားတစ်ဖက်ကို ကူးစက်သွားတာလည်း ရှိတတ်ပါတယ်။ အခြား ဥပမာအနေနဲ့ ပြောရရင်တော့ ဒီလိုကြွက်သားများ အားနည်းတဲ့အခါ စကားပြောရာမှာ အခက်တွေ့ခြင်း၊ ရယ်မောခြင်း သို့မဟုတ် အလိုအလျောက် လက်လှုပ်ရှားမှုများ စတဲ့အချိတ်အဆက်မိမိ ပြုလုပ်ရသော ကိစ္စတွေမှာလည်း ထိခိုက်နိုင်ပါတယ်။

    အထိအတွေ့ခံစားမှုနှင့်ဆိုင်သော တက်ခြင်း

    အာရုံ၅မျိုးဖြစ်တဲ့ အမြင်၊ အကြား၊ အနံ့၊ အရသာနှင့် အတွေ့စတာတွေမှာ ပုံမှန်မဟုတ်ပဲ ပြောင်းလဲလာပြီး သူတို့ထဲမှ တစ်ခုပြောင်းလဲချို့ယွင်းလာမယ်ဆိုရင် ဒီအတက်ရောဂါ အမျိုးအစားလို့ ခေါ်ပါတယ်။ တစ်ချို့ အတက်ရောဂါတွေမှာဆိုရင် လူနာအချို့ဟာ နာကျင်မှုကို ခံစားရတဲ့အထိကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုလူနာတွေဟာ သူတို့ကိုယ် သူတို့လွင့်မျောနေတယ် သို့မဟုတ်လည်း အာကာသထဲမှာ လွင့်မျောနေတယ်လို့ ခံစားရနေနိုင်ပါတယ်။ တကယ်မရှိတဲ့ ပစ္စည်းတွေရဲ့ အနံ့တွေ၊ အရသာတွေကိုလည်း သူတို့ခံစား ရနိုင်ပါတယ်။ ကလစ်နှိပ်သံ၊ ဖုန်းမြည်သံ သို့မဟုတ် တစ်ခြားလူတစ်ယောက်ရဲ့ အသံ၊ စသော တကယ်မရှိတဲ့ အသံတွေကိုလည်း သူတို့ဟာ ကြားနေနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ပင်အပ် သို့မဟုတ် အပ်ချွန်နဲ့ ထိုးသကဲ့သို့ ခံစားရခြင်း၊ ထုံကျင်ခြင်း စတာတွေကိုလည်း ခံစားရနေနိုင်ပါတယ်။ ဒါ့အပြင်လည်း တကယ်မရှိသော အလင်းရောင်အချို့ သို့မဟုတ် လူတစ်ချို့ပါသော မြင်ကွင်းများ စတာတွေကိုလည်း အမြင်မှားပြီး မြင်နေနိုင်ပါတယ်။ သူတို့ဟာ ယုံမှားခြင်းကိုလည်း ခံစားရနိုင်ပါတယ်။ အမှန်တကယ် ခံစားရသည်များကို ထင်ယောင်ထင်မှား ဖြစ်ခြင်း။ ဥပမာအားဖြင့် ရပ်ထားသော ကားဟာ အဝေးကိုရွေ့သွားတယ်လို့ ယုံမှားခြင်း ဖြစ်ပါတယ်။

    ဦးနှောက်နှင့် အာရုံကြောတွင် အလိုအလျောက်စနစ် ဆိုင်ရာ ပြဿနာကြောင့် တက်ခြင်း

    အာရုံကြောစနစ်ရဲ့ အစိတ်အပိုင်းအချို့ ပြောင်းလဲခြင်းကြောင့်သာ ခံစားရတာ ဖြစ်ပါတယ်။ ဒီအာရုံကြော စနစ်မှာ နှလုံး၊ အစာအိမ်၊ ဆီးအိတ်၊ အူ စတဲ့ ကလီစာတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်တဲ့ အာရုံကြောအစုလိုက်ဟာ ပြောင်းလဲလာတဲ့အခါမှာ ဒီလိုအတက်ရောဂါ ခံစားရပါတယ်။ ဒါကြောင့် အလိုအလျောက် အာရုံကြောစနစ် ပျက်စီးတဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ နှလုံးခုန် မမှန်ခြင်း၊ အစာအိမ် အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ ဆီးအိမ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ခြင်း စတာတွေ ဖြစ်ပေါ်လာပါတယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့ နားထင်နားမှာရှိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း ပြဿနာဖြစ်တာကြောင့် ဝက်ရူးပြန်ရောဂါ ရှိတဲ့ လူနာအချို့မှာဆိုရင် အစာအိမ်မှာ ထူးဆန်းတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်တယ်ဆိုပြီး ခံစားရလေ့ရှိပါတယ်။

    စိတ်ကျန်းမာရေးအခြေအနေ ပြောင်းလဲမှု ဆိုင်ရာကြောင့် တက်ခြင်း

    ဒီလိုအတက်ရောဂါမှာဆိုရင် လူတွေရဲ့ တွေးခေါ်ပုံ၊ ခံစားပုံ သို့မဟုတ် အချို့ အကြောင်းအရာတွေကို ဘယ်လိုလက်ခံထားတယ် ဆိုတာတွေ ပြောင်းလဲလာခြင်းဖြစ်ပါတယ်။ ဒီလိုအမျိုးအစားလူနာတွေမှာဆိုရင် မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်ခြင်း၊ စကား ပလုံးပထွေး ပြောခြင်း၊ မှန်ကန်သောစကားလုံးကို ရှာဖွေနိုင်စွမ်းမရှိခြင်း သို့မဟုတ် ပြောထား ရေးထားသော ဘာသာစကားကို နားလည်နိုင်ရန် ခက်ခဲခြင်း စတာတွေဖြစ်ပါတယ်။ သူတို့ဟာ ထူးထူးခြားခြား အကြောင်းအရာ မရှိပဲနှင့် ကြောက်ခြင်း၊ စိတ်ဓါတ်ကျခြင်း သို့မဟုတ် ပျော်ရွှင်ခြင်း စတဲ့စိတ်ခံစားမှုတွေဟာ ရုတ်တရက် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အချို့လူနာတွေမှာ သူတို့ရဲ့ အပြင်လောကမှ အရာတွေနဲ့ ပတ်သက်ပြီး ခံစားချက် ပြောင်းလဲတာကို တွေ့ရနိုင်ပါတယ်။ တစ်ခါမှ မရောက်ဖူးသောနေရာကို အရင်က လာဖူးတယ်လို့ ခံစားချက်ဖြစ်ခြင်း သို့မဟုတ် အမှန်တကယ်ရင်းနှီးနေသော နေရာအနေအထား၊ ရောက်ဖူးသောနေရာဖြစ်သော်လည်း မရောက်ဖူးဘူးဟု စိတ်ထဲတွင် ထင်မှတ်ခြင်း စတဲ့ပြောင်းလဲမှုတွေကို တွေ့ရမှာဖြစ်ပါတယ်။

    ဘယ်သူတွေက simple partial seizures ရောဂါခံစားရဖို့ ဖြစ်နိုင်ခြေများသလဲ

    ဘယ်သူမဆို ဒီရောဂါ ဖြစ်နိုင်ပါတယ်။ သို့သော် ဦးခေါင်းထိခိုက်ဒဏ်ရာ ရထားသူ၊ ဦးနှောက်ပိုးဝင်ထားဖူးသူ၊ လေဖြတ်ဖူးသူ သို့မဟုတ် ဦးနှောက် အကျိတ်ရောင်ရောဂါ ဖြစ်ဖူးသူတွေဟာ ပိုပြီးဖြစ် နိုင်ခြေများပါတယ်။ ဒါပေမယ့်လည်း ဖြစ်ရတဲ့ အကြောင်းအရင်းကိုတော့ မသိသေးပါဘူး။

    simple partial seizureရောဂါအမျိုးအစား တက်နေတဲ့အခါ ဘာတွေဖြစ်လာသလဲ

    ခြုံကြည့်မယ်ဆိုရင် ဒီအမျိုးအစား အတက်ရောဂါဟာ ၂ မိနစ်အောက်သာ ကြာလေ့ရှိပါတယ်။ လူနာဟာ တက်နေတဲ့ အချိန်မှာ လုံးဝ နိုးနိုးကြားကြားရှိပြီး တက်ကြွနေပါလိမ့်မယ်။ ဒါ့အပြင် တက်နေတဲ့ တစ်လျှောက်လုံးမှာလည်း သူဟာနိုးကြားနေပါတယ်။ အခြားရောဂါများဖြစ်တဲ့ အစာအိမ်ရောဂါ ရှိသူများ၊ အာရုံကြောထိခိုက်နာကျင်နေသူများမှာ လည်းလက္ခဏာဆင်တူပဲ ခံစားရလေ့ရှိပါတယ်။ ယုံမှားခြင်း၊ စိတ်ချောက်ခြားခြင်း၊ စိတ်ကစဉ့်ကလျား ဖြစ်ခြင်းဆိုတာ ဟာလည်း စိတ်ရောဂါ အခြေအနေတစ်ခု ရဲ့နောက်ဆက်တွဲကြောင့် ဖြစ်နိုင်ပြီး သို့မဟုတ်လည်း ဆေးတစ်ချို့ သောက်လိုက်မိခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အရင်ကတစ်ခါမှ မသွားဘူးတဲ့ နေရာကို ရောက်ဖူးသလို၊ မသိတဲ့လူတွေကို သိနေသလို ခံစားရတဲ့ လက္ခဏာ အချို့ဟာလည်း လူတိုင်းနီးပါးမှာ တစ်ခါတလေ ခံစားရလေ့ရှိပါတယ်။ ဒီလိုအတက်ရောဂါ အမျိုးအစားဖြစ်လာတဲ့အခါ ရောဂါလက္ခဏာတွေဟာ သင်ဘယ်လောက် ကြာကြာဖြစ်နေသလဲ ပေါ်မှာမူတည်ပါတယ်။ ဒါ့အပြင် အချိန်အခါအလိုက် ပြောင်းလဲမှု ရှိသလား သို့မဟုတ် တခြားသော အတက်ရောဂါအမျိုးအစားများနှင့် ဆက်စပ်မှုရှိသလားဆိုတာကိုလည်း ကြည့်ရမှာဖြစ်ပါတယ်။

    simple partial seizure ရောဂါကြောင့် တက်ပြီးတဲ့အခါ ဘာတွေ ဖြစ်လာသလဲ။

    လူနာဟာတက်ပြီးတဲ့အခါ မတက်ခင်က သူတို့လုပ်ထားတဲ့ ဘယ်အရာကိုမဆို သူတို့ဟာဆက်ပြီးလုပ်လေ့ မရှိပါဘူး။ တကယ်လို့ ဒီအမျိုးအစား အတက်ရောဂါဟာ အန္တရာယ်ဖြစ်တော့မယ် အရိပ်အရောင် တစ်ခုခုဖြစ်လာပြီဆိုရင်တော့ ပိုပြီးပြင်းထန်တဲ့ တက်ခြင်းနှင့် သတိလစ်ခြင်း စတာတွေပါလိုက်လာနိုင်ပါတယ်။ ဒီလိုအတက်ရောဂါ အမျိုးအစားအတွက် အရေးပေါ် ကုသဖို့ မလိုအပ်ပါဘူး။

    simple partial seizures ရောဂါဟာ ဘယ်နှစ်ကြိမ်လောက် တက်လေ့ရှိသလဲ

    လူနာအချို့ဟာ တစ်ကြိမ်တစ်ခါသာလျှင် တက် တတ်သော်လည်း အချို့ကတော့ဆက်တိုက်ပဲ အတက်ရောဂါ ဖြစ်နိုင်ပါတယ်။

    simple partial seizure အတက်ရောဂါရှိနေတဲ့သူကို သင်ဘယ်လို ပြောပြနိုင်သလဲ

    လူနာဟာ အပြည့်အဝ တက်ကြွပြီး လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်တဲ့အတွက် သူဟာ Simple partial seizure အတက်ရောဂါရတဲ့ အချိန်မှာ ဘယ်သူကမှသူ့ကို မပြောပြမချင်း သူကိုယ်တိုင်လည်းသိမှာ မဟုတ်ပါဘူး။

    simple partial seizure အတက်ရောဂါ ဟုတ်မဟုတ်ကို ဘယ်လို အဖြေရှာ အတည်ပြုသလဲ

    ပြည့်စုံလုံလောက်တဲ့ ရောဂါ ရာဇာဝင် ယူခြင်းနှင့် ကိုယ်ခန္ဓါကို စမ်းသပ်ခြင်းအားဖြင့် အခြားဖြစ်နိုင်ခြေရှိတဲ့ ရောဂါတွေကို စစ်ဆေးဖယ်ရှားပြီး ဝက်ရူးပြန်ရောဂါ ဖြစ်နိုင်ခြေ ရှိတဲ့အရာတွေကို စမ်းသပ်စစ်ဆေးပါလိမ့်မယ်။ EEG ရိုက်ခြင်းဟာလည်း အကူအညီပေးနိုင်ပေမယ့် ဒီလိုတက်နေတဲ့ အချိန် အတွင်းမှာ မူမမှန်တာတွေကို ပြမှာမဟုတ်ပါဘူး။

    simple partial seizure အတက်ရောဂါကို ဘယ်လိုကုသလဲ

    Simple partial seizure အမျိုးအစားအတက် ရောဂါကို ကာကွယ်ရန် ဆေးဝါးအများကြီး ရှိပါတယ်။ ဒီအတက်ရောဂါအမျိုးအစားဟာ များသောအားဖြင့် သင့်တော်တဲ့ဆေးဝါးနဲ့ တွေ့တဲ့အခါ သက်သာလေ့ရှိပါတယ်။

    စိတ်ရောဂါပိုင်းဆိုင်ရာ ပြောင်းလဲမှုကြောင့် အတက်ရောဂါ အမျိုးအစားဖြစ်တဲ့ Simple partial seizure ထဲကအမျိုးအစားဟာ မမြင်ဖူး မတွေ့ဖူးသူကို မြင်ဖူးတွေ့ဖူးသူဟု ခံစားရခြင်း၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ ကြောက်ခြင်း/ ပျော်ခြင်း သို့မဟုတ် အခြားသော ရှုပ်ထွေးတဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖြစ်စဉ်များကို ကြုံတွေ့ရလေ့ရှိပါတယ်။ Simple partial seizure အမျိုးအစား ၄ မျိုးရှိပါတယ်။ ကြွက်သားများ၏ လှုပ်ရှားမှုပိုင်းဆိုင်ရာပြောင်းလဲ မှုကြောင့်ဖြစ်ပေါ်သော အတက်ရောဂါ၊ အထိအတွေ့ ခံစားမှုပိုင်းဆိုင်ရာ ပြောင်းလဲမှုကြောင့် ဖြစ်သော အတက်ရောဂါ၊ အာရုံကြောစနစ်ရဲ့ အလိုအလျောက် အာရုံကြောစနစ် ပြောင်းလဲမှု ကြောင့် ဖြစ်ပေါ်သော အတက်ရောဂါ၊ စိတ်ပိုင်းဆိုင်ရာအခြေအနေ ပြောင်းလဲမှုကြောင့် ဖြစ်သော အတက်ရောဂါစတာတွေ ဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement