backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Peripheral Neuropathy (အာရုံကြောအားနည်းခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. May Myat Hnin Aung မှ ရေးသားသည်။ · 20/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Peripheral Neuropathy (အာရုံကြောအားနည်းခြင်း)

အာရုံကြောအားနည်းခြင်း ကို Peripheral Neuropathy လို့ခေါ် ပြီး ဦးနှောက်နဲ့ အာရုံကြောမကြီးဆီက သတင်းအချက်အလက်များကို ခန္ဓာကိုယ်အခြားနေရာများသို့ သယ်ဆောင်ပေးတဲ့ အာရုံကြောများ ပျက်စီးခြင်းဖြစ်ပါတယ်။ အာရုံကြောများဟာ ဦးနှောက်နဲ့ အာရုံကြောမကြီးကို ကြွက်သား၊ အရေပြားနဲ့ ကလီစာတွေဆီ အနုစိတ်ကွန်ယက်နဲ့ ချိတ်ဆက်ထားပါတယ်။

အာရုံကြောမကြီးဆီက ထွက်လာတဲ့အာရုံကြောတွေဟာ dermatome လို့ ခေါ်တဲ့ လိုင်းတွေအတိုင်း စီစဉ်တကျရှိနေပါတယ်။ ပုံမှန်အားဖြင့် အာရုံကြောတစ်ခုပျက်စီးရင် ခန္ဓာကိုယ်အစိတ်အပိုင်း အချို့ဆီသွားတဲ့ dermatome တစ်ခုထက်ပိုပြီး ထိခိုက်နိုင်ပါတယ်။ ဒီအာရုံကြောတွေပျက်စီးမှုကြောင့် ဦးနှောက်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများ အဆက်အသွယ်ပြတ်တောက်စေပြီး ကြွက်သားများလှုပ်ရှားမှု၊ ခြေလက်များရဲ့ပုံမှန်အာရုံခံနိုင်မှုကို ပျက်စီးစေပြီး နာကျင်မှုတွေ၊ ထုံတာတွေကို ဖြစ်စေပါတယ်။

လက္ခဏာများ

အာရုံကြောအားနည်းခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ

ခန္ဓာကိုယ်ရဲ့ အာရုံကြောတိုင်းမှာ သီးသန့်အလုပ်တွေရှိတဲ့အတွက် ရောဂါလက္ခဏာတွေဟာ ထိခိုက်တဲ့အာရုံကြောအပေါ် မူတည်ပါတယ်။ အာရုံကြောအမျိုးအစားများမှာ

  • အရေပြားမှ အပူ၊ နာကျင်မှု၊ တုန်ခါမှု၊ ထိတွေ့မှုတို့ကို သိရှိစေသော အာရုံခံ အာရုံကြောများ
  • ကြွက်သားများ လှုပ်ရှားမှုကို ထိန်းချုပ်သော လှုပ်ရှားမှု အာရုံကြောများ
  • သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ အစာခြေခြင်း၊ ဆီးသွားခြင်းတို့ကို လုပ်ဆောင်ပေးတဲ့ အလိုလျောက်ထိန်းချုပ်အာရုံကြောများ တို့ဖြစ်ပါတယ်။

အာရုံကြောအားနည်းခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့

  • ခြေဖဝါး၊ လက်ဖဝါးများ ထုံကျဉ်ခြင်းမှစပြီး တဖြည်းဖြည်းခြေလက်များ ထုံကျဉ်လာခြင်း
  • စူးစူးရှရှ နာကျင်ခြင်း၊ ပူခြင်း အေးခြင်းတို့ကို ခံစားရခြင်း
  • အထိမခံနိုင်ခြင်း
  • ဟန်ချက်မထိန်းနိုင်ဘဲ ချော်လဲခြင်း
  • လှုပ်ရှားမှုအာရုံကြောများကို ထိခိုက်မိရင် ကြွက်သားများအားနည်းခြင်း၊ မလှုပ်နိုင်ခြင်း တို့ဖြစ်တတ်ပါတယ်။

အလိုလျောက်ထိန်းချုပ်အာရုံကြောများ အားနည်းခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့

အာရုံကြောအားနည်းခြင်းဟာ အာရုံကြောတစ်ချောင်းထဲမှာ ဖြစ်နိုင်သလို မတူတဲ့နေရာများက နှစ်ချောင်းထက်ပိုတဲ့ အာရုံကြောများနဲ့ အာရုံကြောအများအပြားမှာ ဖြစ်နိုင်ပါတယ်။ အာရုံကြောတစ်ချောင်းထဲအားနည်းတဲ့ ဥပမာကတော့ လက်ကျဉ်ခြင်းဖြစ်ပါတယ်။ အာရုံကြောအားနည်းသူ အများစုမှာ အာရုံကြောအများအပြားအားနည်းတာ တွေ့ရပါတယ်။

အကြောင်းရင်းများ

အာရုံကြောအားနည်းခြင်း ကို ဘာတွေက ဖြစ်စေသလဲ

အာရုံကြောအားနည်းခြင်း ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ ဥပမာ

  • အဆိပ်အတောက်၊ ထိခိုက်ဒဏ်ရာ၊ ဖျားနာခြင်း၊ ရောဂါပိုးဝင်ခြင်းစသဖြင့် ပတ်ဝန်းကျင်အကြောင်းများ
  • ဆီးချို
  • ရှားပါးသော မျိုးရိုးလိုက်သည့် ရောဂါအချို့
  • အရက်သောက်ခြင်း
  • အာဟာရမပြည့်ဝခြင်း၊ ဗိုက်တာမင် ချို့တဲ့ခြင်း
  • ကင်ဆာအချို့နဲ့ ကင်ဆာကုသဆေးအချို့
  • ခုခံအားစနစ်ဖောက်ပြန်ခြင်း၊ ထိခိုက်ဒဏ်ရာကို အလွန်အကျွံတုန့်ပြန်ခြင်းကြောင့် အာရုံကြောထိမိခြင်း
  • အချို့ဆေးဝါးများ
  • ကျောက်ကပ်ရောဂါ၊ သိုင်းရွိုက်ရောဂါ
  • Lyme disease၊ AIDS၊ ဆင်ရေယုန်တို့ကဲ့သို့ ရောဂါပိုးဝင်ခြင်း

မိဘမှ သားသမီးသို့ မျိုးရိုးလိုက်တတ်သော အာရုံကြောရောဂါတွေကတော့ သိပ်အဖြစ်မများပါ။ အတွေ့ရဆုံးရောဂါတစ်ခုမှာ Charcot-Marie-Tooth disease type 1 ဖြစ်ပါတယ်။ ခြေထောက်မှာ လက်ထက် ပိုအားနည်းတတ်ပြီး ကလေးအရွယ်လတ်လောက်ကနေ အသက်၃၀အတွင်း တွေ့ရတတ်ပါတယ်။ အာရုံကြောကို ဝန်းရံထားပြီး ကြွက်သားလှုပ်ရှားဖို့ လိုအပ်တဲ့ လျှပ်စစ်ဓာတ်စီးစေသော အပူထိန်းအလွှာ ပျက်စီးခြင်းကြောင့် ဒီရောဂါဖြစ်စေပါတယ်။

အကြောင်းအရင်းမသိရတဲ့ အာရုံကြောရောဂါများလည်းရှိပြီး အာရုံကြောရောဂါများရဲ့ သုံးပုံတစ်ပုံဟာ ဒီအမျိုးအစားမှာ ပါဝင်ပါတယ်။

ဖြစ်နိုင်ခြေများ

အာရုံကြောအားနည်းခြင်း ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

အာရုံကြောအားနည်းခြင်းဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ဆီးချိုရောဂါ
  • အရက်စွဲခြင်း
  • ဗိုက်တာမင်ချို့တဲ့ခြင်း အထူးသဖြင့် ဗိုက်တာမင် ဘီဝမ်း
  • Lyme disease၊ HIV၊ Epstein-Barr virus၊ ဆင်ရေယုန်၊ အသည်းရောင်အသားဝါ စီပိုး တို့ကဲ့သို့ ရောဂါပိုးဝင်ခြင်း
  • သွေးလေးဖက်နာအရေပြားလေးဖက်နာတို့ကဲ့သို့ မိမိကိုယ်ခံအားစနစ်က မိမိတစ်သျှူးကို ပြန်တိုက်သော ရောဂါများ
  • ကျောက်ကပ်၊ အသည်းနဲ့ သိုင်းရွိုက်ရောဂါများ
  • အဆိပ်အတောက်များနဲ့ ထိတွေ့မိခြင်း
  • အချို့ အလုပ်အကိုင်များတွင် ထပ်ကာတလဲလဲ လှုပ်ရှားမှုပြုရခြင်း
  • မိသားစုတွင် အာရုံကြောအားနည်းသည့် ရာဇဝင်ရှိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

အာရုံကြောအားနည်းခြင်းကို ဘယ်လိုအတည်ပြုပါသလဲ

အာရုံကြောအားနည်းစေနိုင်တဲ့ အကြောင်းများစွာရှိပါတယ်။ ဆရာဝန်ရဲ့ စမ်းသပ်မှုအပြင် သွေးစစ်ဖို့လည်းလိုပါတယ်။

  • ရောဂါရာဇဝင် အပြည့်အစုံယူခြင်း။ ဆရာဝန်က သင့်ရောဂါလက္ခဏာ၊ နေထိုင်မှုပုံစံ၊ အဆိပ်အတောက်များနဲ့ ထိတွေ့မှု၊ အရက်သောက်ခြင်းနဲ့ မိသားစုတွင် ဦးနှောက်နှင့် အာရုံကြောရောဂါများရှိမရှိကို မေးမြန်းပါမယ်။
  • အာရုံကြောစနစ်ကို စမ်းသပ်ခြင်း။ ဆရာဝန်က သင့်အကြောများတုန့်ပြန်မှု၊ ကြွက်သားအင်အားနဲ့ တောင့်တင်းမှု၊ အချို့အာရုံခံစားမှုများ၊ ကိုယ်နေဟန်နှင့် ဟန်ချက်ညီခြင်းတို့ကို စမ်းသပ်ပါမယ်။

ဆရာဝန်က အခြားစစ်ဆေးမှုများဖြစ်တဲ့

  • သွေးစစ်ခြင်း။ ဗိုက်တာမင်ချို့တဲ့ခြင်း၊ ဆီးချို၊ ခုခံအားစနစ်မူမမှန်ခြင်းနဲ့ အခြားအာရုံကြောအားနည်းစေသည့် အကြောင်းများကို စစ်ဆေးနိုင်ပါတယ်။
  • ပုံရိပ်ဖော်စစ်ဆေးခြင်း။ CT၊ MRI scan စသည်တို့ဖြင့် ကျောရိုးဆစ်ကျွံခြင်း၊ အကျိတ်နဲ့ အခြားပုံမမှန်ခြင်းများကို သိနိုင်ပါတယ်။
  • အာရုံကြောအလုပ် လုပ်မလုပ်စစ်ဆေးခြင်း။ အာရုံကြောပျက်စီးမှုကို စစ်ဆေးဖို့ ကြွက်သားများရှိ လျှပ်စစ်စီးမှုကို တိုင်းတာနိုင်ပါတယ်။ ထောက်တံတစ်ခုနဲ့ အာရုံကြောနေရာမှာထားကာ လျှပ်စစ်အချက်ပေးမှုများပို့လွှတ်ပြီး အာရုံကြောရဲ့ တုန့်ပြန်မှုကို မှတ်တမ်းတင်ပါတယ်။
  • အခြားသော အာရုံကြောလုပ်ဆောင်ချက် စစ်ဆေးမှုများ။ အလိုလျောက်ထိန်းချုပ်အာရုံကြောများ အလုပ်လုပ်ပုံကို ချွေးထွက်ခြင်း၊ ထိတွေ့မှု၊ တုန်ခါမှု၊ အပူအအေးကိုသိခြင်းတို့ဖြင့် စစ်ဆေးပါတယ်။
  • အာရုံကြော နမူနာယူခြင်း။ အာရုံကြောအပိုင်းကလေးတစ်ခုကိုယူပြီး မူမမှန်မှုများကို ရှာဖွေနိုင်ပါတယ်။
  • အရေပြားအသားစယူခြင်း။ အသားစအနည်းငယ်ကိုယူပြီး အာရုံကြောအပိုင်းများ လျော့နည်းနေသလား စစ်ဆေးကြည့်နိုင်ပါတယ်။

Peripheral Neuropathy (အာရုံကြောအားနည်းခြင်း) ကို ဘယ်လိုကုသပါသလဲ

အာရုံကြောရောဂါဖြစ်စေနိုင်တဲ့ အခြေအနေများကို ရှာဖွေပြီး ကုသပေးတာ ဖြစ်ပါတယ်။ အပြီးပျောက်အောင်  ကုသလို့ မရတဲ့ ရောဂါမျိုးဆိုရင်တော့ ဝေဒနာသက်သာစေဖို့ ရည်ရွယ်ပါတယ်။ စစ်ဆေးမှုများကနေ အကြောင်းရင်းကို မတွေ့ရင် ဆရာဝန်က ရောဂါသက်သာခြင်းရှိမရှိ သတိထားစောင့်ကြည့်ဖို့ အကြံပြုပါမယ်။

ဆေးဝါးကုသခြင်း

အာရုံကြောအားနည်းခြင်းကို ကုသတဲ့ဆေးဝါးများအပြင် ဝေဒနာသက်သာစေတဲ့ ဆေးများကတော့

  • အကိုက်အခဲပျောက်ဆေးများ၊ အလွယ်တကူဝယ်သောက်နိုင်တဲ့ စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများကို ရောဂါလက္ခဏာ မပြင်းထန်ရင် သုံးနိုင်ပါတယ်။ ပြင်းထန်ပါက ဆရာဝန်က Tramadol၊ Oxycodone စတဲ့ မူးယစ်နွယ်ဝင် အကိုက်အခဲပျောက်ဆေးများ ပေးပါမယ်။ ဒီဆေးတွေဟာ ဆေးယဉ်ခြင်း၊ ဆေးစွဲခြင်းတို့ ဖြစ်စေနိုင်တဲ့အတွက် အခြားကုသမှုများနဲ့ မသက်သာမှသာ သုံးလေ့ရှိပါတယ်။
  • အတက်ရောဂါအတွက် ဆေးများ။ Gabapentin, pregabalin ကဲ့သို့ အတက်ရောဂါကုဆေးများဟာ အာရုံကြောကြောင့် နာကျင်မှုကို သက်သာစေပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ငိုက်မြည်းခြင်း၊ မူးဝေခြင်းတို့ ဖြစ်နိုင်ပါတယ်။
  • လိမ်းဆေးများ။ Capsaicin creamတွင် ငရုတ်သီးမှာ ပါဝင်တဲ့ဓာတ်တစ်မျိုး ပါရှိပြီး အာရုံကြောအားနည်းတဲ့ လက္ခဏာများကို အတော်အသင့် သက်သာစေပါတယ်။ ဆေးလိမ်းတဲ့အရေပြားပေါ်မှာ ပူလောင်ခြင်း၊ ခံရခက်ခြင်းတို့ ဖြစ်နိုင်ပေမယ့် အချိန်နဲ့အမျှ သက်သာသွားပါလိမ့်မယ်။ သို့ပေမယ့် လူအများစုကတော့ ဒီဒဏ်ကို မခံနိုင်ကြပါ။ အခြားအနာသက်သာစေတဲ့ နည်းလမ်းကတော့ lidocaine ပလာစတာကပ်ခြင်း ဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ငိုက်မြည်းခြင်း၊ မူးဝေခြင်း၊ ကပ်ထားတဲ့နေရာမှာ ထုံနေခြင်းတို့ ဖြစ်တတ်ပါတယ်။
  • စိတ်ကျရောဂါအတွက်ဆေးများ။ tricyclic အုပ်စုဝင် amitriptyline, doxepin, nortriptyline တို့ကလည်း အနာသက်သာစေပါတယ်။ Serotonin and norepinephrine reuptake inhibitor duloxetine နဲ့ အာနိသင်ကြာရှည်ခံတဲ့ venlafaxine တို့ကိုလည်း သုံးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ အာခေါင်ခြောက်ခြင်း၊ ပျို့ခြင်း၊ ငိုက်မြည်းခြင်း၊ မူးဝေခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ ဖြစ်တတ်ပါတယ်။

ကုထုံးများ

ဆေးဝါးများအပြင် အာရုံကြောအားနည်းတဲ့ လက္ခဏာများကို သက်သာစေတဲ့ ကုထုံးအများအပြား ရှိပါတယ်။

  • အရေပြားမှာ လျှပ်စစ်ဓာတ်နဲ့ လှုံ့ဆော်ခြင်း။ အရေပြားပေါ်မှာ လျှပ်စစ်ဓာတ်လွှတ်ပစ္စည်းကို ထားပြီး အားပျော့တဲ့ လျှပ်စစ်လှိုင်းများကို ကြိမ်နှုန်းအမျိုးမျိုးနဲ့ ထုတ်လွှတ်ပါတယ်။ ဒီကုထုံးကို တစ်ရက်လျှင် မိနစ်၃၀နဲ့ တစ်လခန့် ပြုလုပ်ရပါတယ်။
  • သွေးရည်ကြည်လဲလှယ်ခြင်းနဲ့ ပဋိပစ္စည်းသွင်းခြင်း။ ဒီနည်းလမ်းတွေဟာ ခုခံအားစနစ်ကို ဖိနှိပ်ပေးပြီး အချို့ရောင်ရမ်းခြင်းနဲ့ဆိုင်တဲ့ အခြေအနေများမှာ သုံးနိုင်ပါတယ်။ သွေးရည်ကြည်လဲလှယ်ခြင်းမှာ သင့်သွေးကို ထုတ်ပြီး ပဋိပစ္စည်းနဲ့ အခြားပရိုတင်းများကို ဖယ်ရှားပြီး သွေးကို ခန္ဓာကိုယ်ထဲ ပြန်ထည့်ပါတယ်။ ပဋိပစ္စည်းသွင်းခြင်းမှာတော့ ပဋိပစ္စည်းအဖြစ် လုပ်ဆောင်မယ့် ပရိုတင်းအမြောက်အများကို အကြောထဲသွင်းပြီး ကုသပါတယ်။
  • ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့ကုထုံး။ ကြွက်သားအားနည်းနေလျှင် ဒီနည်းနဲ့ လှုပ်ရှားနိုင်ဖို့ ကူညီပေးပါတယ်။ ခြေ/လက် အထောက်အပံ့များ၊ တုတ်ကောက်၊ လမ်းလျှောက်အကူပစ္စည်း၊ ဝှီးချဲတို့ ပါဝင်ပါတယ်။
  • ခွဲစိတ်ကုသခြင်း။ အကျိတ်က အာရုံကြောပေါ်ဖိမိလို့ ဖြစ်တဲ့အားနည်းခြင်းမျိုးဆိုရင် ဖိအားကို ဖယ်ရှားရန် ခွဲစိတ်ဖို့လိုပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် အာရုံကြောအားနည်းခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

  • အထူးသဖြင့် ဆီးချိုရောဂါရှိရင် ခြေထောက်များကို ဂရုစိုက်ပါ။ အရည်ကြည်ဖု၊ ပြတ်ရှရာ၊ အသားမာရှိမရှိ နေ့စဉ်စစ်ဆေးပါ။ နူးညံ့ပြီးချောင်ချိတဲ့ ချည်သားခြေအိတ်များနဲ့ အခုအခံပါသော ဖိနပ်များကို ဝတ်ဆင်ပါ။
  • လေ့ကျင့်ခန်းလုပ်ခြင်း။ နေ့စဉ် နာရီဝက်ခန့် လမ်းလျှောက်ခြင်းက အာရုံကြောကြောင့် နာကျင်ခြင်းကို သက်သာစေပြီး၊ ကြွက်သားများကို သန်မာစေကာ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းပေးပါတယ်။ ယောဂ၊ ထိုက်ကျိတို့လို သက်သာတဲ့လေ့ကျင့်ခန်းများလည်း ပြုလုပ်နိုင်ပါတယ်။
  • ဆေးလိပ်ဖြတ်ခြင်း။ ဆေးလိပ်သောက်ခြင်းဟာ သွေးလှည့်ပတ်မှုကို ထိ ခိုက်စေပြီး ခြေထောက်နဲ့ အခြားအာရုံကြောဆိုင်ရာ ဆိုးကျိုးများဖြစ်စေနိုင်ပါတယ်။
  • ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပါ။ မရှိမဖြစ်လိုအပ်သော ဗိုက်တာမင်နဲ့ သတ္တုဓာတ်များရရှိဖို့ အာဟာရပြည့်ဝရန် လိုပါတယ်။ သင့်အစားအစာများမှာ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ကောက်နှံများ၊ အဆီနည်းသော အသားများ ပါဝင်ပါစေ။
  • အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ပါ။ အရက်က အာရုံကြောအားနည်းခြင်းကို ပိုဆိုးစေပါတယ်။
  • သင့်သွေးတွင်း သကြားဓာတ်ပမာဏကို စောင့်ကြည့်ပါ။ သင့်မှာ ဆီးချိုရောဂါရှိရင် သွေးတွင်းသကြားဓာတ် ပမာဏကို ထိန်းတာက အာရုံကြောရောဂါ သက်သာစေပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. May Myat Hnin Aung မှ ရေးသားသည်။ · 20/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement